သုံးရလွယ်ကူစေသည့် Link များ

ရှမ်းပြည်အရှေ့ပိုင်းမှာ မူးယစ်ဆေးဝါးအမြောက်အများ ဖမ်းဆီးရမိ


ရှမ်းပြည်အရှေ့ပိုင်းမှာ မူးယစ်ဆေးဝါးအမြောက်အများ ဖမ်းဆီးရမိ ( မူးယစ်တပ်ဖွဲစု (၃၀) တာချီလိတ်)

မူးယစ်ဆေးဝါးမှောင်ခိုမှုတွေကို နှိမ်နင်းနေတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ဒီရက်ပိုင်းအတွင်း ဘိန်းဖြူအမြောက်အများ ဖမ်းဆီးရမိခဲ့ပြီး၊ ဒီနှစ်ထဲမှာ အများဆုံး ဖြစ်တယ်လို့လည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အရာရှိတွေက ပြောပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်းက ၃ ရက်ဆက်တိုက် မူးယစ်ဆေးဝါး နှိမ်နင်းမှုတွေအတွင်း သန်းနဲ့ချီတဲ့ စိတ်ကြွဆေးပြားတွေကိုလည်း သိမ်းဆည်းရမိခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ ပိုင်း တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)အုပ်စု၊ ပါခုတ်ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ကျပ်သိန်းပေါင်း ၅ ထောင်ကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူ တွေဖမ်းဆီးမိခဲ့တယ်လို့ ရှမ်းပြည်နယ် တာချီလိတ် မူးယစ်တပ်ဖွဲ့စု ၃၀ က ရဲအုပ်အောင်ကျော်စိုး ကပြောပြပါတယ်။

“၂၈ ရက်နေ့ မနက် ၁ နာရီ ၁၅ မှာပေါ့နော် ကျနော်တို့ မိုင်းဖုန်း(ခ)အုပ်စု၊ ပါခုတ် ပူးပေါင်းစစ်ဆေးရေးဂိတ် မှာ မသင်္ကာလို့ ဖြတ်သန်းသွားလာတဲ့ ကား မတ် x ကားအဖြူရောင်ရဲ့အနောက်ဘက်ထဲမှာ ဘိန်းဖြူ ၉၇ ထုတ် ၊ အလေးချိန် ၃၃.၉၅ ကီလိုဂရမ် ပေါ့နော် အဲဒါကို ကျနော်တို့မိပါတယ်။ ဘိန်းဖြူနဲ့ ပတ်သက်လို့ကတော့ အများဆုံးပေါ့နော်။ သိန်း ၅၀၀၀ ကျော်တန်ဖိုးရှိပါတယ် အမ။”

ဒီရက်ပိုင်းအတွင်းမှာပဲ မူးယစ်တပ်ဖွဲ့စုတွေက မူးယစ်ဆေးဝါးတွေကို ရှာဖွေးဖမ်းဆီးမူတွေ လုပ်ခဲ့ရာမှာ ရှမ်းပြည်နယ် တာချီလိတ်မြို့နယ် သာမက ကျိုင်းတုံ၊ ကွတ်ခိုင်၊ မူဆယ်အထိ ၃ ရက် ဆက်တိုက်မှာပဲ စိတ်ကြွဆေးတွေ သန်းနဲ့ချီပြီး ဖမ်းဆီးရမိခဲ့တယ်လို့လည်းဆိုပါတယ်။

“၂၈ ရက်နေ့က ကျနော်တို့ တာချီလိတ်ဖမ်းတယ်။ ကျိုင်းတုံဖမ်းတယ်။ ကျိုင်းတုံမှာက ဆေးပြား ၅ သိန်းမိတယ်။ ၂၉ ရက်နေ့က မူဆယ်-ကွတ်ခိုင်ဘက်မှာ ဆေးပြား ၂၁.၀၅ သန်းမိတယ်။ ဒီရက်ပိုင်းအတွင်းမှာကို အများကြီးဖမ်းဆီးရမိတာပါ မြန်မာနိုင်ငံအနေနဲ့ပြောရရင်တော့။”

ရှမ်းပြည်နယ် တာချိင်္လိတ်မြို့မှာတော့ ဒီနှစ်စမှာပဲ စိတ်ကြွဆေး ၆သန်း ကျော်ဖမ်းဆီးရမိခဲ့ပါတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကူးမှုတွေ လျော့နည်းပပျောက်ဖို့နဲ့ လူငယ်တွေမူးယစ်ဆေး တွင်တွင်ကျယ်ကျယ် သုံးစွဲနေတဲ့ အရေး ကို ဖြေရှင်းဆောင်ရွက်ဖို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ စီမံချက်နဲ့ ဆောင်ရွက်ဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က မကြာသေးခင်ကပဲပြောကြားထားပါတယ်။ နိုင်ငံတကာမှာတော့မူးယစ်ဆေးဝါး တိုက်ဖျက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ ၂၀၁၅ ခုနှစ် အတွက် အစီရင်ခံစာမှာတော့ တနိုင်ငံချင်းလိုက် အခြေအနေတွေကို ဖေါ်ပြထားပါတယ်။ အဲဒီအစီရင်ခံစာ အရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းထုတ်လုပ်မှု ဒုတိယ အများဆုံး နိုင်ငံဖြစ်နေ စဲဖြစ်ပြီး၊မူးယစ်ဆေးဝါးကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့ ပျက်ကွက်ခဲ့တယ် လို့ ဖေါ်ပြထားပါတယ်။မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေဟာ နိုင်ငံတကာ သဘောတူစာချုပ်ပါ အချက်တွေကို အပြည့်အ၀ လိုက်နာဆောင် ရွက်ခြင်း မရှိဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်အတွက် ထုတ်ပြန်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နှစ်ပတ်လည် အစီရင်ခံစာမှာရေးသားထားတာပါ မြန်မာ အာဏာပိုင်တွေဖက်ကတော့ မူးယစ်ဆေး တိုက်ဖျက်ရေးမှာ နိုင်ငံတကာနဲ့ တတ်နိုင် သမျှ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ တုံပြန်ထားသလို ဒီနှစ်ပိုင်းတွေအတွင်းမှာ စိတ်ကြွဆေး အများအပြားကိုလည်း မူယစ်ဆေးဝါးတိုက်ဖျက်ရေး တပ်ဖွဲစုတွေနဲ့ အတူ နယ်မြေခံအာဏာပိုင်တွေပူးပေါင်းပြီး ဖမ်းဆီးတာတွေလည်းရှိနေပါတယ်။

XS
SM
MD
LG