သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ မူးယစ်ဆေးမူဝါဒသစ် ပြည်တွင်း ပြည်ပ ကြိုဆို


ကမ္ဘာပေါ်မှာ ဘိန်း ဒုတိယအများဆုံး ထွက်တဲ့ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီ ရှိလာခဲ့တဲ့ မူးယစ်ဆေးဝါး ပြသနာကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ မူးယစ်ဆေးဝါးဆိုင်ရာ မူဝါဒသစ် တရပ်ကို မြန်မာအစိုးရက ပြဌာန်းလိုက်တဲ့ အပေါ် နိုင်ငံတကာကရော ပြည်တွင်း လူထုအခြေပြု လူမှုအဖွဲ့စည်း တွေကပါ ကြိုဆိုလိုက်ကြပါတယ်။ ဒါဟာ ပထမခြေလှမ်းသာဖြစ်ပြီး ရည်မှန်းချက်တွေ တကယ်အကောင်ထည် ပေါ်လာဖို့ဆိုရင် အလေးထား လုပ်ဆောင်စရာတွေ အများကြီးရှိကြောင်း ကုလ UNODC အဖွဲ့က ပြောပါတယ်။ VOA သတင်းထောက် Oliver Slow ရန်ကုန်မြို့ကနေ ပေးပို့တဲ့ သတင်းလွှာကိုတော့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး ပြသနာဟာ ဆယ်စုနှစ်နဲ့ချီ ရှိလာခဲ့ပြီး ဒါကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ မြန်မာအစိုးရက ပြီးခဲ့တဲ့ လပိုင်း တွေအတွင်း မူးယစ်ဆေး တိုက်ဖျက်ရေးဆိုင်ရာ မူဝါသစ်တရပ် ပြဌာန်းလိုက်ပါတယ်။ ဒီလို လုပ်ဆောင်ချက်ဟာ အရှေ့တောင်အာရှ နိုင်ငံတွေ ထဲမှာ ပထမဦးဆုံးလည်း ဖြစ်ပါတယ်။ မူဝါသစ်အရ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ပြစ်ဒဏ်ပေး အရေးယူမယ့်အစား ဆေးပြတ်အောင် ကုသနိုင်ရေးအတွက် သူတို့ရဲ့ လိုအပ်ချက်တွေကို ကူညီဖြည့်ဆည်းပေးရေး အပေါ် အာရုံစိုက် လုပ်ဆောင်ဖို့ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ထဲမှာ ဘိန်းစိုက်ဧက လေးပုံတပုံ ကျဆင်းသွားပေမယ့် ကမ္ဘာမှာ အာဖဂန်နစ္စတန်နိုင်ငံပြီးရင် မြန်မာနိုင်ငံဟာ ဒုတိမြောက် ဘိန်းအများဆုံး ထွက်တဲ့နိုင်ငံ ဖြစ်နေဆဲပါ။ အရှေ့တောင်အာရှ တလွှားမှာ မကြာသေးခင်က သိမ်းဆည်းရမိတဲ့ မူယစ်ဆေးပြားတွေကို ကြည့်ရင် မြန်မာနိုင်ငံဟာ စိတ်ကြွဆေး အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံတွေထဲက တခု ဖြစ်လာပါတယ်။

အခြား အာရှနိုင်ငံတွေမှာလိုပဲ မြန်မာနိုင်ငံမှာလည်း မူးယစ်ဆေးသုံးသူတွေကို ထောင်ချ အပြစ်ပေးလေ့ ရှိပါတယ်။ မူးယစ်ဆေး အနည်းငယ် လက်ဝယ် ရှိရင်တောင် ထောင်ဒဏ်(၁၀)နှစ်ထိ ကျခံရပါတယ်။ မူးယစ်ဆေး ရောင်းသူတွေဆိုရင် အနှစ်(၂၀)ဝန်းကျင် ထောင်ချခံရသူတွေ ရှိပါတယ်။နယ်သာလန်နိုင်ငံ သုတေသန အဖွဲ့တခုက ၂၀၁၆ မှာထုတ်ပြန်တဲ့ စစ်တမ်း တခုမှာတော့ မြန်မာနိုင်ငံမှာ အကျဉ်းသား ၆ သောင်းကျော်ရှိတဲ့ထဲက လေးပုံတပုံဟာ မူးယစ်ဆေးနဲ့ ဆက်နွှယ်ပြီး ဖမ်းဆီး ပြစ်ဒဏ်ချ ခံရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ်ကို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးဆိုင်ရာအဖွဲ့ UNODC ရဲ့ ပူးပေါင်းကူညီမှုနဲ့ ရေးဆွဲတာဖြစ်ပြီး မူးယစ်ဆေးပြသနာကို ကျန်းမာရေး- လူ့အခွင့်အရေး ရှုထောင့်တွေကနေ ချည်းကပ်ဖြေရှင်းဖို့ အခြေခံနဲ့ ရေးဆွဲခဲ့တာပါ။ ဒါ့ပြင် ဘိန်းတောင်သူတွေကိုလည်း အခြားသီးနှံတွေ အစားထိုးစိုက်ပျိုးပြီး ဝင်ငွေတိုးစေဖို့နဲ့ သူတို့အတွက် နိုင်ငံတကာ အကူညီတွေ ပိုရအောင် လုပ်ဆောင်သွားရေး ရည်ရွယ်ထားပါတယ်။

မြန်မာနိုင်ငံမှာ အရင်က ကျင့်သုံးခဲ့တဲ့ မူးယစ်ဆေး တိုက်ဖျက်ရေးမူဝါဒဟာ အောင်မြင်မှု သိပ်မရှိခဲ့ဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာန အရာရှိကြီး တဦးက ပြောပြီး၊ မြန်မာအစိုးရက အခုရေးဆွဲလိုက်တဲ့ မူဝါဒသစ်တွေက အရင်ထက်ပိုပြီး အလုပ်ဖြစ်လာနိုင်တယ်လို့ သူကသုံးသပ်ပါတယ်။ မြန်မာအစိုးရရဲ့ မူးယစ်ဆေးဝါးဆိုင်ရာ မူဝါသစ်ကို ကြိုဆိုတဲ့အထဲမှာ ဒီမူဝါဒကိုရေးဆွဲရေး အကြံပေးအဖွဲ့တခုက ဒေါ် Nang Pann Ei Kham လဲ ပါဝင်ပါတယ်။

“အခု မူဝါဒသစ်က မူးယစ်ဆေး တိုက်ဖျက်ရေးပြသနာကို ကျန်းမာရေး - လူ့အခွင့်အရေး ရှုထောင့်ကနေ ချည်းကပ်ဖြေရှင်းဖို့ ရည်ရွယ် ထားတဲ့အတွက် ဒါကို ကျမတို့ သဘောကျပါတယ် ”

မြန်မာအစိုးရက အခုရေးဆွဲလိုက်တဲ့ မူဝါဒထဲမှာ အားသာချက်တွေအများကြီး ပါဝင်ပြီး၊ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဖြစ်ကြောင်း၊ ဒီမူဝါဒ အောင်မြင်အောင် ဘယ်လောက်ထိအလေးထား ဆောင်ရွက်သွားမလဲဆိုတဲ့ပေါ် မူတည်ကြောင်း UNODC အဖွဲ့ရဲ့ မြန်မာဌာနေကိုယ်စားလှယ် Troels Vester ကပြောပါတယ်။

မြန်မာအစိုးရက မူးယစ်ဆေးဆိုင်ရာ မူဝါဒသစ် ရေးဆွဲလိုက်ပေမယ့် မူးယစ်ဆေးဆိုင်ရာ တည်ဆဲဥပဒေတွေမှာတော့ စိန်ခေါ်မှုတွေရှိနေဆဲ ပဲလို့ ၊ မူးယစ်ဆေးမူဝါဒ အကြံပေးအဖွဲ့က ဒေါ် Nang Pann Ei Kham ကပြောပါတယ်။

“ မူဝါဒသစ်အရ မူးယစ်ဆေးဝါး ပြသနာကို ထိရောက်စွယ် ကိုင်တွယ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ အစိုးရအနေနဲ့ လူထူအခြေပြု လူမှု အဖွဲ့အစည်းတွေနဲ့ အနီးကပ် လက်တွဲဆောင်ရွက်ဖို့ လိုပါတယ်။ အထူးသဖြင့် မူးယစ်ဆေး ရောင်းဝယ် သုံးစွဲနေကြတဲ့ အသိုင်းဝိုင်းနဲ့ ထိတွေ့ဖို့ပါ”

မူးယစ်ဆေး ဝယ်ယူသုံးစွဲမှုလျော့ကျအောင် ဆေးစွဲနေသူတွေ ဆေးဖြတ်ပြီးနောက်ပိုင်း ပြန်လည်ထူထောင်ရေး စင်တာတွေ ထားပေးဖို့ လိုကြောင်း ၊ မူးယစ်ဆေး သုံးသူများကွန်ယက်ကလည်း အကြံပြုပါတယ်။ မူးယစ်ဆေး သုံးသူတွေကို ဖမ်းဆီးထောင်ချလိုက်ရုံနဲ့ ပြသနာတွေ ပြေလည်သွားမှာ မဟုတ်ဘူးလို့လည်း ထေက်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG