သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာဝတီနဲ့ စစ်ကိုင်းတိုင်းတွေမှာ အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့ ငလျင်ဇယား (မတ်လ ၅၊ ၂၀၂၅)
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့ ငလျင်ဇယား (မတ်လ ၅၊ ၂၀၂၅)

ဧရာဝတီတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ ဒီကနေ့ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တွေနဲ့ နောက်ဆက်တွဲ ငလျင်တွေကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်း မြေငလျင် လှုပ်ခတ်တာတွေ ကြောင့် သတိထားကြဖို့လည်း မိုးလေဝသ ကျွမ်းကျင်သူတွေ သတိပေးနေကြတာပါ။ ရန်ကုန်ကသတင်းပေးပို့ထားပါတယ်။

မနက် (၄) နာရီကျော်က ဧရာဝတီတိုင်း ညောင်တုန်းမြို့ကိုဗဟိုပြုပြီး အင်အား အသင့်အတင့်ရှိတဲ့ အင်အား ရစ်ချ်တာစကေး (၅.၁) အဆင့်ရှိတဲ့ ငလျင်တခုလှုပ်ခတ်အပြီး နောက်ဆက်တွဲ (၃) ကြိမ် ဆက်လှုပ်ခဲ့တာမို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တာဖြစ်ပါတယ်။ နေ့လည်ပိုင်းမှာတော့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမှာပါ လှုပ်ခတ်ခဲ့တာမှာလည်း အင်အား ရစ်ချ်တာစကေး (၅.၁) ရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက ဗွီအိုအေကို ခုလို ပြောပြပါတယ်။

“ဟုမ္မလင်းအနောက်တောင်ဘက် အင်အားက (၅.၅) လှုပ်တာက (၁၂) နာရီ (၆) မိနစ် မနက် လှုပ်သွား တာတော့ ညောင်တုန်းမြို့အရှေ့ တောင်ဘက် (၆) မိုင်အကွာ ဗဟိုပြုပြီး အင်အားကတော့ (၅.၁) နဲ့ အင်အားအသင့်အတင့်ရှိတာ လှုပ်တယ်။ အဲဒါလှုပ်ပြီးနောက်ဆက်တွဲအနေနဲ့ သုံးကြိမ်လှုပ်တယ်။ မနက် (၄) နာရီ (၅၄) မိနစ် (၀၉) စက္ကန့်မှာ အင်အား (၄.၈) နဲ့ တကြိမ်၊ နောက် (၅) နာရီ (၂၀) မှာ ညောင်တုန်း အနောက်တောင်ဘက် (၂၅) မိုင်အကွာမှာ အင်အား (၃.၅) နဲ့ ဒုတိယအကြိမ်၊ နောက်ဆုံးအကြိမ်ကတော့ (၅) နာရီ (၂၃) မှာအင်အား (၃.၁) နဲ့ ညောင်တုန်းအရှေ့ဘက် (၂၅) မိုင်အကွာမှာ တကြိမ်ထပ်လှုပ်ပါတယ်။”

မနက်ပိုင်းကလှုပ်ခတ်ခဲ့တဲ့မြေငလျင်ကြောင့် မအူပင်မြို့နယ်မှာရှိတဲ့ စိမ်းမြကန်သာဘုရား သတ္တဌာန ဘုရားရဲ့ မဟာဗောဓိလိုဏ်အတွင်း အက်ကြောင်းတွေဖြစ်ပေါ်တာ၊ စေတီမကြီး ပတ်လည်အောက်ခြေ မှာ အက်ကြောင်းတွေဖြစ်ပေါ်တာ၊ စေတီဝန်းအတွင်း နတ်နန်းတချို့ နဲ့ အဆောက်အဦတချို့က ပြိုကျ ကွဲအက်တာ၊ ဇောတိကာရုံဘုန်းကြီးကျောင်းက ဘုရားဆောင်တချို့ ပြိုကျပျက်စီးတာ စွန်းလွန်း ဓမ္မာရုံနဲ့ လူနေအိမ်တချို့ပါ ထိခိုက်ပျက်စီးတာ၊ မှန်ကျကွဲတာ စတဲ့ထိခိုက်မှုတွေရှိထားပေမဲ့ လူထိခိုက်မှု ရှိတာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလအတွင်းကစလို့ မြန်မာနိုင်ငံမှာ အင်အားအသင့်အတင့်ရှိတဲ့ငလျင်တွေ မကြာခဏ ဆိုသလို လှုပ်ခတ်တာတွေရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ (၃) ရက် မနက်ပိုင်းကလည်း ရန်ကုန်မြို့မှာ အင်အား ရစ်(ချ်)တာစကေး (၄.၅) အဆင့် ငလျင်လှုပ်ခတ်ခဲ့ပါသေးတယ်။ ဒီကနေ့ဆိုလည်း ငလျင်လှုပ် ခတ်မှုတွေစိတ်လာတာမို့ ဒီလိုလှုပ်ခတ်မှုတွေကြောင့် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ နေထိုင်သူများ အနေနဲ့ သတိထားနေကြဖို့ ပညာရှင်တချို့က အကြံပြုပြောဆိုမှုတွေရှိနေပါတယ်။

မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနဘက်ကတော့ ငလျင်လှုပ်တာမှာ တခြားသော သဘာဝဘေး လိုမျိုး ကြိုတင်ခန့်မှန်းတွက်ချက်လို့မရတဲ့ သဘာဝဘေးဖြစ်တာ၊ ရာသီမရွေး ဖြစ်နိုင်တာမို့ပြည်သူတွေ အနေနဲ့ သတိထားဖို့ ပြောဆိုထားပါတယ်။ ငလျင်လှုပ်ခတ်ပြီဆိုရင် ပြတင်းပေါက်တွေနဲ့ မျက်နှာစာ တွေက ပထမဆုံးပြိုကျတတ်တဲ့ အစိတ်အပိုင်းတွေဖြစ်တာကြောင့် တတ်နိုင်သလောက်ဝေးဝေးနေဖို့နဲ့ ပစ္စည်းပြုတ်ကျတာတွေရှိနိုင်တာမို့ အကာအကွယ်ဒဏ်ခံနိုင်တဲ့နေရာတွေမှာ နေထိုင်ဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဦးကျော်မိုးဦးက သတိပေးပြောဆိုပါတယ်။

“မြေငလျင်ရပ်ဝန်းမှာရှိတဲ့နေရာတွေမှာ နေသူတွေအနေနဲ့ပေါ့။ အဓိက,ကတော့ မြေငလျင်က မြေငလျင်ကြောင့် ထိခိုက်ပျက်စီးတာမဟုတ်ဘူး။ မြေငလျင်ရပ်ဝန်းအတွင်း ဆောက်ထားတဲ့ အဆောက်အဦးတွေ ပြိုကျပျက်ဆီးပြီးဖြစ်တာပေါ့ အဲတော့နေထိုင်တဲ့ရပ်ဝန်းမှာ ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အဦးတွေဆောက်ဖို့လိုတယ်။ မြေငလျင်ကခန့်မှန်းလို့မရတဲ့အတွက် ငလျင်လှုပ်လာရင် စိတ်လှုပ်ရှားမှုမရှိဘဲနဲ့နေပါ။ နောက်အဓိက,ကတော့ ကောင်းတာတော့ ကွင်းပြင်တွေမှာနေတာ အကောင်းဆုံးပါပဲ။”

မကြာခင်မှာ နွေရာသီရောက်လာတော့မှာဖြစ်တာမို့ လာမယ့်နွေရာသီဟာ ပိုပူပြင်းနိုင်ဖွယ်ရှိတယ်လို့ သူကဆက်ပြောပါတယ်။ နွေရာသီမှာပိုပူပြင်းလာနိုင်ဖွယ်ရှိနေတာမို့ အသွားအလာသတိထားနေထိုင်ဖို့ ဦးကျော်မိုးဦးက အခုလိုသတိပေးပြောဆိုလိုက်ပါတယ်။

“ပုံမှန်ဆိုရင်တော့ လာနီညာဆိုရင်အပူချိန်လျော့တဲ့အနေအထားရှိပေမယ့် ဒီ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ တနှစ်ထက်တနှစ် အပူချိန်တိုးလာတယ်။ လာနီညာဖြစ်ပေမယ့် တနှစ်ပြီးတနှစ် အပူချိန်ဟာ တိုးလာ တယ်။ လာမယ့်နွေလည်း ပူဆဲပူမြဲအတိုင်းရှိမယ်။ ပူလာရင် မွန်းလွဲညနေပိုင်းတွေမှာ မိုးတိမ်တောင်တွေ ဖြစ်တာ၊ လေပြင်းတိုက်တာ လျှပ်စီးလက်တာ၊ မိုးကြိုးပစ်တာတွေ ဒီကာလမှာဖြစ်တတ်လို့ သတိပြုဖို့ လိုတယ်။ လောလောဆယ်အပူလှိုင်းဖြတ်တာမရှိသေးပေမယ့် နေ့အပူချိန်မြင့်တက်လာနေတာကြောင့် နေ့ကာလ အပြင်သွားမယ်ဆိုရင် အဆောင်းအကာနဲ့သွားသင့်တယ်။ နောက် တအားအေးတဲ့နေရာကနေ အပြင်ချက်ချင်းထွက်တာ။ ပူတဲ့နေရာကနေ အေးတဲ့နေရာချက်ချင်းဝင်တာ ဒီလိုတွေ မလုပ်ဖို့ လိုအပ်ပါတယ်။”

လက်ရှိ မြန်မာနိုင်ငံမှာ စစ်ကိုင်းပြတ်ရွေ့ကြောအပါအဝင် ပြတ်ရွေ့ အတော်တော်များများ ရှိနေတဲ့ အတွက် ငလျင်အန္တရာယ်များတဲ့နိုင်ငံလို့ ပြောလို့ရနိုင်ကြောင်း ပညာရှင်တွေက အသိပေးမှုတွေ လည်း တောက်လျှောက်ရှိနေခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဘေးတိုက် အထက်အောက်တွန်းတင်နေတဲ့ ပြတ်ရွေ့ကြော အမြောက်အမြားရှိနေပြီး အဓိက အင်အားကြီးငလျင်တွေ လှုပ်ခတ်နိုင်တဲ့ အဓိက မြေငလျင်ကြောကြီး ငါးခုရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG