သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ဖို့ စီစဉ်ထား” ရွေးကောက်ပွဲကော်မရှင်


လာမယ့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအတွက် ကပ်ရောဂါကာလ ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ဖို့အတွက် ကြိုတင် စီစဉ်နေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - uec - အောက်တိုဘာ ၂၀၊ ၂၀၂၀)
လာမယ့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအတွက် ကပ်ရောဂါကာလ ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ဖို့အတွက် ကြိုတင် စီစဉ်နေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - uec - အောက်တိုဘာ ၂၀၊ ၂၀၂၀)

[Zawgyi/Unicode]

မကြာခင် ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးမယ့်ပြည်သူတွေနဲ့ မဲရုံဝန်ထမ်းတွေ ကပ်ရောဂါကူးစက်မှု ကာကွယ်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်နဲ့ ကျန်းမာရေးဌာနတွေ ဘာတွေကြိုတင်စီမံထားသလဲ ဆိုတာကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က ပြောပြပေးပါမယ်။

"မြန်မာနိုင်ငံတွင်း ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ကူးစက်သူပေါင်း ၃၇,၀၀၀ ကျော်နဲ့ သေဆုံးသူ ၉၀၀ ကျော်အထိ ရှိနေတဲ့အချိန် ကပ်ရောဂါကာလ - ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမှာပါ။ ရွေးကောက်ပွဲမှာပြည်သူတွေ ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ရေး စီစဉ်ထားပါတယ်။" လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

"ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ကိုဗစ်၁၉ စွဲကပ်နေတဲ့အချိန်ကာလအတွင်းမှာ ရွေးကောက်ပွဲကို ကျင်းပတယ်။ ကိုဗစ်၁၉ ကလည်း အရေးကြီးသလို ရွေးကောက်ပွဲကလည်း အရေးကြီးတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေ မဲပေးပိုင်ခွင့်ရှိတဲ့သူတွေ အားလုံး မဲရုံကို လာရောက်ပြီးတော့ မဲပေးတဲ့အခါမှာ ဘေးကင်းလုံခြုံစွာနဲ့ ရောဂါကူးစက်ခြင်း မခံရအောင်နိုင်ငံတကာ အတွေ့အကြုံတွေကို ကျနော်တို့ လေ့လာဆည်းပူးခဲ့ပါတယ်။ အထူးသဖြင့် ဘယ်လိုပဲ ကိုဗစ်၁၉ ရောဂါ စွဲကပ်နေတဲ့နိုင်ငံတွေမှာ ကျင်းပခဲ့တဲ့ အတွေ့အကြုံတွေကို ယူပြီးတော့ သေသေချာချာ ကျနော်တို့ စီမံထားပါတယ်။"

ရွေးကောက်ပွဲ ကျင်းပခွင့်ရှိတဲ့ ပြည်နယ် တိုင်းဒေသအလိုက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတဲ့အထဲ လူဦးရေထူထပ် များပြားတဲ့ ဧရာဝတီတိုင်းတွင်းမှာ မဲရုံပေါင်း ၅,၇၀၀ ကျော်အတွက် ကျန်းမာရေးဆိုင်ရာ ကြိုတင်ပြင်ဆင် ထားပါတယ်လို့ဧရာဝတီတိုင်း ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်အောင်က ပြောပြပါတယ်။

"ကျနော်တို့ ရွေးကောက်ပွဲအတွက်ကတော့ ကျန်းမာရေးဝန်ထမ်းတွေတိုင်းကို မဲရုံတိုင်းမှာ- မဲရုံပေါင်း ၅,၇၄၈ ရှိပါတယ်။ ၅,၇၄၈ ရုံမှာ ၁ ရုံကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဝန်ထမ်း ၁ ဦး၊ ၁ ဦး စီ တာဝန်ချထားတယ်။ စီမံချက်တွေ ဆွဲပြီးတော့ ဘယ်မဲရုံမှာ ဘယ်သူဆိုတာ တာဝန်ချထားပေးတယ်။ ပြည်သူများအတွက် ကလည်း ကြိုတင်ပြီးတော့မှ ရွေးကောက်ပွဲကော်မရှင် အနေနဲ့ လိုအပ်တဲ့ Mask တွေ Hand Gel လက်သန့်စင်ဆေးရည်တွေ Face Shield လက်အိတ် အစရှိတာတွေ တခါတည်းပေးမယ်။ မဲရုံတွေမှာလည်း Social Distancing ၆ပေ အကွာကနေ တန်းစီဖို့ရယ်။ နောက်တခုက ကျနော်တို့ ဧရာဝတီတိုင်းက လူဦးရေအရမ်းများတယ်။ တချို့မဲရုံတွေမှာ ၃,၀၀၀ ကျော်တယ် အဲ့ဒီတော့ တန်းစီမှု နည်းအောင် မဲပေးမယ့်ကောင်တာတွေ ခွဲထားတယ်။ လုံခြုံရေးအတွက်လည်း ရဲတွေ တာဝန်ချထားတယ်။ နောက်တခုက စာရွက်ကနေ မကူးအောင် မှတ်ပုံတင်တွေကနေ မကူးအောင်လည်း တခါတည်း ပလက်စတစ်အလုံ ပိတ်ထားနိုင်ဖို့ လုပ်ထားတယ်။ အားလုံးတော့ ပြည့်စုံအောင်တော့ ကျနော်စီစဉ်ထားပါတယ်။ အရေးပေါ်ဖြစ်လာရင် အရေးပေါ်စင်တာ EOC (Emergency Operations Center) ဖွင့်ပြီးတော့အဲ့ရက်မှာ ဆောင်ရွက်ပါမယ်။ လိုအပ်လို့ ရွေးကောက်ပွဲမှာ နေမကောင်းဖြစ်လာရင်လည်း ကိုဗစ်မပြန့်ပွားရအောင် Ambulance တွေထားမယ် ဒါတွေကိုကြိုတင်ပြီး စီစဉ်ထားပါတယ်ခင်ဗျ။"

လာမယ့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအတွက် ကပ်ရောဂါကာလ ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ဖို့အတွက် ကြိုတင် စီစဉ်နေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - uec - အောက်တိုဘာ ၂၀၊ ၂၀၂၀)
လာမယ့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအတွက် ကပ်ရောဂါကာလ ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ဖို့အတွက် ကြိုတင် စီစဉ်နေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - uec - အောက်တိုဘာ ၂၀၊ ၂၀၂၀)

ဒီလိုမျိုး ရွေးကောက်ပွဲကော်မရှင်နဲ့ သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေဘက်က ဒီလိုစီစဉ်ထားတယ်ဆိုပေမဲ့ ကူးစက်မြန် ကပ်ရောဂါကာလ ရွေးကောက်ပွဲ မဲလာပေးမယ့်ပြည်သူတွေ လုံခြုံရေးနဲ့ ကျန်းမာရေး အစီအမံတွေ အားနည်းချက်တွေ ရှိနေတယ်ဆိုပြီး အရပ်ဘက်အဖွဲ့အစည်းတွေဘက်ကတော့ အထူးကိုစိုးရိမ်နေကြဆဲဖြစ်ပါတယ်။ အရပ်ဘက်အဖွဲ့အစည်း အနာဂတ်အလင်းတန်းဆုံမှတ်က အမှုဆောင်ဒါရိုက်တာ မသက်သက်အောင်က သူ့စိုးရိမ်ချက်ပြောပြပါတယ်။

"ကျမတို့ အခုလက်ရှိ မနေ့ကအထိကို ၁,၀၀၀ ကျော် ကူးစက်မှုရှိတယ်။ သေဆုံးမှုကလည်း အမြဲတမ်း ဆယ်ဂဏန်း သေဆုံးနေတယ်ပေါ့နော် ။ ဒီလိုမျိုး အခြေအနေမှာ ပြည်သူတွေက ရွေးကောက်ပွဲမှာ မဲသွားပေးရမယ့်အခါမှာ ပြည်သူတွေရဲ့ လုံခြုံရေး ပြီးတော့ တခါ မဲရုံတွေမှာ စောင့်ရမယ့် မဲရုံမှူးတွေရဲ့ လုံခြုံရေး ။တကယ့်တကယ် ကိုဗစ်ဖြစ်နေချိန်မှာက လူစုလူဝေးက လုပ်ကို မလုပ်ရဘူး။ လူစုလူဝေးလုပ်ခြင်းအားဖြင့် ကျန်းမာရေးအတွက် တကယ့်ကို အန္တရာယ်ရှိတဲ့ စိန်ခေါ်ချက်ဖြစ်နေတဲ့အခြေအနေလေ။ အခုလက်ရှိကလည်း မနိုင်မနင်းအခြေအနေတွေမှာ ရှိနေသေးတယ်။ အခုထက်ထိ Stay At Home ရှိနေဆဲပဲ။ တကယ်လို့ ရွေးကောက်ပွဲမှာ ကူးစက်သွားမယ်ဆိုရင်ရော ဘယ်လိုစီစဉ်ထားလဲ။ ဒီလိုအချိန်မှာ ရွေးကောက်ပွဲကို မဲသွားပေးကြမယ့် ပြည်သူတွေအတွက်လည်း မဲသွားပေးရင် လုံခြုံရဲ့လား ဆိုတဲ့ စိုးရိမ်မှုတွေပေါ့နော်။ ဒါတွေအတွက်ကိုလည်း ဘယ်လိုစီစဉ်ထားလဲဆိုတာ ရှိဖို့လိုအပ်တယ်လို့ ကျမအနေနဲ့ မြင်ပါတယ်ရှင့်။"

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်နယ်တိုင်းဒေသကြီး မဲဆန္ဒနယ် ၁,၁၅၇ နယ်မြေအတွက် ပါတီပေါင်း ၉၁ ပါတီက ပါတီကိုယ်စားပြုနဲ့ တသီးပုဂ္ဂလကိုယ်စားပေါင်း ၅,၈၃၉ ဦး ပါဝင် ယှဉ်ပြိုင်ကြမှာပါ။ ဒီလို တနိုင်ငံလုံး အတိုင်းအတာနဲ့ မဲရုံပေါင်း ၄၁,၀၀၀ ဝန်းကျင်အတွက် မဲရုံဝန်ထမ်းက ၄၁၀,၀၀၀ တာဝန်ယူမှာဖြစ်ပြီး မဲပေးမယ့်သူပေါင်းကတော့ ၃၇ သန်းကျော်ရှိမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








လာမယ့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအတွက် ကပ်ရောဂါကာလ ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ဖို့အတွက် ကြိုတင် စီစဉ်နေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - uec - အောက်တိုဘာ ၂၀၊ ၂၀၂၀)
လာမယ့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအတွက် ကပ်ရောဂါကာလ ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ဖို့အတွက် ကြိုတင် စီစဉ်နေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - uec - အောက်တိုဘာ ၂၀၊ ၂၀၂၀)



XS
SM
MD
LG