သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်အနီး တနင်္လာနေ့ည ငလျင်ကြောင့် လူ၂၄ ဦး ဒဏ်ရာရ


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီး ပြင်းအား ၅.၁ ရှိတဲ့ ငလျင်တခု မနေ့ည ၈ နာရီ ၅၀ ဝန်းကျင်က လှုပ်သွားခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ တိုင်းထွာရေးဌာနက သတင်း ထုတ်ပြန်ပါတယ်။ ငလျင်ဒဏ်ကြောင့် ကလေးငယ် ၂ ဦးနဲ့ အမျိုးသမီး ၅ ဦးအပါအဝင် စုစုပေါင်း ၂၄ ဦး ထိခိုက် ဒဏ်ရာရသွားခဲ့တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက Facebook လူမှုကွန်ယက်ကတဆင့် သတင်းထုတ်ပြန်ပါတယ်။

ဒဏ်ရာရတဲ့သူတွေကို အနီးဝန်းကျင်မှာရှိတဲ့ ဆေးရုံတွေကိုပို့ပြီး သက်ဆိုင်ရာ မြို့နယ် တာဝန်ရှိသူတွေက ကုသမှုပေးနေကြောင်း ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

မြန်မာနိုင်ငံ မိုးဇလဌာနကတော့ ငလျင်ဟာ ပြင်းအား ၅.၈ ရစ်ချ်တာစကေး ရှိတယ်လို့ ဆိုပါတယ်။

ငလျင်ဒဏ်ဟာ ရန်ကုန်မြို့အထိ တုန်လှုပ်သွားစေခဲ့တာကြောင့် အဆောက်အဦးတချို့ ထိခိုက် ပျက်ဆီးသွားခဲ့သလို မြို့ခံတွေလည်း ကြောက်လန့်ပြီး အိမ်တွေ၊ တိုက်ခန်းတွေပေါ်ကနေ လမ်းတွေပေါ်ကို ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။

တိုက်ကြီးမြို့နဲ့ အနီးဝန်းကျင်မှာရှိတဲ့ စေတီပုထိုးနဲ့ ဘုန်းတော်ကြီးကျောင်းတချို့တို့ ပြိုကျ ပျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

လူကယ်ပြန် ဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှုးရုံးက တာဝန်ရှိသူတွေဟာလည်း ငလျင်ဒဏ် အပြင်းထန်ဆုံး ခံခဲ့ရတဲ့ တိုက်ကြီးမြို့နယ်ကို သွားရောက်ပြီး လိုအပ်တဲ့ ထောက်ပံ့ ကူညီမှုတွေ ပေးနေတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG