သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ်သူ လားဟူတိုင်းရင်းသားကို ဘတ်ငွေ ၅ သိန်း ဆုငွေထုတ်


ထိုင်းရဲတပ်ဖွဲ့
ထိုင်းရဲတပ်ဖွဲ့

မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံမှာ ထိုင်းရဲတပ်ဖွဲ့ဝင် ၁ ဦးသေဆုံး၊ နောက် ၁ ဦး ဒဏ်ရာရခဲ့တဲ့ ပစ်ခတ်မှုအတွင်း မူးယစ်ဆေးဝါး မှောင်ခိုသမားအဖြစ် သံသယရှိသူကို ဖမ်းဆီးရမိရေး အာဏာပိုင်တွေ ကြိုးပမ်းနေကြပါတယ်။ မြန်မာနိုင်ငံထဲ ထွက်ပြေးသွားတဲ့ လားဟူတိုင်းရင်းသား မသင်္ကာသူနဲ့ ပတ်သက်လို့ သတင်းပေးနိုင်တဲ့သူကို ဆုငွေအဖြစ် ထိုင်းဘတ်ငွေ ၅ သိန်း ပေးမယ်လို့လည်း ရဲတပ်ဖွဲ့က ကြေညာထားတာပါ။ အပြည့်အစုံကိုတော့ ထိုင်းနိုင်ငံအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာသတင်းပေးပို့ထားပါတယ်။

ချင်းမိုင်ခရိုင်၊ ချင်းဒေါင်းမြို့နယ်အတွင်းကမူးယစ်ကုန်သည် လားဟူအမျိုးသား ၁ ဦးဖြစ်တဲ့ အသက် ၃၇နှစ်အရွယ် နိုင်ကျကာဟာ ထိုင်းနိုင်ငံထဲမှာတောင်ပေါ်တိုင်းရင်းသားမှတ်ပုံတင်ကိုင်ဆောင်ထားတာပါ။ သူဟာ မူးယစ်ဆေးဝါးရောင်းဝယ်နေတယ်လို့သတင်းရတဲ့အတွက် ဖမ်းဆီးဖို့ထိုင်းရဲတွေက အရပ်ဝတ်နဲ့ ဝယ်သူပုံစံအယောင်ဆောင်ပြီးသွားခဲ့တာပါ။ နိုင်ကျကာဟာ မူးယစ်ရောင်းဝယ်သူအဖြစ် သေချာပြီလို့သိရှိချိန် ဇူလိုင်လ ၁၁ရက်နေ့က ရဲတွေကဖမ်းဆီးခဲ့ချိန်မှာ အဖမ်းမခံဘဲ ရဲတွေကို သေနတ်နဲ့ ပစ်ခတ်ထွက်ပြေးသွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် နယ်မြေ ရဲတပ်ဖွဲ့က ရဲတပ်ကြပ်ကြီး ၁ ဦး သေဆုံးပြီး ရဲတပ်ကြပ် ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

သူ့ကိုဖမ်းဆီးနိုင်ရေးရဲတပ်ဖွဲ့ကအပူတပြင်းကြိုးစားလုပ်ဆောင်နေပေမယ့် သူက မြန်မာပြည်ဘက်ကို ထွက်ပြေးသွားတဲ့အတွက် ဖမ်းမိရေး သတင်းပေးသူကို ဆုငွေ ဘတ် ၂သိန်းပေးမယ်လို့ ထိုင်းရဲတွေက ထုတ်ပြန်ခဲ့ပါတယ်။ အခုအခါ ရက်ပေါင်း ၂၀ လောက်ကြာတဲ့အထိ ဖမ်းမမိတဲ့အတွက်ဆုငွေကို တိုးမြှင့်သတ်မှတ်လိုက်တာဖြစ်ပါတယ် ။

ထိုင်းမူးယစ်နှိမ်နင်းရေး ဗျူရို ဒုတိယဗိုလ်ချုပ် Pol. Lt. Gen. Samran Nuanma ကတော့ ဇူလိုင် ၃၀ရက်နေ့မှာလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာအခုလိုပြောသွားပါတယ်။

"ထိုင်းမူးယစ် နိမ်နင်းရေး ဗျူရို အနေနဲ့ ထွက်ပြေး လွတ်မြောက်နေတဲ့ တရားခံ တွေနဲ့ပါတ်သက်ပြီး အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့လုပ်ဆောင်နေပါတယ်။ အစိုးရရဲ့ မူဝါဒ အတိုင်း အမှုနဲ့ ပါတ်သက်နေသူတွေ ငွေ ကြေး ခဝါချ ပေးနေသူတွေကိုရော စုံစမ်းစစ်ဆေးဖမ်းဆီးမှာဖြစ်ပါတယ်"

ထိုင်းရဲတွေက သေနတ်နဲ့ပစ်ခတ်သွားသူကို ဖမ်းမိရေး ဆုငွေ ကို ဘတ်ငွေ ၅သိန်းထိတိုးပြီး ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မူးယစ်ကုန်သည် နိုင်ကျကာဟာ သူရဲ့ အိမ်နောက်ဘက် တောထဲကနေ ထွက်ပြေးပြီး ထိုင်းမြန်မာနယ်စပ် ဝိန်းဟိုင်မြို့နယ်ထဲကို ခြေလျှင်လမ်းလျောက်သွားခဲ့ကြောင်း အဲဒီကနေ ထိုင်းနယ်စပ်နဲ့ကီလိုမီတာ ၁၀၀ လောက်ရှိတဲ့နေရာဖြစ်တဲ့ မိုင်းဆတ်ခရိုင်ထဲကို ရောက်သွားတာဖြစ်ကြောင်း ထိုင်းဘက်ကစုံစမ်းသိရှိရတယ်လို့ဆိုပါတယ် ။ သူကိုဖမ်းမိရေးအတွက်မြန်မာအာဏာပိုင်တွေကိုလည်း အကူအညီတောင်းထားတယ်လို့ ခရိုင်ရဲတပ်ဖွဲ့ကပြောဆိုထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG