(Zawgyi / Unicode)
ကချင်ပြည်နယ်တွင်းက ကျေးရွာအုပ်စု တော်တော်များများမှာ ရွေးကောက်ပွဲ မကျင်းပတော့ဘူးဆိုတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံသားတွေရဲ့ အခြေခံရပိုင်ခွင့် မဲပေးပိုင်ခွင့်ဆိုတဲ့ နိုင်ငံသား အခွင့်အရေးတရပ်ကို ချိုးဖောက်တာသက်သက် ဖြစ်တယ်လို့ ကချင်အရေး လှုပ်ရှားသူတွေ၊ ကချင်လွှတ်တော် ကိုယ်စားလှယ်လောင်းနဲ့ ကချင်နိုင်ငံရေးပါတီဘက်က ဝေဖန်ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို မဆုမွန် စုစည်း တင်ပြထားပါတယ်။
လာမယ့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့ချိန်မှာ ကချင်ပြည်နယ် အပါအဝင် တိုင်းရင်းဒေသတချို့မှာ ‘လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိ’ ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၁၆ ရက်က နိုင်ငံကို ကြေညာလိုက်တာပါ။
ကချင်ပြည်နယ်တွင်းက ရွေးကောက်ပွဲ မကျင်းပနိုင်တော့မယ့် နေရာတွေကတော့ ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ်၊ မချမ်းဘော၊ မံစီ၊ မိုးမောက်၊ ရွှေကူ၊ ချီဖွေ၊ ဆော့လော်၊ တနိုင်း၊ ဝိုင်းမော်နဲ့ အင်ဂျန်းယန် မြို့နယ်တွေထဲက ကျေးရွာအုပ်စု တော်တော်များများ ပါဝင်ပါတယ်။
အခုလို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့ အစိုးရတပ်တို့ကြား နှစ်နဲ့ချီ စစ်ရေးပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ကချင်ပြည်နယ်တွင်းက ကချင်ဒေသခံ ကျေးရွာသူ ကျေးရွာသားတွေဟာ စစ်ဒဏ်ကို ခါးစည်းခံနေရသလို သူတို့ရဲ့ပြဿနာတွေကို ဖြေရှင်းပေးမယ့် ကိုယ်စားလှယ်တွေကို ရွေးချယ်တင်မြှောက်ခွင့် အခြေခံနိုင်ငံသား အခွင့်အရေးကိုပါ ဆုံးရှုံးရတဲ့ အနေအထား ဖြစ်နေတယ်လို့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဆိုင်းနုပန် (Seng Nu Pan) က ဝေဖန်ပြောဆိုလိုက်ပါတယ်။
“ကျမတို့အနေနဲ့ ခံစားရတာကတော့ ပြည်သူလူထုရဲ့ အခွင့်အရေး ဆုံးရှုံးတယ်လို့ ခံစားရပါတယ်။ အခု ကချင်ပြည်နယ်က တချို့နေရာတွေက ၂၀၁၅ မှာကတည်းက ပိတ်ထားတဲ့နေရာတွေ ဖြစ်တယ်။ ကျမတို့ ကချင်ပြည်နယ်မှာဆိုရင် လုပ်လို့ရတယ်။ ဒါပေမယ့်လည်း မလုပ်ဘူးဆိုတဲ့ အနေအထားမှာ ကျမတို့နိုင်ငံသားတွေရဲ့ အခွင့်အရေး အများကြီး ဆုံးရှုံးတယ်။ ဘာဖြစ်လို့လဲဆိုရင် နိုင်ငံတနိုင်ငံမှာ ကိုယ့်ကို ၅ နှစ်အုပ်ချုပ်မယ့် အစိုးရကို ကိုယ်ကိုယ်တိုင် ရွေးချယ်မယ့် အခွင့်အရေးတော့ ရှိသင့်တယ်ပေါ့နော်။ ဒါ နိုင်ငံသားဖြစ်တဲ့အတွက် နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးတော့ ရသင့်တယ်။ အခုတော့ မရဘူးဆိုတော့ ကျမတို့က စိတ်တော့မကောင်းဘူးပေါ့နော်။ ဒီအပေါ်မှာ UEC (The Union Election Commission) ဘက်ကနေ ဒါ တခုခု တာဝန်ယူ တာဝန်ခံပြီး လုပ်ပေးဖို့အတွက်တော့ ကျမတို့ဘက်က မျှော်လင့်တယ်။ အခုက နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေ အများကြီး ဆုံးရှုံးနေရတယ် ဆိုတာကိုလည်း ပိုပြီး အဓိကပြောချင်ပါတယ်။”
၂၀၂၀ ရွေးကောက်ပွဲ မကျင်းပဖြစ်မယ့် ကချင်ပြည်နယ်တွင်းက ကျေးရွာအုပ်စု တော်တော်များများကတော့ အဲ့ဒီ့ဒေသက ကချင်စစ်ရှောင်တွေနေတဲ့ ကျေးရွာတွေ၊ IDP စစ်ရှောင်စခန်းက ကချင်ပြည်သူတွေ များတယ်လို့ ကချင် IDP တွေအရေး အဓိကဆောင်ရွက်နေတဲ့ ကချင်လူထုအလင်းအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါ်မေရီတောမ် (Mary Tawn) က ပြောပါတယ်။
“ဟုတ်ပါတယ်။ အခု ရွေးကောက်ပွဲကော်မရှင်က ကြေညာတဲ့ ရွာတွေ မြို့နယ်တွေပေါ့ အဲ့ဒီ့မှာရှိတဲ့သူတွေက များသောအားဖြင့်က ကျမတို့ IDPs (Internally displaced people) စခန်းကသူတွေ ဖြစ်တယ်။ ၂၀၁၅ တုန်းကလည်း ဒီ IDP ဒုက္ခသည်စခန်းမှာ ရှိနေတဲ့သူတွေက မဲပေးခွင့် မရှိခဲ့ဘူးလေ။ အခုလည်း အဲ့သလိုပဲပေါ့။ ဥပမာ မန်စီမြို့နယ်တို့ မိုင်းခေါင်တို့ မုန်ဒိန်ပါ အခုကြေညာထားတဲ့ နေရာတွေအားလုံး အဲ့ဒီ့ထဲက အဓိက ဒေသခံတွေ အားလုံးဟာဆိုရင် အစိုးရထိန်းချုပ်တဲ့ IDP စခန်းတွေ၊ ပြီးတော့ KIO ထိန်းချုပ်တဲ့ IDP ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ ဒုက္ခသည်တွေဖြစ်တယ်။
“ပြောရမယ်ဆိုရင်တော့ ဒုက္ခသည်ပေါင်း ၈၀,၀၀၀ ပတ်ဝန်းကျင်က မဲပေးလို့မရဘူး ဖြစ်နေတယ်လို့ ကျမတို့ ပြောလို့ရတာပေါ့။ ပြီးတော့ အခု ကိုဗစ်ကြောင့်မို့လို့ သွားလာရေးတွေကလည်း အရမ်းခက်၊ နောက် ရွေးကောက်ပွဲကလည်း လုံးဝ ကျင်းပခွင့်လည်း မရှိဘူးဆိုတော့ တကယ်က IDP ဆိုပေမယ့် သူလည်း နိုင်ငံသားတယောက်ပဲလေ။ ဒါပေမယ့် မဲပေးခွင့် အဲ့အခွင့်အရေးကို သူဆုံးရှုံးခဲ့ရတာကတော့ ၂၀၁၅ ကတည်းကပဲ။ အခုလည်း ဒီလိုပဲလေ အစိုးရအဆက်ဆက် သက်တမ်းသာ ပြောင်းသွားတယ်။ IDP တွေရဲ့ဘဝကတော့ မပြောင်းဘူး၊ ဒီအတိုင်းပဲပေါ့လေ။ အဲ့လိုဖြစ်နေတယ်။”
ကချင်ကျေးရွာအုပ်စုတွေက ဒေသခံ ကချင်ပြည်သူတွေ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ခရိုင်၊ တိုင်း၊ မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်တွေ ဌာနေဒေသခံ ကချင်နိုင်ငံရေး ပါတီတွေနဲ့ ဆွေးနွေးပြီး စနစ်တကျ စိစစ်သင့်တယ်လို့ ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒုဥက္ကဋ္ဌ (၁) ဒေါ်ဒွဲဘူ (Daw Doi Bu) က ပြောပါတယ်။
“အခု ကချင်ပြည်နယ်ထဲမှာ လက်ရှိ ရွေးကောက်ပွဲ မကျင်းပတဲ့ နေရာတွေကတော့ ကျေးရွာတွေပေါ့နော်။ ကျေးရွာတော်တော်များများမှာ ရွေးကောက်ပွဲ မကျင်းပတာ ကျမတို့ တွေ့ရတယ်။ အဲ့တော့ ဒီ အင်ဂျန်းယန်တို့ဆို ကျေးရွာပေါင်း ၆၁ အုပ်စုဆို ရွာတော်တော်များများက KIO (The Kachin Independence Organization) ထိန်းချုပ်ဧရိယာဘက်မှာ ရှိတယ်။ နောက် ခေါင်လန်ဖူးတို့ဆိုရင်လည်း အရင်တုန်းက မကျင်းပနိုင်ခဲ့တဲ့ နေရာတွေ ရှိတယ်။ ကချင်နယ်မြေတွေအနေနဲ့က အဲ့ဒီ့ဒေသတွေကို ပြန်စိစစ်ရမှာဖြစ်တယ်။ တကယ်လို့ အဲ့ဒီ့နေရာတွေမှာ တိုက်ပွဲလည်းမဖြစ်ဘူး၊ KIA Control ထိန်းချုပ်ဧရိယာလည်း မဟုတ်ဘူးဆိုရင် မဲပေးခွင့်ရဖို့ လိုတာပေါ့။ ကျမတို့ အဲ့ဒီ့ဒေသမှာရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြန်မေးမှရမယ်။ လွတ်လပ်ပြီး တရားမျှတမှု ရှိဖို့ကတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဘက်က သူတို့ ပြည်နယ်ကရော ခရိုင်ကရောပေါ့နော်၊ အဓိက မဲပေးနိုင်ဖို့က အခုက ကိုဗစ်ကာလလည်း ဖြစ်တယ်ဆိုတဲ့ အခါကျတော့ အားလုံးမဲပေးနိုင်အောင်တော့ စီစဉ်ပေးဖို့လိုတယ်။”
အဲ့ဒီဒေသတွေက ကချင်ပြည်သူတွေဟာ မဲပေးရမယ့် နိုင်ငံသားအခွင့်အရေး ဆုံးရှုံးရသလို သူတို့မှာ ဒီလို နိုင်ငံသားအခွင့်အရေးနဲ့အညီ မဲပေးပိုင်ခွင့် အခွင့်အရေး ရှိနေတယ် ဆိုတာကိုတောင် မသိကြတော့တဲ့ အနေအထား ဖြစ်နေကြတယ်လို့ ဒေါ်မေရီတောမ်က ပြောပါတယ်။
“IDP တွေဟာ ကိုယ့်နေရပ်ရင်းကို ပြန်ရောက်ပြီးမှ ကိုယ့်ရဲ့ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးနဲ့အညီ မဲပေးပိုင်ခွင့်ကို ရဖို့က အရမ်းအရေးကြီးပါတယ်။ အခုဆိုရင် ပိုပြီးတော့ ဆိုးတာက အခုလို အရမ်းခက်ခဲနေတဲ့အချိန် ကိုဗစ်ကာလမှာ Lockdown ဆိုပြီး အသွားအလာ အကန့်အသတ် ပိတ်ပင်ထားတဲ့အချိန် ဒုက္ခသည်စခန်းကသူတွေက အစားအသောက်ကအစ အကုန်ဆုံးရှုံး နစ်နာမှုတွေ ရှိပြီးသား။ ဒီလို ရွေးကောက်ပွဲတွေ လုပ်ပြီးတော့ မဲပေးတယ်ဆိုတာ သူတို့က မသိတော့ဘူးလို့ ပြောလို့ရတယ်။ လူငယ်တွေဆိုရင် မဲပေးတယ်ဆိုတာ ဘာလဲ၊ နိုင်ငံသားအခွင့်အရေးဆိုတာ ဘာလဲပေါ့၊ ယုံကြည်မှုတွေ အားနည်းလာတယ်လို့ ပြောလို့ရပါတယ်။ ဘယ်အစိုးရတက်လာလာ အခုဆို အစိုးရ ၂ ဆက်ရှိသွားပြီ။ IDP တွေရဲ့ ဘဝက ကမ့်ပ်ထဲမှာပဲ ဒုံရင်းက ဒုံရင်းပဲ ဘာမှမထူးခြားဘူး။ ဒါကြောင့် တက်လာတဲ့အစိုးရ ဘယ်သူပဲဖြစ်ဖြစ် IDP အရေး ဦးစားပေးလုပ်ပေးဖို့ လိုအပ်တယ်လို့ပဲ ကျမက မြင်တယ်ပေါ့လေနော်။”
အခုဆိုရင်တော့ ကချင်ပြည်နယ်ထဲ တကျော့ပြန် စစ်ပြန်ဖြစ်ခဲ့တာ ၉ နှစ်တိုင်တိုင် ရှိခဲ့ပါပြီ။ ဒါပေမယ့်လည်း စစ်ရေးပဋိပက္ခတွေ တင်းမာနေဆဲမို့ သိန်းချီတဲ့ ကချင်ပြည်သူတွေဟာ အခုအချိန်အထိ သူတို့နေရပ်ရင်းတွေကို မပြန်နိုင်ကြသေးသလို ကိုယ့်နေရပ် ကိုယ့်ဒေသမှာ မဲပေးခွင့်လို နိုင်ငံသားအခွင့်အရေးနဲ့အညီ လုပ်ပိုင်ခွင့်တွေလည်း ဆုံးရှုံးနေရဆဲ အနေအထား ဖြစ်နေတယ်လို့ ကချင်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
----------------------------
(Unicode)