သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ ၉ ၿမိဳ႕နယ္ ေရြးေကာက္ပဲြမက်င္းပမႈ ရခိုင္ပါတီကိုယ္စားလွယ္ေတြ ေဝဖန္


၂၀၁၅ မွာ က်င္းပခဲ့တဲ့ ေရြးေကာက္ပြဲအတြင္း ရခုိင္ျပည္နယ္ စစ္ေတြၿမိဳ႕က မဲ႐ုံတခုမွာ မဲေရတြက္ေနတဲ့ျမင္ကြင္း။ (ႏုိဝင္ဘာ ၈၊ ၂၀၁၅)

(Zawgyi / Unicode)

‘လြတ္လပ္ၿပီး တရားမွ်တတဲ့ေရြးေကာက္ပြဲ က်င္းပႏိုင္ေျခမရွိ’ ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ရခိုင္ျပည္နယ္တြင္း ၿမိဳ႕နယ္လုံးကၽြတ္ ၉ ၿမိဳ႕နယ္နဲ႔ အျခားၿမိဳ႕နယ္က ေက်းရြာအုပ္စု ေတာ္ေတာ္မ်ားမ်ားမွာ ေရြးေကာက္ပြဲ မက်င္းပေတာ့ဘူးဆိုတဲ့ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ရဲ႕ ဆုံးျဖတ္ခ်က္ဟာ တရားမွ်တမႈ မရွိသလို မဲေပးပိုင္ခြင့္ရွိတဲ့ ျပည္သူေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို ႐ိုက္ခ်ိဳးလိုက္သလို ျဖစ္သြားတယ္ဆိုတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ သေဘာထားေတြကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မဆုမြန္ စုစည္းတင္ျပထားပါတယ္။

လာမယ့္ ႏုိဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ ၂၀၂၀ ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲမွာ ‘လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲ က်င္းပဖို႔ အေျခအေန မရွိတဲ့အတြက္ ရခိုင္ျပည္နယ္ အပါအဝင္ တိုင္းရင္းေဒသက နယ္ေျမအခ်ိဳ႕မွာ ေရြးေကာက္ပြဲ က်င္းပေတာ့မွာ မဟုတ္ဘူး’ လို႔ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ကေန ေအာက္တိုဘာလ ၁၆ ရက္ေန႔ မေန႔က ေၾကညာခ်က္ ၆ ေစာင္ ထုတ္ျပန္ၿပီး ႏုိင္ငံကို ေၾကညာလိုက္တာပါ။

ရခိုင္ျပည္နယ္ထဲမွာ ေပါက္ေတာ၊ ပုဏၰားကၽြန္း၊ ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ေက်ာက္ေတာ္၊ မင္းျပား၊ ေျမပုံ၊ ေျမာက္ဦးၿမိဳ႕နယ္ စတဲ့ ၿမိဳ႕နယ္ေပါင္း ၉ ၿမိဳ႕နယ္စလုံးနဲ႔ ေက်ာက္ျဖဴၿမိဳ႕နယ္က ရပ္ကြက္ ၂ ေက်းရြာအုပ္စု ၅၂ အုပ္စု၊ အမ္းၿမိဳ႕နယ္က ရပ္ကြက္ ၃ ေက်းရြာအုပ္စု ၂၉ အုပ္စု၊ စစ္ေတြၿမိဳ႕က ေက်းရြာအုပ္စု ၄ အုပ္စု၊ ေတာင္ကုတ္ၿမိဳ႕နယ္က ရပ္ကြက္ ၁၀ ရပ္ကြက္ ေက်းရြာအုပ္စု ၅၂ အုပ္စု စတဲ့ ၿမိဳ႕နယ္ေက်းရြာအလိုက္ အေသးစိတ္ အမည္စာရင္းေတြကို ေရြးေကာက္ပြဲေကာ္မရွင္ဘက္က ထုတ္ျပန္လိုက္တာပါ။

အခုလို ေရြးေကာက္ပြဲက်င္းပဖို႔ တလနီးပါးေတာင္ မလိုေတာ့တဲ့ အခ်ိန္မွာမွ ကပ္ၿပီးေတာ့ ေရြးေကာက္ပြဲ မက်င္းပေတာ့ဘူးဆိုၿပီး ေရြးေကာက္ပြဲေကာ္မရွင္ဘက္က ႐ုတ္တရက္ ထေၾကညာလိုက္တဲ့အေပၚမွာ အဲ့ဒီ့နယ္ေျမေတြမွာ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ ျပင္ဆင္ေနၾကတဲ့ စည္း႐ုံးေရးဆင္းေနၾကတဲ့ တိုင္းရင္းသားအမတ္ ေတာ္ေတာ္မ်ားမ်ား အံ့အားသင့္ခဲ့ၾကပါတယ္။

‘လုံၿခဳံေရးအေၾကာင္းျပခ်က္နဲ႔ ႏိုင္ငံေရးအျမတ္ထုတ္မႈ’ လို႔ လက္ရွိ ေျမပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္လည္းျဖစ္ ၂၀၂၀ မွာ ေျမပုံၿမိဳ႕နယ္မွာပဲ ပါဝင္ယွဥ္ၿပိဳင္ အေရြးခံမယ့္ ဦးေဖသန္းက ေဝဖန္ေျပာဆိုလိုက္ပါတယ္။

“ဖ်က္သိမ္းခံရတဲ့ ၿမိဳ႕နယ္ေတြကို ၾကည့္လိုက္ေတာ့ အကုန္လံုး ANP ရခိုင္အမ်ိဳးသားပါတီက အႏိုင္ရတဲ့ၿမိဳ႕နယ္ေတြ ျဖစ္တယ္။ ေနာက္ၿပီး ေပါက္ေတာတို႔ ေျမပုံတို႔ဆိုတာ တိုက္ပြဲေတြျဖစ္ေနတဲ့ ေနရာေတြ မဟုတ္ဘူး။ ေပါက္ေတာဆိုရင္ ေသနတ္သံေတာင္ မၾကားဘူး။ အဲ့လိုၿမိဳ႕နယ္ကိုက်ေတာ့ ဖ်က္ၿပီးေတာ့ တကယ့္ကို နင္လား ငါလား အႀကီးအက်ယ္ျဖစ္ခဲ့တဲ့ ပလက္ဝၿမိဳ႕နယ္က်ေတာ့ ေရြးေကာက္ပြဲမွာ ျပန္ထည့္ျပန္ေရာ။ အဲ့ဒီ့ေတာ့ လုံၿခဳံေရးအျပင္ ႏုိင္ငံေရးအက်ိဳးအျမတ္အတြက္ ေမွ်ာ္ကိုးၿပီးေတာ့ စစ္ေရးနဲ႔ လုံၿခဳံေရးနဲ႔ ပါတီႏိုင္ငံေရးကို ေရာသမေမႊၿပီးေတာ့ ထုတ္လိုက္တဲ့အေျဖလို႔ပဲ က်ေနာ္က အဲ့လိုပဲေျပာရမွာ ျဖစ္ပါတယ္ခင္ဗ်။”

လက္ရွိလည္း ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္လည္းျဖစ္၊ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ေရြးေကာက္ပြဲမွာလည္း ကိုယ္စားလွယ္ေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ အေရြးခံမယ့္ ဦးထြန္းဝင္းက ဒီလုပ္ရပ္က ျပည္သူေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို ႐ိုက္ခ်ိဳးသလို ျဖစ္သြားတယ္လို႔ ဆိုပါတယ္။

“ေရြးေကာက္ပြဲက်င္းပဖို႔ နီးလာၿပီး တလေလာက္ေတာင္ မလိုေတာ့တဲ့အခ်ိန္မွာ က်ေနာ္တို႔ဘက္ကလည္း ကိုယ္ျပင္ဆင္လို႔ရတဲ့ အပိုင္းေတြကို ႀကိဳတင္ျပင္ဆင္ေနၾကတာေပါ့ ဒီအခ်ိန္မွာကေတာ့။ ေနာက္ စစ္ေရးပဋိပကၡေတြ ျဖစ္ေနတယ္၊ ေအာက္ေျခမွာ ျပည္သူေတြရဲ႕ လိုအပ္ခ်က္ေတြ၊ ျပႆနာေတြ၊ နိစၥဓူဝ လူမႈျပႆနာေတြ ရွိေနတဲ့အခါက်ေတာ့ ဒီအခ်ိန္မွာ ကိုယ္စားျပဳမႈဟာ အေရးႀကီးတယ္ဆိုတဲ့ ခံစားမႈေတြနဲ႔ ေရြးေကာက္ပြဲကို ေမွ်ာ္လင့္ေနၾကတဲ့ လူေတြေတာ္ေတာ္မ်ားမ်ား က်ေနာ္တို႔ ေတြ႔ေနရတယ္ေပါ့။ ဒီလိုအခ်ိန္မွာ ဒီလိုထုတ္ျပန္လိုက္တာကေတာ့ျဖင့္ ဒီေမွ်ာ္လင့္ခ်က္ေတြကို အကုန္လံုး ႐ိုက္ခ်ိဳးလိုက္သလို ျဖစ္သြားတာေပါ့။ က်ေနာ္တို႔လည္း သူတို႔အတြက္ အမ်ားႀကီး စိတ္မေကာင္းျဖစ္ရတာေပါ့။ ဆိုေတာ့ ျပည္သူကို ကိုယ္စားျပဳတဲ့သူေတြက ျပည္သူေတြရဲ႕ ခံစားမႈေတြကို တရားဝင္လမ္းေၾကာင္းက က်ေနာ္တို႔ ေျပာခြင့္မရတဲ့ အေနအထားမ်ိဳးအထိ ျဖစ္သြားတာေပါ့။”

စစ္ေဘး ေရာဂါေဘးေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ရခိုင္ေဒသခံေတြအတြက္ ‘မဲေပးပိုင္ခြင့္ ႏိုင္ငံသားတို႔ရဲ႕ အခြင့္အေရး’ ပါ ဒီမိုကေရစီအစိုးရ လက္ထက္မွာမွ ဆုံး႐ႈံးနစ္နာရတဲ့ အေျခအေနျဖစ္ၿပီး ဒါဟာ ႏိုင္ငံေရးေဘာင္ကို က်ဥ္းၿပီး စစ္ေဘာင္ကို ခ်ဲ႕လိုက္တဲ့လုပ္ရပ္အျဖစ္ ANP ရခိုင္အမ်ိဳးသားပါတီရဲ႕ ဗဟိုေကာ္မတီဝင္ အတြင္းေရးမႉး ၁ ဦးေအာင္ျမတ္ေက်ာ္က သုံးသပ္ပါတယ္။

“ဒီမိုကေရစီႏိုင္ငံအေနနဲ႔ ေဖာ္ေဆာင္မယ္လို႔ ေႂကြးေၾကာ္ေနတဲ့ ဒီမိုကေရစီအစိုးရလို႔ ေျပာေနတဲ့ NLD အစိုးရလက္ထက္မွာမွ ဒီမဲဆႏၵနယ္ေတြ အဲ့ေလာက္ေလာက္ အမ်ားႀကီးပယ္ဖ်က္ၿပီး လုပ္လိုက္တာက ဒီမိုကေရစီမဆန္တဲ့ အစိုးရ ျဖစ္သြားတာေပါ့။ ဒီမိုကေရစီအစိုးရလို႔ ခံယူတဲ့ အစိုးရလက္ထက္က်မွ ေျပာမယ္ဆိုရင္ ႏုိင္ငံေရးေဘာင္ကို က်ဥ္းလိုက္ၿပီး စစ္ေဘာင္ကို ခ်ဲ႕လိုက္တဲ့ သေဘာမ်ိဳး ျဖစ္သြားတယ္။ ဒီမိုကေရစီ အခင္းအက်င္းအရကို လုံးဝကို လက္ခံႏိုင္စရာအေၾကာင္း မရွိဘူးလို႔ က်ေနာ္တို႔က သုံးသပ္တယ္။ အဓိကကေတာ့ လက္ရွိ အာဏာရအစိုးရက UEC ကို လႊမ္းမိုးၿပီး လုပ္တဲ့သေဘာမ်ိဳးလို႔ သံုးသပ္မိတယ္။ ၉ ၿမိဳ႕နယ္ေတာင္ ပယ္လိုက္တာကေတာ့ အရမ္းကို မ်ားလြန္းတယ္ သူတို႔။ ေျပာမယ္ဆို ဒီဟာအတြက္ ျပင္ဆင္ထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အမ်ားႀကီးပဲ။ က်ေနာ္တို႔ပါတီတခုတည္း မဟုတ္ဘူး။ တျခားပါတီေတြလည္း ပါတယ္။ အဲ့ဒါေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြ ကုန္က်စရိတ္ေတြက ေတာ္ေတာ္ကို နစ္နာတဲ့ သေဘာမ်ိဳး ျဖစ္သြားတာေပါ့။ မတရားသျဖင့္လုပ္တယ္လို႔ပဲ က်ေနာ္တို႔က သုံးသပ္တယ္။”

ဒီလိုစစ္ျဖစ္ေနတဲ့ ေဒသေတြမွာ အတိဒုကၡေရာက္ေနတဲ့ ျပည္သူကို ကိုယ္စားျပဳတဲ့ ျပည္သူ႔အသံကို တင္ျပႏိုင္မယ့္ ျပည္သူ႔ကိုယ္စားလွယ္ မရွိရင္ ေဒသတြင္း ပဋိပကၡ အေျခအေနေတြဟာ ပိုၿပီး ဆိုးဝါးကုန္မယ္လို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းက ႐ႈျမင္ပါတယ္။

“က်ေနာ္တို႔ေဒသမွာ စစ္ပြဲေတြပဲျဖစ္ေနတယ္၊ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ စစ္ရာဇဝတ္မႈေတြ အဆုံးျဖစ္ေနတဲ့ ေနရာမ်ိဳးမွာ ေရြးေကာက္ပြဲမရွိလို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ မရွိတဲ့ နယ္ေျမမ်ိဳးမွာ ျပည္သူ႔အသံေတြ ျပည္သူကို ကိုယ္စားျပဳတဲ့ အသံဟာ ေပ်ာက္သြားမွာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ဒီေဒသမွာ ပိုၿပီးေတာ့ ျပႆနာေတြ ႐ႈပ္ေထြးလာလိမ့္မယ္။ ၂၀၂၀ နဲ႔ ၂၀၂၅ ၾကားမွာ ျပည္သူေတြ ပိုၿပီးေတာ့ ဒုကၡေရာက္လာၾကလိမ့္မယ္။ ရွိတဲ့လႊတ္ေတာ္ကလည္း ျပည္သူကို ကိုယ္စားျပဳမႈ အားနည္းတဲ့လႊတ္ေတာ္ ျဖစ္လာတဲ့အခါမွာ တခ်ိဳ႕ စစ္ျဖစ္ေနတဲ့ မဲဆႏၵနယ္ေတြမွာ လုံးဝ ကိုယ္စားလွယ္မရွိဘူး ဆိုရင္ေတာ့ စစ္ပြဲရဲ႕လကၡဏာ ပိုၿပီးေတာ့ က်ယ္ျပန႔္ဆိုးရြားလာလိမ့္မယ္လို႔ ထင္တယ္။”

ရခိုင္ျပည္နယ္တြင္း ေဒသေတြ အပါအဝင္ တိုင္းရင္းသားနယ္ေျမတခ်ိဳ႕မွာ အခုလို ေရြးေကာက္ပဲြ မက်င္းပႏိုင္တာနဲ႔ ပတ္သက္လို႔ ျပည္ေထာင္စု ေရြးေကာက္ပဲြေကာ္မရွင္ အေနနဲ႔ ဘာေၾကာင့္လဲဆိုတာကို ဒီ့ထက္ပိုၿပီး ရွင္းရွင္းလင္းလင္း ထုတ္ျပန္အသိေပးသင့္တယ္လို႔ ဆိုင္ရာ တိုင္းရင္းသားပါတီေတြေရာ ႏိုင္ငံေရးေလ့လာသူေတြကပါ တိုက္တြန္းေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

ရခိုင် ၉ မြို့နယ် ရွေးကောက်ပွဲမကျင်းပမှု ရခိုင်ပါတီကိုယ်စားလှယ်တွေ ဝေဖန်

‘လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ကျင်းပနိုင်ခြေမရှိ’ ဆိုတဲ့ အကြောင်းပြချက်နဲ့ ရခိုင်ပြည်နယ်တွင်း မြို့နယ်လုံးကျွတ် ၉ မြို့နယ်နဲ့ အခြားမြို့နယ်က ကျေးရွာအုပ်စု တော်တော်များများမှာ ရွေးကောက်ပွဲ မကျင်းပတော့ဘူးဆိုတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ တရားမျှတမှု မရှိသလို မဲပေးပိုင်ခွင့်ရှိတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးလိုက်သလို ဖြစ်သွားတယ်ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန် စုစည်းတင်ပြထားပါတယ်။

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ‘လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေ မရှိတဲ့အတွက် ရခိုင်ပြည်နယ် အပါအဝင် တိုင်းရင်းဒေသက နယ်မြေအချို့မှာ ရွေးကောက်ပွဲ ကျင်းပတော့မှာ မဟုတ်ဘူး’ လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ အောက်တိုဘာလ ၁၆ ရက်နေ့ မနေ့က ကြေညာချက် ၆ စောင် ထုတ်ပြန်ပြီး နိုင်ငံကို ကြေညာလိုက်တာပါ။

ရခိုင်ပြည်နယ်ထဲမှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးမြို့နယ် စတဲ့ မြို့နယ်ပေါင်း ၉ မြို့နယ်စလုံးနဲ့ ကျောက်ဖြူမြို့နယ်က ရပ်ကွက် ၂ ကျေးရွာအုပ်စု ၅၂ အုပ်စု၊ အမ်းမြို့နယ်က ရပ်ကွက် ၃ ကျေးရွာအုပ်စု ၂၉ အုပ်စု၊ စစ်တွေမြို့က ကျေးရွာအုပ်စု ၄ အုပ်စု၊ တောင်ကုတ်မြို့နယ်က ရပ်ကွက် ၁၀ ရပ်ကွက် ကျေးရွာအုပ်စု ၅၂ အုပ်စု စတဲ့ မြို့နယ်ကျေးရွာအလိုက် အသေးစိတ် အမည်စာရင်းတွေကို ရွေးကောက်ပွဲကော်မရှင်ဘက်က ထုတ်ပြန်လိုက်တာပါ။

အခုလို ရွေးကောက်ပွဲကျင်းပဖို့ တလနီးပါးတောင် မလိုတော့တဲ့ အချိန်မှာမှ ကပ်ပြီးတော့ ရွေးကောက်ပွဲ မကျင်းပတော့ဘူးဆိုပြီး ရွေးကောက်ပွဲကော်မရှင်ဘက်က ရုတ်တရက် ထကြေညာလိုက်တဲ့အပေါ်မှာ အဲ့ဒီ့နယ်မြေတွေမှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြတဲ့ စည်းရုံးရေးဆင်းနေကြတဲ့ တိုင်းရင်းသားအမတ် တော်တော်များများ အံ့အားသင့်ခဲ့ကြပါတယ်။

‘လုံခြုံရေးအကြောင်းပြချက်နဲ့ နိုင်ငံရေးအမြတ်ထုတ်မှု’ လို့ လက်ရှိ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် ၂၀၂၀ မှာ မြေပုံမြို့နယ်မှာပဲ ပါဝင်ယှဉ်ပြိုင် အရွေးခံမယ့် ဦးဖေသန်းက ဝေဖန်ပြောဆိုလိုက်ပါတယ်။

“ဖျက်သိမ်းခံရတဲ့ မြို့နယ်တွေကို ကြည့်လိုက်တော့ အကုန်လုံး ANP ရခိုင်အမျိုးသားပါတီက အနိုင်ရတဲ့မြို့နယ်တွေ ဖြစ်တယ်။ နောက်ပြီး ပေါက်တောတို့ မြေပုံတို့ဆိုတာ တိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေ မဟုတ်ဘူး။ ပေါက်တောဆိုရင် သေနတ်သံတောင် မကြားဘူး။ အဲ့လိုမြို့နယ်ကိုကျတော့ ဖျက်ပြီးတော့ တကယ့်ကို နင်လား ငါလား အကြီးအကျယ်ဖြစ်ခဲ့တဲ့ ပလက်ဝမြို့နယ်ကျတော့ ရွေးကောက်ပွဲမှာ ပြန်ထည့်ပြန်ရော။ အဲ့ဒီ့တော့ လုံခြုံရေးအပြင် နိုင်ငံရေးအကျိုးအမြတ်အတွက် မျှော်ကိုးပြီးတော့ စစ်ရေးနဲ့ လုံခြုံရေးနဲ့ ပါတီနိုင်ငံရေးကို ရောသမမွှေပြီးတော့ ထုတ်လိုက်တဲ့အဖြေလို့ပဲ ကျနော်က အဲ့လိုပဲပြောရမှာ ဖြစ်ပါတယ်ခင်ဗျ။”

လက်ရှိလည်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ လာမယ့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာလည်း ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမယ့် ဦးထွန်းဝင်းက ဒီလုပ်ရပ်က ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးသလို ဖြစ်သွားတယ်လို့ ဆိုပါတယ်။

“ရွေးကောက်ပွဲကျင်းပဖို့ နီးလာပြီး တလလောက်တောင် မလိုတော့တဲ့အချိန်မှာ ကျနော်တို့ဘက်ကလည်း ကိုယ်ပြင်ဆင်လို့ရတဲ့ အပိုင်းတွေကို ကြိုတင်ပြင်ဆင်နေကြတာပေါ့ ဒီအချိန်မှာကတော့။ နောက် စစ်ရေးပဋိပက္ခတွေ ဖြစ်နေတယ်၊ အောက်ခြေမှာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ၊ ပြဿနာတွေ၊ နိစ္စဓူဝ လူမှုပြဿနာတွေ ရှိနေတဲ့အခါကျတော့ ဒီအချိန်မှာ ကိုယ်စားပြုမှုဟာ အရေးကြီးတယ်ဆိုတဲ့ ခံစားမှုတွေနဲ့ ရွေးကောက်ပွဲကို မျှော်လင့်နေကြတဲ့ လူတွေတော်တော်များများ ကျနော်တို့ တွေ့နေရတယ်ပေါ့။ ဒီလိုအချိန်မှာ ဒီလိုထုတ်ပြန်လိုက်တာကတော့ဖြင့် ဒီမျှော်လင့်ချက်တွေကို အကုန်လုံး ရိုက်ချိုးလိုက်သလို ဖြစ်သွားတာပေါ့။ ကျနော်တို့လည်း သူတို့အတွက် အများကြီး စိတ်မကောင်းဖြစ်ရတာပေါ့။ ဆိုတော့ ပြည်သူကို ကိုယ်စားပြုတဲ့သူတွေက ပြည်သူတွေရဲ့ ခံစားမှုတွေကို တရားဝင်လမ်းကြောင်းက ကျနော်တို့ ပြောခွင့်မရတဲ့ အနေအထားမျိုးအထိ ဖြစ်သွားတာပေါ့။”

စစ်ဘေး ရောဂါဘေးတွေနဲ့ ရင်ဆိုင်နေရတဲ့ ရခိုင်ဒေသခံတွေအတွက် ‘မဲပေးပိုင်ခွင့် နိုင်ငံသားတို့ရဲ့ အခွင့်အရေး’ ပါ ဒီမိုကရေစီအစိုးရ လက်ထက်မှာမှ ဆုံးရှုံးနစ်နာရတဲ့ အခြေအနေဖြစ်ပြီး ဒါဟာ နိုင်ငံရေးဘောင်ကို ကျဉ်းပြီး စစ်ဘောင်ကို ချဲ့လိုက်တဲ့လုပ်ရပ်အဖြစ် ANP ရခိုင်အမျိုးသားပါတီရဲ့ ဗဟိုကော်မတီဝင် အတွင်းရေးမှူး ၁ ဦးအောင်မြတ်ကျော်က သုံးသပ်ပါတယ်။

“ဒီမိုကရေစီနိုင်ငံအနေနဲ့ ဖော်ဆောင်မယ်လို့ ကြွေးကြော်နေတဲ့ ဒီမိုကရေစီအစိုးရလို့ ပြောနေတဲ့ NLD အစိုးရလက်ထက်မှာမှ ဒီမဲဆန္ဒနယ်တွေ အဲ့လောက်လောက် အများကြီးပယ်ဖျက်ပြီး လုပ်လိုက်တာက ဒီမိုကရေစီမဆန်တဲ့ အစိုးရ ဖြစ်သွားတာပေါ့။ ဒီမိုကရေစီအစိုးရလို့ ခံယူတဲ့ အစိုးရလက်ထက်ကျမှ ပြောမယ်ဆိုရင် နိုင်ငံရေးဘောင်ကို ကျဉ်းလိုက်ပြီး စစ်ဘောင်ကို ချဲ့လိုက်တဲ့ သဘောမျိုး ဖြစ်သွားတယ်။ ဒီမိုကရေစီ အခင်းအကျင်းအရကို လုံးဝကို လက်ခံနိုင်စရာအကြောင်း မရှိဘူးလို့ ကျနော်တို့က သုံးသပ်တယ်။ အဓိကကတော့ လက်ရှိ အာဏာရအစိုးရက UEC ကို လွှမ်းမိုးပြီး လုပ်တဲ့သဘောမျိုးလို့ သုံးသပ်မိတယ်။ ၉ မြို့နယ်တောင် ပယ်လိုက်တာကတော့ အရမ်းကို များလွန်းတယ် သူတို့။ ပြောမယ်ဆို ဒီဟာအတွက် ပြင်ဆင်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အများကြီးပဲ။ ကျနော်တို့ပါတီတခုတည်း မဟုတ်ဘူး။ တခြားပါတီတွေလည်း ပါတယ်။ အဲ့ဒါတွေရဲ့ လုပ်ဆောင်ချက်တွေ ကုန်ကျစရိတ်တွေက တော်တော်ကို နစ်နာတဲ့ သဘောမျိုး ဖြစ်သွားတာပေါ့။ မတရားသဖြင့်လုပ်တယ်လို့ပဲ ကျနော်တို့က သုံးသပ်တယ်။”

ဒီလိုစစ်ဖြစ်နေတဲ့ ဒေသတွေမှာ အတိဒုက္ခရောက်နေတဲ့ ပြည်သူကို ကိုယ်စားပြုတဲ့ ပြည်သူ့အသံကို တင်ပြနိုင်မယ့် ပြည်သူ့ကိုယ်စားလှယ် မရှိရင် ဒေသတွင်း ပဋိပက္ခ အခြေအနေတွေဟာ ပိုပြီး ဆိုးဝါးကုန်မယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ရှုမြင်ပါတယ်။

“ကျနော်တို့ဒေသမှာ စစ်ပွဲတွေပဲဖြစ်နေတယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စစ်ရာဇဝတ်မှုတွေ အဆုံးဖြစ်နေတဲ့ နေရာမျိုးမှာ ရွေးကောက်ပွဲမရှိလို့ လွှတ်တော်ကိုယ်စားလှယ်တွေ မရှိတဲ့ နယ်မြေမျိုးမှာ ပြည်သူ့အသံတွေ ပြည်သူကို ကိုယ်စားပြုတဲ့ အသံဟာ ပျောက်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီဒေသမှာ ပိုပြီးတော့ ပြဿနာတွေ ရှုပ်ထွေးလာလိမ့်မယ်။ ၂၀၂၀ နဲ့ ၂၀၂၅ ကြားမှာ ပြည်သူတွေ ပိုပြီးတော့ ဒုက္ခရောက်လာကြလိမ့်မယ်။ ရှိတဲ့လွှတ်တော်ကလည်း ပြည်သူကို ကိုယ်စားပြုမှု အားနည်းတဲ့လွှတ်တော် ဖြစ်လာတဲ့အခါမှာ တချို့ စစ်ဖြစ်နေတဲ့ မဲဆန္ဒနယ်တွေမှာ လုံးဝ ကိုယ်စားလှယ်မရှိဘူး ဆိုရင်တော့ စစ်ပွဲရဲ့လက္ခဏာ ပိုပြီးတော့ ကျယ်ပြန့်ဆိုးရွားလာလိမ့်မယ်လို့ ထင်တယ်။”

ရခိုင်ပြည်နယ်တွင်း ဒေသတွေ အပါအဝင် တိုင်းရင်းသားနယ်မြေတချို့မှာ အခုလို ရွေးကောက်ပွဲ မကျင်းပနိုင်တာနဲ့ ပတ်သက်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေနဲ့ ဘာကြောင့်လဲဆိုတာကို ဒီ့ထက်ပိုပြီး ရှင်းရှင်းလင်းလင်း ထုတ်ပြန်အသိပေးသင့်တယ်လို့ ဆိုင်ရာ တိုင်းရင်းသားပါတီတွေရော နိုင်ငံရေးလေ့လာသူတွေကပါ တိုက်တွန်းနေကြပါတယ်။

XS
SM
MD
LG