သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာရ NLD နဲ့ အဓိကပြိုင်ဘက် USDP တို့ နေပြည်တော်မှာ အပြိုင်အဆိုင် မဲဆွယ်


၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေး အပြိုင်အဆိုင် စည်းရုံးရေးဆင်းနေကြတဲ့ NLD နဲ့ USDP ပါတီ ထောက်ခံသူများ။
၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေး အပြိုင်အဆိုင် စည်းရုံးရေးဆင်းနေကြတဲ့ NLD နဲ့ USDP ပါတီ ထောက်ခံသူများ။

(Zawgyi / Unicode)

ရွေးကောက်ပွဲကျင်းပဖို့ နီးလာချိန် အဓိကပြိုင်ဘက် အင်အားကြီးပါတီကြီး ၂ ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့ အစိုးရရုံးစိုက်ရာ နေပြည်တော်တဝိုက် အင်အားပြ စည်းရုံးပွဲတွေ အသီးသီး လုပ်နေကြပါတယ်။ ပါတီကြီး ၂ ခုရဲ့ ထောက်ခံသူတွေကြား မျှော်လင့်ချက်တွေကို AFP သတင်းဆောင်းပါးတွေ အခြေခံပြီး မသိင်္ဂီထိုက် တင်ပြပေးထားပါတယ်။

COVID-19 ကပ်ဘေးကြောင့် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံတဝန်း မဲဆွယ်စည်းရုံးပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ပေမယ့်လည်း နိုင်ငံတဝန်းမှာ စုဝေး အင်အားပြပွဲတွေတော့ လုပ်နေကြပါတယ်။ အစိုးရရုံးစိုက်ရာ နေပြည်တော်တဝိုက်မှာတော့ အောက်တိုဘာလ ၁၀ ရက်နေ့က လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူတွေ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ စည်းရုံး လှုပ်ရှားခဲ့ပါတယ်။

အသက် ၆၀ အရွယ် NLD ထောက်ခံသူ ဦးဝင်းနိုင်ကတော့ “ကိုဗစ်ကာလ ဖြစ်ပေမယ့်လည်း ပြည်သူတွေက ရောဂါရှိပေမယ့်လည်း ရောဂါမကြောက်ဘဲနဲ့ အမေနိုင်ရေးအတွက်ပဲ အဓိက စိတ်ထဲမှာ ထားခဲ့တာပေါ့။ လူတိုင်းမှာ အဲလိုစိတ်မျိုး ရှိပါတယ်ခင်ဗျ။” လို့ ပြောပါတယ်။

NLD ထောက်ခံသူ နောက်တဦးဖြစ်တဲ့ အသက် ၄၀ အရွယ် ကိုပြည့်ဖြိုးအောင်ကတော့...

“ဒီပါတီကိုပဲ ကျနော်က ချစ်တယ်။ NLD ဆိုရင် ကျနော်က အမြဲတမ်း လေးစားပြီးသား။ ငယ်ငယ်ကတည်းက ကျနော်တို့ မိဘတွေကလည်း နဂိုကတည်းက ဒီစိတ်ပဲ မွေးပေးခဲ့တာ ဆိုတော့။ ကျနော့်အဖေကအစ။ အဲဒီအတွက် ကျနော်ကလည်း ဒီစိတ်နဲ့ပဲ။ ဒီ NLD ဒီ အမေစု ဗိုလ်ချုပ်ကလွဲရင် ကျနော် ဘယ်သူ့ကိုမှ အယုံအကြည်မရှိဘူး။” လို့ ဆိုပါတယ်။

နေပြည်တော် စည်းရုံးရေးယာဉ်တန်းမှာ လိုက်ပါလာသူ ဦးမောင်လွင်ကလည်း သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။

“ကျနော်တို့ ဒီ NLD အောင်နိုင်ရေးက တကြောင်းဆိုတော့ ကိုဗစ်ထက် အရေးကြီးတဲ့ ကျနော်တို့ရဲ့ ပြည်သူလူထုရဲ့ ဘယ်လိုပြောရမလဲဆိုတော့ အာဏာရှင်ရဲ့ စနစ် လက်အောက်ကို ရောက်သွားမှာ ကြောက်လို့ ကိုဗစ်ထက်ပိုပြီး အရေးကြီးလို့ ဒီဥစ္စာကို ကျနော်တို့ တစည်းတလုံး စုစည်းပေးတာ။ ကျနော်တို့က ဒီလိုမြင်ပါတယ်။”

NLD ပါတီရဲ့ အဓိက အတိုက်အခံဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ထောက်ခံသူတွေကလည်း အောက်တိုဘာလ ၁၇ ရက်နေ့က နေပြည်တော်တဝိုက် ယာဉ်တန်းနဲ့ လှည့်လည်ပြီး စည်းရုံးရေး ဆင်းခဲ့ပါတယ်။ USDP ပါတီ ထောက်ခံသူ ဒေါ်ခင်မြကတော့ USDP ပါတီဥက္ကဋ္ဌ ဦးသန်းဌေး အနိုင်ရမယ်လို့ အခိုင်အမာ ယုံကြည်ထားသူပါ။

“ဒါက နိုင်မှာ။ ဘာဖြစ်လို့လဲဆိုတော့ အမေကြီးတို့က အသိဆုံးလေ၊ ရွာထဲမှာနေတော့။ ကားလည်း အများဆုံး၊ လူလည်း အများဆုံး၊ အမေကြီးတို့ ရွာထဲလည်း အများဆုံး။”

USDP ပါတီ ထောက်ခံသူ ကိုမင်းမင်းကတော့ စည်းရုံးရေးမှာ လူထုထောက်ခံမှုက ထင်မှတ်မထားလောက်အောင် ရခဲ့ပါတယ်လို့ ဆိုပါတယ်။

“အရမ်းအားတက်တယ်၊ အရမ်းလည်း ပျော်တယ်ဗျ။ ကျနော်တို့ မထင်မှတ်ထားတဲ့ ပုံစံကြီးကို ကျနော်တို့ တွေ့ရတယ်။ တချို့ဆို ကြက်သီးတောင်ထတယ်။ အမှန်အတိုင်း ပြောရရင် ကျနော်တို့လူငယ်တွေ တကယ်ကို ကြက်သီးထတယ်။ ကျနော်တို့ အဲလောက်ထိ မျှော်လင့်တော့ မထားဘူးပေါ့။ ဒါပေမယ့် ဖြစ်သွားတယ်။ ကျနော်တို့ အဲဒါလေးကိုတော့ ကျနော်တို့ ၁၀၀ ရာခိုင်နှုန်း ကျနော်တို့ မျှော်လင့်ပါတယ်။”

COVID-19 ကပ်ဘေးကာလကြောင့် နိုင်ငံတဝန်း ကူးသန်းသွားလာရေး အခက်အခဲအပြင် ဗိုင်းရပ်စ်ကပ်ဘေး ထိန်းချုပ်နိုင်ရေးအတွက် လူထု ဟောပြောပွဲတွေ မလုပ်နိုင်သလို စည်းရုံးရေးလည်း မဆင်းနိုင်ကြပါဘူး။ တချိန်တည်းမှာပဲ လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေတဲ့ ရခိုင်ပြည်နယ်ထဲမှာ မူလက ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်ထားခဲ့တဲ့ မြို့နယ် ၉ ခုနဲ့ တခြားမြို့နယ် ၄ ခုတွင်းက မဲဆန္ဒနယ် တချို့မှာလည်း ရွေးကောက်ပွဲ မကျင်းပတော့ဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)














XS
SM
MD
LG