သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၀ ရွေးကောက်ပွဲ ပြည်ပမဲဆန္ဒရှင် ဦးရေ တိုးလာ


စင်္ကာပူနိုင်ငံရှိ သံရုံးမှာ မြန်မာနိုင်ငံသားများရဲ့ မဲပေးနေကြတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - Myanmar Club (Singapore) - အောက်တိုဘာ ၀၂၊ ၂၀၂၀)
စင်္ကာပူနိုင်ငံရှိ သံရုံးမှာ မြန်မာနိုင်ငံသားများရဲ့ မဲပေးနေကြတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - Myanmar Club (Singapore) - အောက်တိုဘာ ၀၂၊ ၂၀၂၀)

[Zawgyi/Unicode]

ရှေ့လကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးခွင့် အရင်ထက် ပိုရလာတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုလိုက်တဲ့အကြောင်း တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ သံရုံးမရှိတဲ့ နိုင်ငံတွေမှာ ရောက်နေကြသူတွေ အပါအဝင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခွင့် ပိုရလာတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုလိုက်တာပါ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာတုန်းက ပြည်ပရောက် မြန်မာနိုင်ငံသားတွေထဲက ကြိုတင်မဲပေးဖို့ လျှောက်ထားသူ ၃၀,၀၀၀ ကျော်သာရှိခဲ့ပေမဲ့ အခုအချိန်အထိ ရရှိထားတဲ့ စာရင်းတွေအရ ၁၀၀,၀၀၀ ကျော် ရှိတယ်လို့လည်း ပြောပါတယ်။ ကြိုတင်မဲပေးနိုင်အောင် ပြင်ဆင်ခဲ့တာကြောင့် အခုလို မဲပေးမယ့်သူ များလာတာလို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားရေးမှုးချုပ် ဦးခင်မောင်ဦးက ဗွီအိုအေကို ပြောပါတယ်။

"သေချာတာကတော့ မဲဆန္ဒရှင် ဦးရေကတော့ ကျနော်တို့ မဲလက်မှတ်အရင်တုန်းက ၃၀,၀၀၀ ကျော်ပို့တယ်။ အခုတော့ ကျနော်တို့ ၁၀၁,၀၀၀ ကျော် ကျနော်တို့ ပို့တယ်။ အားလုံးတော့ မစုံသေးဘူး။ ၂၀၁၅ တုန်းက ၃၀,၀၀၀ ကျော်ကျော်လောက်ကနေ အခု ၁၀၀,၀၀၀ ကျော်ဆိုတော့ အဲ့လိုတော့ တိုးတက်တာ ရှိတာပေါ့။ သံရုံး ၃၈ ရုံး၊ နိုင်ငံ ၃၈ နိုင်ငံရဲ့ မြန်မာသံရုံးရှိတယ်၊ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးရှိတယ်၊ ကောင်စစ်ဝင်ချုပ်ရုံး ရှိတယ်။ အဲ့ဒီ ၄၅ ရုံးကနေ ဆောင်ရွက်ပေးတာ။"

ဒီလဆန်းကစ ကြိုတင်မဲပေးခွင့်ရတဲ့ ထိုင်းနိုင်ငံမှာတော့ မဲဆန္ဒရှင် ၄၀,၀၀၀ နီးပါး မဲပေးခဲ့ကြပြီး၊ စင်္ကာပူနိုင်ငံမှာ ၃၅,၀၀၀ ဝန်းကျင်၊ တောင်ကိုရီးယားမှာ ၁၀,၀၀၀ ကျော်၊ ဂျပန်နိုင်ငံမှာတော့ ၈,၆၀၀ ကျော်နဲ့ မလေးရှားနိုင်ငံမှာတော့ ၆,၄၀၀ ကျော်လောက် ရှိတယ်လို့လည်း ပြောပါတယ်။ အာရှတိုက်နဲ့ အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံပေါင်း ၃၈ နိုင်ငံမှာ ကြိုတင်မဲပေးဖို့ စီစဉ်ခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ သံရုံးတွေ မရှိတဲ့ နိုင်ငံ ၉ နိုင်ငံ အပါအဝင် မဲရုံခွဲတွေ တိုးချဲ့ဖွင့်လှစ်ပြီး ကြိုတင်မဲပေးနိုင်အောင် စီစဉ်နိုင်ခဲ့ကြောင်းလည်း ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးကပြောပါတယ်။

"ကြိုတင်ဆန္ဒမဲလက်မှတ်က ဒီကြားထဲမှာ တချို့တွေ ကျနော်တို့က သံရုံးတွေကို ကျနော်တို့က ပို့လိုက်တယ်။ သူတို့တောင်းတယ်၊ စစ်တယ် သက်ဆိုင်ရာတွေက။ စစ်လို့မို့လို့ ပါလာတဲ့ တချို့လူတွေကျတော့ ဒီသက်ဆိုင်ရာနေရာမှာ မတွေ့တာပေါ့နော်။ မတွေ့လို့ မပြုလို့ရှိရင်တော့ သူတို့က ပြန်ပြီးတော့ အချက်အလက်ပေးတယ်၊ ပေးပြီးတော့ ပြန်ပြီးတော့ confirm ဖြစ်တယ်ဆိုရင် ပြန်ပြီးတော့ ပို့တယ်။ ဒီ process တွေ ရှိတယ်။ သံရုံးတွေကနေပြီးတော့ကျမှ တချို့နည်းနည်းလေး သံရုံးနဲ့ နီးစပ်တဲ့ နိုင်ငံတွေ၊ နီးစပ်တဲ့ နေရာတွေ အဲဒီက ကိုယ်စားလှယ်တွေက လုပ်ဆောင်ပေးဖို့ကျတော့ ကျနော်တို့က သတ်မှတ်တဲ့ အချိန်ပေါ့ ... ဒီအချိန်ကာလအတွက် အချိန်မီရင်တော့ ကျနော်တို့ဆီကို စာပေးညှိနှိုင်းရင် ကျနော်တို့ကလည်း အချိန်မီတယ်ဆိုရင် ဆောင်ရွက်ပေးလို့ရတယ်ဆိုပြီး ကျနော်တို့ ညှိနှိုင်းဆောင်ရွက်နေတာတော့ ရှိတယ်။"

ပြည်ပရောက်နိုင်ငံသားတွေ အရင်ထက် ကြိုတင်မဲပေးခွင့်ရသူတွေ ပိုများလာတယ် ဆိုပေမဲ့လည်း ကပ်ရောဂါနဲ့ ကြုံနေရချိန်မှာ မဲမပေးနိုင်သူတွေလည်း ရှိပါတယ်။ တချိန်တည်းမှာပဲ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးခွင့် ပိုရလာတယ် ဆိုပေမဲ့ အချက်အလက်တွေ မှန်ကန်မှုရှိအောင် စောင့်ကြည့်အကဲခတ်ခွင့် အားနည်းနေဆဲ ဖြစ်တယ်လို့လည်း ရွေးကောက်ပွဲအကဲခတ် Peace and Justice Myanmar အဖွဲ့က အမှုဆောင်ဒါရိုက်တာ ဒေါ်ရွှေရည်ဝင်း ကပြောပါတယ်။

"အရင် ၂၀၁၅ တုန်းကဆိုရင် အဲကြိုတင်မဲတွေကို နေပြည်တော်ကနေ နိုင်ငံခြားကို ပို့မယ်ဆိုရင် ပို့မယ့် နိုင်ငံအလိုက်ပေါ့နော်.. ကျမတို့ လေ့လာခွင့်ရတယ်။ အခုက ကိုဗစ်ကလည်း ဖြစ်တယ်၊ သူတို့ကလည်း အရပ်ဘက်တွေကို မဖိတ်ဘူးပေါ့နော်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ပို့လိုက်တယ်ဆိုတာပဲ သိရတယ်။ တကယ့်တကယ်တော့ ဒါကို စူးစမ်းလေ့လာခွင့် မရှိဘူး။ အရင်နှစ်ကထက် ၃ ဆ တက်တယ်ပေါ့နော်။ အရင်နှစ်က ၂၀၁၅ တုန်းက စာရင်းတွေလည်း ကျမတို့ဆီမှာလည်း ရှိတယ်။ ဒါပေမဲ့ ဒီဥစ္စာနဲ့ ပတ်သက်ပြီးတော့ တိတိကျကျပေါ့နော် သုတေသနလုပ်ထားနိုင်တဲ့ ဘယ်အဖွဲ့အစည်းမှ မရှိဘူး။ နိုင်ငံခြားမှာ မဲပေးပြီးသွားရင် သူ့ရဲ့ နဂိုမူလ မြန်မာနိုင်ငံမှာ ရှိတဲ့ မဲစာရင်းမှာ ပဲဖျက်ထားပြီးပြီလား၊ မပယ်ဖျက်ထားဘူးလားဆိုတာ ပိုအရေးကြီးပါတယ်။ သူ့ရဲ့ သက်ဆိုင်ရာ နဂို မူလမဲစာရင်းမှာ မလုပ်ထားဘူးဆိုရင် အယောင်ဆောင်မဲပေးမှုတွေ ရှိလာနိုင်တယ်။ ကိုဗစ်ကာလမှာဆိုရင် အရပ်ဘက်အဖွဲ့စည်းတွေနဲ့ ပါဝင်ဆောင်ရွက်မှုက အရမ်းနည်းတယ်။ ကော်မရှင်အနေနဲ့လည်း အရင်ထက်စာရင် ရွေးကောက်ပွဲဆိုင်ရာ calendar ကို ကျမတို့ မထုတ်ပေးနိုင်ဘူး။ ကျမတို့ သတင်းအချက်အလက် ရရှိဖို့ အရမ်းခက်ခဲတယ် ၂၀၂၀ ရွေးကောက်ပွဲက။"

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်နဲ့ တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး မဲပေးခွင့်ရှိသူ ၃၇ သန်းကျော် ရှိမယ်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့လည်း ကပ်ရောဂါကာလ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားတာကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ထိခိုက်နိုင်တယ်လို့ ခန့်မှန်းနေကြသလို လွတ်လပ်မျှတတဲ့ အခြေအနေတွေ မရှိဘူးဆိုပြီး မဲဆန္ဒနနယ်မြေတချို့မှာ ရွေးကောက်ပွဲ ကျင်းပမယ့်အစီအစဉ်ကို ပယ်ဖျက်ထားတာကြောင့် ခန့်မှန်းခြေမဲဆန္ဒရှင် ၁,၀၀၀,၀၀၀ ကျော်လောက် မဲပေးခွင့် ဆုံးရှုံးရမယ့် အခြေအနေမှာ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG