သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတနိုင်ငံလုံးမှာ ဖွင့်ထားတဲ့ကျောင်းတွေ ရက်အကန့်အသတ်မရှိ ပြန်ပိတ်


ရန်ကုန်မြို့က အထက်တန်းကျောင်းတခုမှာ COVID-19 ကပ်ရောဂါကာလ ပထမဆုံး ကျောင်းဖွင့်ရက် မြင်ကွင်း။ (ဇူလိုင် ၂၁၊ ၂၀၂၀)
ရန်ကုန်မြို့က အထက်တန်းကျောင်းတခုမှာ COVID-19 ကပ်ရောဂါကာလ ပထမဆုံး ကျောင်းဖွင့်ရက် မြင်ကွင်း။ (ဇူလိုင် ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်မှုတွေ သိသိသာသာ တိုးလာနေတာကြောင့် မကြာသေးခင်ကမှ ပြန်ဖွင့်လိုက်တဲ့ အခြေခံပညာ အထက်တန်းကျောင်း အားလုံးကို မနက်ဖြန်ကစပြီး ပြန်ပိတ်ဖို့ စီစဉ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက တင်ပြပေးပါမယ်။

ကိုဗစ်ကပ်ရောဂါ တစ်ကျော့ပြန်ကူးစက်မှုပြန် ဖြစ်လာတာကြောင့် တစ်နိုင်ငံလုံးက အခြေခံပညာ အထက်တန်းကျောင်းအားလုံးကို သြဂုတ် ၂၇ ရက် မနက်ဖြန်ကစပြီး ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားဖို့ စီစဉ်နေတာပါ။ ရောဂါကူးစက်မှုတွေကို ကာကွယ်ဖို့ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးရေး အမျိုးသားအဆင့် ဗဟို ကော်မတီက ဒီကနေ့ပဲ ပညာရေးဝန်ကြီးဌာနကို အကြောင်းကြားလာတဲ့အတွက် သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းတွေက တာဝန်ရှိသူတွေကို ထပ်ဆံညွှန်ကြားထားတယ်လို့ အခြေခံပညာဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

“ကျောင်းတွေက ခုပဲ ၁၂ နာရီခွဲလောက်ကပဲ ကိုဗစ် ဗဟိုကော်မတီကနေပြီးတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေအားလုံးနဲ့ ပညာရေးဝန်ကြီးဌာနကို အကြောင်းကြားထားတယ်။ စာကတော့ ဆရာတို့ဆီ မရောက်သေးဘူး။ ဝန်ကြီးရုံးကနေမှ ဆရာတို့ကို ပြောလို့ ဆရာတို့ကနေတစ်ဆင့် တိုင်းပညာရေးမှူးတွေ အားလုံးကို မနက်ဖြန်မနက်ကစပြီးတော့ ဖွင့်လက်စဖြစ်နေတဲ့ အထက်တန်းအဆင့် ဖွင့်လက်စကျောင်း အစိုးရကျောင်း၊ ဗကကျောင်း ကိုယ်ပိုင်ကျောင်းအားလုံး ၆,၅၂၆ ကျောင်း အားလုံး မနက်ဖြန်မနက်ကစပြီး ယာယီပိတ်ပါတယ်လို့။”

ကိုဗစ်ကပ်ရောဂါကြောင့် အခြေခံပညာကျောင်းတွေကို ပုံမှန်ကျောင်းဖွင့်ချိန်အတိုင်း ပြန်မဖွင့်နိုင်ဘဲ တစ်လကျော်နောက်ကျပြီးမှ ဖွင့်နိုင်ခဲ့တာပါ။ ဒါပေမဲ့လည်း အခုတခါ ကူးစက်မှုတွေ တစ်ကျော့ပြန်ဖြစ်လာတာကြောင့် ကျောင်းတွေဖွင့်ပြီး တစ်လကျော်အကြာမှာပဲ ပြန်ပိတ်လိုက်ရတာပါ။ ဇူလိုင်လကစ ပြန်ဖွင့်နေတဲ့ ကျောင်းတွေမှာတော့ ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်ရေး အစီအစဉ်တွေနဲ့ ပြင်ဆင်ထားတယ်လို့လည်း ဒေါက်တာတင်မောင်ဝင်း ပြောပါတယ်။

“ဆရာတို့ဆီကို ကျောင်းသားတို့ ဆရာမတို့ ရုံးဝန်ထမ်းတို့ဆိုရင်တော့ ဆရာတို့ဆီကို ထူးခြားဖြစ်စဉ် တက်တယ်ပေ့ါကွာ။ ခုထိတော့ ဒါတွေတော့ မတက်သေးဘူးပေါ့နော်။ ဆရာမတွေရဲ့ သတင်းတော့ ရနေတာပေါ့။ ဒါပေမဲ့ သတင်းတော့ မတက်သေးဘူး။ ကျောင်းတွေအားလုံးကလည်း သေချာ စနစ်တကျလုပ်တော့ ကံအားလျော်စွာ ကျောင်းကနေ ကူးစက်တယ်ဆိုတာ မဖြစ်သွားတာပေါ့။”

အခုနောက်ဆုံး ကူးစက်မှုတွေ အများဆုံး တွေ့နေရတဲ့ ရခိုင်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ ကျောင်းတွေအားလုံးကို ပိတ်ထားရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲ နိုင်ငံတဝန်းက အထက်တန်းကျောင်းတွေ ပြန်ဖွင့်ရာမှာ ကျန်နေသေးတဲ့ ရာနဲ့ချီတဲ့ ကျောင်းတွေနဲ့ အလယ်တန်း ကျောင်းတွေကို ပြန်ဖွင့်ဖို့ စီစဉ်နေချိန်မှာပဲ အခုလို ကျောင်းတွေကို ပိတ်လိုက်ရတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG