သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာငွေလဲနှုန်းကြောင့် မြန်မာကျောင်းသားတွေ ကျောင်းစရိတ်အခက်ခဲဖြစ်


ထိုင်းဘတ်ငွေများ။
ထိုင်းဘတ်ငွေများ။

မြန်မာငွေဈေးကျပြီး ထိုင်းဘတ်နဲ့မြန်မာငွေ လဲလှယ်နှုန်းမတည်ငြိမ်တဲ့အတွက် ထိုင်းနိုင်ငံတွင်း ကျောင်းတက်နေကြတဲ့မြန်မာကျောင်းသားတွေ ကျောင်းစရိတ်အခက်အခဲ ဖြစ်နေကြသလို ကျောင်းသားတချို့ဟာကျောင်းဆက်မတက်နိုင်ဘဲ မြန်မာနိုင်ငံပြန်ရတဲ့အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။ ဒီအကြောင်း ထိုင်းနိုင်ငံကနေ သတင်းပေးပို့ထားတာပါ။

စစ်အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာငွေကြေးတန်ဖိုး အဆမတန်ကျဆင်းလာတာကြောင့် မြန်မာပြည်သူအများအပြား ဘက်ပေါင်းစုံအခက်အခဲတွေရင်ဆိုင်ကြရပါတယ်။ မြန်မာငွေကြေးတန်ဖိုးကျဆင်းမှုနဲ့ ငွေလဲနှုန်းမတည်ငြိမ်မှုကြောင့် ထိုင်းနိုင်ငံမှာ လက်ရှိကျောင်းတက်နေကြတဲ့ ကျောင်းသားတွေဟာ ကျောင်းစရိတ်အတွက် အခက်အခဲဖြစ်နေကြရတယ်လို့ ပြောပါတယ်။ ဇူလိုင် ၁၇ ရက်နေ့မှာ ငွေလဲနှုန်းက ထိုင်းတဘတ်ကို မြန်မာငွေ ၁၃၆ ကျပ် ဝန်းကျင်ရှိပါတယ်။

ငွေလဲနှုန်းကြောင့် ကျောင်းစရိတ်ပေးဖို့ အခက်ကြုံလာရတယ်လို့ စီးပွားစီမံ ဘာသာရပ်နဲ့ Rangsit University မှာ တက်ရောက်နေတဲ့ ကိုမင်းလူမောင်က ပြောပါတယ်။

“အခု ကြုံနေကြရတဲ့အခက်အခဲကတော့ ငွေဈေးနှုန်း မတည်ငြိမ်မှုပေါ့နော်။ ငွေလဲနှုန်း မတည်ငြိမ်မှုကြောင့် ကျနော်တို့ အခက်အခဲဖြစ်တယ်။ ငွေလဲနှုန်းမတည်ငြိမ်မှုအပြင် လာမယ့် ဩဂုတ်လဆိုရင် ထိုင်းမှာရှိတဲ့ တက္ကသိုလ်တော်တော်များများက ကျောင်းစရိတ်ပေးသွင်းရမယ့်အချိန်လည်း ဖြစ်သွားတယ်။ ပြီးတော့ တချို့ကျောင်းတွေဆိုရင် ကျောင်စရိတ်တွေက တက်သွားတယ်ပေါ့နော်။ campus fees တွေက ၁၀,၀၀၀ ကနေ ၁၂,၀၀၀ ထိ တက်သွားတာမျိုးတွေ ရှိတယ်။ အဲ့တော့ တပူပေါ်တပူဆင့်ဖြစ်သွားတပေါ့။ ကျောင်းစရိတ်လည်း သွင်းရတော့မယ်။ ဘတ်ဈေးတွေကလည်း တက်လာတယ်။ campus fees တွေကလည်း တက်လာတယ်။ ဒီလိုမျိုး အခြေအနေတွေကို ကြုံရတော့ ကျောင်းသားတွေ အနေနဲ့ အခက်အခဲတွေ ဖြစ်နေတာပေါ့။”

ငွေဈေးမတည်ငြိမ်မှုတွေကြောင့် မြန်မာကျောင်းသားတချို့ ကျောင်းဆက်မတက်နိုင်ဘဲ မြန်မာပြည်ကို ပြန်ရတာမျိုးတောင် ရှိလာတယ်လို့ ကိုမင်းလူမောင်က ပြောပါတယ်။

“ကျနော်ကျောင်းစတက်တုန်းကဆိုရင် ဘတ် ၆၉,၀၀၀ ပေါ့နော်။ အဲ့တုန်းက ဘတ်ဈေးက ၁၀၀ ဗျ၊ တဘတ်ကို မြန်မာငွေ ၁၀၀ ကျပ်ဆိုတော့ ၆၉ သိန်းပေါ့။ ကျောင်းစရိတ် သီးသန့်ကို။ ဒါ နေစရိတ် စားစရိတ် မပါသေးဘူးဗျ။ အခုကျ ကျနော်ယူထားတာကတော့ ၆၉,၀၀၀(ဘတ်)ပဲ။ ဒါပေမယ့် ဘတ်ဈေးတက်သွားတာကြောင့်မို့လို့ ၉၈ သိန်းလောက် ပေါက်ဈေးရှိသွားတယ်ဗျ။ တချို့ မိတ်ဆွေတွေဆိုရင် ဘတ်ဈေးက မှန်းထားတာထက် ကျော်လွန်သွားတယ်ပေါ့နော်။ ပုံမှန်ဆိုရင် လေးလတဖြတ်ကို သိန်း ၈၀ လောက်မှန်းထားပေမယ့် အခု ကာလမှာ သိန်း ၁၅၀ လောက်အထိ တက်သွားတာဆိုတော့ ယူတဲ့မေဂျာကလည်း IT Technology မေဂျာတွေဆိုတော့ တော်တော်များသွားတဲ့အတွက် မြန်မာပြည်ဘက်ကို ပြန်လှည့်သွားတာမျိုးတွေလည်း ရှိတယ်ခင်ဗျ။ ဒီမှာ ကျောင်းဆက်မတက်တော့ဘဲ ပြည်တွင်းပြန်ဝင်သွားတာဗျ။ တချို့တွေကလည်း ဒီမှာ ကျောင်းဆက်မတက်တော့ဘဲ အလုပ်လုပ်တာလည်းရှိတယ်ပေါ့နော်။ ဒါပေမယ့် အဲ့လိုတော့ ဒီမှာ သိပ်မမြင်ရသေးဘူးဗျ၊ တော်တော်များများကတော့ ပြည်တော်ပြန်သွားတာတော့ မြင်ရတယ်ခင်ဗျ။”

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို သပိတ်မှောက်တဲ့အနေနဲ့ ကျောင်းသားတွေက အစိုးရကျောင်းတွေ တက္ကသိုလ်တွေမှာ ကျောင်းဆက်မတက်ကြတော့ဘဲ တတ်နိုင်သူတွေက နိုင်ငံခြားသွား ကျောင်းတက်ကြပါတယ်။ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမယ့်ဥပဒေထုတ်ပြန်ပြီးနောက်ပိုင်းမှာလည်း လူငယ်အများစု ထိုင်းနိုင်ငံမှာ ကျောင်းတက်ဖို့၊ အလုပ်လုပ်ဖို့ စသဖြင့် တိုင်းပြည်က ထွက်ခွာလာကြပြန်ပါတယ်။

Forum

XS
SM
MD
LG