သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေး မျှော်မှန်းသလိုတိုးတက်မှုမရနိုင်ဟု သမ္မတပြောဆို


ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး ကျင်းပ (MOI)
ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး ကျင်းပ (MOI)

မြန်မာနိုင်ငံရဲ့စီးပွားရေး တိုးတက်မှုနှုန်းဟာ ခန့်မှန်းထားတာထက် လျော့နည်းနိုင်တယ်လို့ နိုင်ငံတော်သမ္မတဦးထင်ကျော်က ဒီကနေ့ သမ္မတအိမ်တော်မှာ ကျင်းပတဲ့ ဘဏ္ဍာရေး ကော်မရှင်မှာ ပြောဆိုလိုက်ပါတယ်။ NLD အစိုးရလက်ထက် စီးပွားရေးတိုးတက်မှုနှုန်း ထင်ထားတာထက် လျော့နည်းနိုင်တာဟာ အရင်အဆက်ဆက်က ချမှတ်ခဲ့တဲ့စီးပွားရေးမူူဝါဒ မှားယွင်းမှုတွေရဲ့ အကျိုးဆက်ဖြစ်တယ်လို့ သုံးသပ်မှုတွေရှိပါတယ်။ မဆုမွန် တင်ပြပေးပါမယ်။

ဒီကနေ့ အောက်တိုဘာ ၃၁ရက်နေ့ နိုင်ငံတော်သမ္မတအိမ်တော်မှာ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးကျင်းပတဲ့အချ်န် ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်တဲ့ နိုင်ငံတော်သမ္မတဦးထင်ကျော်က နိုင်ငံမှာ ဘတ်ဂျက်နဲ့ ပတ်သက်ပြီး ပြင်ဆင်မှုတွေနဲ့ အစိုးရရဲ့ ငွေလုံး ငွေရင်း အသုံးစရိတ်များ အပြောင်းအလဲ အပေါ် စောင့်ဆိုင်းသုံး စွဲခဲ့ရတဲ့အတွက် ပြည်တွင်းဈေးကွက်အပေါ် သက်ရောက်မှုတွေ ရှိခဲ့တယ် ဆိုတာ ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံ့ဘဏ္ဍာသုံးစွဲမှုတွေမှာ နိုင်ငံကိုအကျိုးပြုနိုင်တဲ့စီမံကိန်းတွေ ဘတ်ဂျက်တွေဖြစ်ဖို့ အစိုးရဌာနဆိုင်ရာတွေဘက်က တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ တာဝန်သိမှုအပြည့်အဝရှိဖို့ အရေးကြီးတယ်ဆိုတာကိုလည်း သမ္မတကပြောဆိုခဲ့ပါတယ်။

အခုလိုသမ္မတဦးထင်ကျော်ရဲ့ မြန်မာ့စီးပွားရေးနဲ့ပတ်သက်ပြီး ပြောဆိုချက်အပေါ် UMFCCI မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဦးအေးလွင်ကတော့ ဒါဟာ အရင်ခေတ်အဆက်ဆက်က ချမှတ်ခဲ့တဲ့ စီးပွားရေးမူဝါဒမှားယွင်းမှုတွေရဲ့ အကျိုးဆက်ဖြစ်တယ်လို့ အခုလိုသုံးသပ်ပါတယ်။

“ကျနော်တို့ အဓိကရင်ဆိုင်နေရတဲ့အပိုင်းက အရင့်အရင်တုန်းက ဆောင်ရွက်ခဲ့တဲ့ စီးပွားရေးမူဝါဒတွေမှားယွင်းခဲ့တဲ့အပေါ်မှာ မူတည်သလို ကျနော်တို့ လုပ်ငန်းရှင်တွေဘက်ကလည်း စီးပွားရေးမူဝါဒတွေပေါ်မှာ အခြေခံပြီးလုပ်လို့ရတဲ့ဟာကို လုပ်သော်လည်း ၊ လုပ်လို့ မရတဲ့ဟာကိုဖြစ်သလို ဖြစ်တဲ့နည်းနဲ့ လုပ်ခဲ့လို့ အကျိုးဆက်က ဒီနေ့ ခံစားရတာ။ ပွင့်ပွင့်လင်းလင်းပြောရင်တော့ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အစိုးတက်တက်ခြင်း ကျနော်တို့ စီးပွားကူးသန်းဝန်ကြီးက ထုတ်ကုန် ၃ ဆ တိုးမယ်ဆိုတဲ့ ကိန်းဂဏန်းတွေကို ကြေညာပြီးလုပ်သော်လည်း ဒီနေ့အထိ သူတို့ ထုတ်ကုန်တိုးတက်တဲ့ ပမာဏကို ရောက်ရှိအောင်မလုပ်နိုင်တဲ့ အဖြေကတော့ တိုင်းပြည်စီးပွားရေးကို ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းရှင် တော်တော်များများက တရားမဝင်လုပ်ငန်းတွေမှာ ပျော်မွေ့နေလို့ဖြစ်တယ်။”

နောက် နိုင်ငံတော်ရဲ့ လတ်တလောစီးပွားရေးအခြေအနေအပေါ်မှာလည်း စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှု တန်ဖိုး(ဂျီဒီပီ)ဟာ ခန့်မှန်းထားတာထက် လျော့နည်းနိုင်ပြီး စီးပွားရေးတိုးတက်မှုနှုန်းဟာ ခန့်မှန်းထားတာထက် လျော့နည်းနိုင်တာကို တွေ့ရတယ်လို့ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ သမ္မတက ပြောခဲ့ပါတယ်။ ဒီအပေါ် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီးပွားရေးကော်မတီ အဖွဲ့ဝင်လည်းဖြစ်တဲ့ဦးအေးလွင်က အစိုးရသစ်အနေနဲ့ စီးပွားရေးမူဝါဒသစ်တွေကို ခိုင်မာစွာချမှတ်ပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့လိုတယ်လို့ အကြံပြုပါတယ်။

“ကုန်ထုတ်စွမ်းအားလုပ်တဲ့လုပ်ငန်းတွေ၊ ပြည်တွင်းအသေးစားအလတ်စားတွေ၊ နောက် Export -Import တင်သွင်းတာတွေ နယ်စပ်ကုန်သွယ်မူအားလုံးကို ကျနော်တို့ ပွင့်ပွင့်လင်းလင်း စိတ်မဆိုးကြေး၊မကွယ်မဝှက် အထုတ်ဖြေတဲ့စနစ်ကို ကျင့်သုံးပါ။ အဲဒီလို အထုတ်ကိုဖြေလိုက်တဲ့အခါမှာ မိမိတို့အမှားတွေ ၊ မိမိတို့ လုပ်ထားတာတွေ မလုပ်ထားတာတွေ၊ လုပ်တာမှန်တယ်ထင်ပြီး မှားနေတာတွေကို ရဲရဲဝံ့ဝံ့ပြုပြင်ပြီးတော့ အသစ်ပြန်လည်လုပ်ပြီးတော့ စည်းနဲ့ဘောင်နဲ့ စနစ်တကျ ဆောင်ရွက်နိုင်တဲ့ စနစ်ကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့လို့သလို၊ ခုနပြောတဲ့ တာဝန်ယူမူ တာဝန်ခံမူက အစိုးရဝန်ကြီးဌာနတွေတင်မဟုတ်ပါဘူး ၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေပါ သူတို့ရဲ့ တာဝန်ယူမူ တာဝန်ခံမူကို ဒီထက်ပိုပြီးတော့ ရဲရဲဝံ့ဝံ့ဆောင်ရွက်ဖို့ အသင်းတွေက ဦးဆောင်ပြီးတော့ လုပ်ပေးဖို့လိုမယ်လို့ကျနော် အကြံပြုတင်ပြချင်ပါတယ်။”

မြန်မာနိုင်ငံတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်ငြိမ်မှုတွေ၊ ဘတ်ဂျက်လိုငွေပြမှု အပါအဝင် ကုန်ထုတ်လုပ်မှု၊ စားသုံးမှု၊ ဝယ်လိုအား၊ ရောင်းလိုအား အခြေအနေများအရ ငွေဖောင်းပွမှုနှုန်း မြင့်မားလာသည်ကို တွေ့ရှိရတဲ့အတွက် နိုင်ငံတော်အနေနဲ့ ငွေရေးကြေးရေး နယ်ပယ်တွင်း ပြုပြင်ပြောင်းလဲမှု၊ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့နိုင်အောင် ဆောင်ရွက်နေတယ်ဆိုတာကိုလည်း သမ္မတကပြောဆိုခဲ့ပါတယ်။ ဒီအပေါ်မှာတော့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဝိုင်းဝန်းဆောင်ရွက်ဖို့လိုတယ်လို့ ဦးအေးလွင်ကထောက်ပြပါတယ်။

"အခြေခံအဆောက်အအုံတွေ အားနည်းခဲ့တဲ့အတွက် မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ ၊ မလုပ်သင့်မလုပ်ထိုက်တဲ့ မကောက်သင့် မကောက်ထိုက်တဲ့ လမ်းကြေးတွေ၊ တံတားကြေးတွေ အကြောင်းအမျိုးမျိုးပြနေပြီးတော့ ကောက်နေတဲ့အတွက် မလိုလားအပ်တဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ ကြီးမားပြီးတော့ ပြည်တွင်းမှာရှိတဲ့ အလတ်စား၊ အသေးစားထုတ်ကုန်တွေ က တရားမဝင်လမ်းကြောင်းကနေတင်သွင်းတာတွေများနေပြီးတော့ ပြည်တွင်းစက်မှုလက်မှုလုပ်ငန်းတွေဟာ မယှဉ်နိုင်တဲ့အခါမှာ GDP တိုးတက်မှုနှုန်းဟာ ထင်သလောက်ဖြစ်မလာဘူးလို့ ယူဆပါတယ်။"

ဒါ့အပြင် အစိုးရအနေနဲ့ နိုင်ငံတော်ရဲ့ဘဏ္ဍာငွေတွေ သုံးစွဲတဲ့အခါ စိစိစစ်စစ်၊ အကျိုးရှိရှိ သုံးစွဲကြဖို့နဲ့ သုံးစွဲနေတာတွေကိုလည်း ပွင့်လင်းမြင်သာစွာချပြပြီး စောင့်ကြည့်မှုတွေ ခံယူကြဖို့ သမ္မတက မှာကြားပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့တွေအနေနဲ့လည်း ပြည်သူ့ ဘဏ္ဍာငွေတွေကို နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးရှိ ထိရောက်အောင် စီမံခန့်ခွဲသုံးစွဲကြဖို့ သမ္မတက မှာကြားပါတယ်။ ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးကို ဘဏ္ဍာရေးကော်မရှင်ဒုဥက္ကဋ္ဌနှစ်ဦးဖြစ်တဲ့ ဒုသမ္မတဦးမြင့်ဆွေနဲ့ ဒုသမ္မတဦးဟင်နရီဗန်ထီးယူ၊ ဘဏ္ဍာရေးကော်မရှင်အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းတို့ ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG