သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျန်းမာရေးဝန်ထမ်းတွေနဲ့ သက်ကြီးတွေ ကြိုတင်မဲပေးဖို့ စီစဉ်


၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက ရန်ကုန်မြို့ရှိ မဲရုံတခုမှာ တွေ့ရတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ပါတီတွေနဲ့အတူ နာမည်တွေပါ ပြသထားတဲ့ မဲစာရွက်။ (အောက်တိုဘာ ၂၉၊ ၂၀၁၅)
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက ရန်ကုန်မြို့ရှိ မဲရုံတခုမှာ တွေ့ရတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ပါတီတွေနဲ့အတူ နာမည်တွေပါ ပြသထားတဲ့ မဲစာရွက်။ (အောက်တိုဘာ ၂၉၊ ၂၀၁၅)

[Zawgyi/Unicode]

ကိုဗစ်ကာလ ကျန်းမာရေး အခြေအနေအရ အခက်အခဲကြုံနေသူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ လာမယ့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးနိုင်အောင် တာဝန်ရှိသူတွေ စီစဉ်နေတဲ့ အကြောင်းပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က သသတင်းပေးပို့ထားပါတယ်။

ကပ်ရောဂါကူးစက်မှုတွေ အများဆုံးကြုံနေရတဲ့ ရန်ကုန်တိုင်းအတွင်း ဆေးရုံမှာ ကုသမှုခံယူနေရသူတွေ၊ အသွားအလာကန့်သတ် စောင့်ကြည့်ခံထားရသူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ ရှေ့လရွေးကောက်ပွဲမှာ ကြိုတင်မဲပေးနိုင်အောင် ရွေးကောက်ပွဲ ကော်မရှင်က ပြင်ဆင်နေတာပါ။

ကပ်ရောဂါ ရှိ၊ မရှိ စောင့်ကြည့်စစ်ဆေးခံနေရသူတွေရှိတဲ့ နေရာတွေ အပါအဝင် ကျန်းမာရေး အခြေအနေအရ ရွေးကောက်ပွဲနေ့မှာ မဲပေးဖို့ အဆင်မပြေတဲ့သူတွေအတွက် ကြိုတင်မဲပေးနိုင်အောင် စီစဉ်ထားတဲ့ အခြေအနေကိုတော့ ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းလှိုင်က အခုလိုရှင်းပြပါတယ်။

“အဲ့ဒါ ကျနော်တို့ သတ်မှတ်တဲ့ရက်တွေလေး သတ်မှတ်တဲ့ ရက်တွေမှာ quarantine center တွေ ကျနော်တို့ သွားယူရမှာပါ၊ ယူတဲ့အခါမှာ အဲ့ center မှာရှိတဲ့ အကြီးအကဲတွေ ကျန်းမာရေးတာဝန်ခံတွေ ညှိနှိုင်းပြီး ယူရမှာပါ။”

ဒီတကြိမ်ရွေးကောက်ပွဲမှာ ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြောင့် သက်ကြီးပိုင်းတွေအပါအဝင် ရန်ကုန်တိုင်းအတွင်း ကြိုတင်မဲပေးမယ့်သူ အရေအတွက်များနိုင်တယ်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်က ခန့်မှန်းထားပါတယ်။ ကိုဗစ်ကပ်ရောဂါ ကူးစက်ခံရတယ်ဆိုရင် ရောဂါဒဏ် ပိုခံစားရနိုင်တဲ့ အန္တရာယ်ရှိသူ သက်ကြီးပိုင်းတွေ အတွက်လည်း ကြိုတင်မဲပေးနိုင်အောင် စီစဉ်ထားတယ်လို့ ကော်မရှင်တာဝန်ရှိသူ ဦးသိန်းလှိုင်က ပြောပါတယ်။

“အဓိကတော့ ဘယ်လိုပြောမလဲဗျ ကိုဗစ်ကာလလေ၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလဖြစ်နေအတွက်ကြောင့်မို့လို့ပါ၊ ဒီရောဂါမရှိဘူးဆိုရင် ပုံမှန်အတိုင်း ကျနော်တို့ဆက်လက်ပြီးတော့ ဆောင်ရွက်ရမှာပေါ့။ ဒီရောဂါရှိနေအတွက်ကြောင့်မို့ မဲရုံမှာ အဲ့လိုတွေ သက်ကြီးရွယ်အိုတွေအနေနဲ့ တန်းစီရတဲ့အတွက် အခက်အခဲရှိနိုင်တယ်လေ၊ အဲ့ဒီအတွက်ရည်ရွယ်ချက်လည်းပါတယ်၊ နောက် မဲရုံတွေမှာ လာတဲ့နေ့ကျတော့ မဲဆန္ဒရှင် အရေအတွက်လည်း လျော့သွားနိုင်တယ်ပေါ့၊ အဲ့ဒီရည်ရွယ်ချက်လည်း ပါပါတယ်။”

ကျန်းမာရေးကြောင့် အခက်အခဲဖြစ်နေသူတွေ ကြိုတင်မဲပေးခွင့်ရမယ့် ရက်ကို အတိအကျ မသတ်မှတ်ရသေးပေမဲ့ အသက် ၆၀ နဲ့ အထက် ရှိသူတွေ ကြိုတင်မဲပေးခွင့်ရမယ့် ရက်ကိုတော့ ဒီလ ၂၉ ရက်နေ့ကစပြီး ၅ ရက်ကြာသတ်မှတ်ထားပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် အထူးကြပ်မတ်ဆောင်မှာ ကုသမှု ခံယူနေသူတွေ ကိုယ်တိုင်မဲပေးလို့အဆင်မပြေရင် သူပေးချင်တဲ့ ဆန္ဒအတိုင်း အများရှေ့မှာ ကိုယ်စားထည့်နိုင်အောင် စီစဉ်နေတယ်လို့လည်း ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းကပြောပါတယ်။

“ကျနော်တို့ မြို့နယ်က သွားပြီး ဆက်သွယ်ပါမယ်။ အဲ့ဒီက quarantine center ဆိုရင် quarantine center ရဲ့ လူကြီးပေါ့ဗျာ သူတို့နဲ့ဆက်သွားပြီးတော့ ပုံစံ ၁၅ လျှောက်ချင်တဲ့ လူရှိရင် ပေးပါ။ စာရင်းတောင်းတယ်။ စာရင်းပေးရင် ကျနော်တို့ ဆောင်ရွက်ပေးမယ်။ ဟုတ်ကဲ့။ အဲ့ဒီဟာကို ကျနော်တို့က သူတို့ဆီက မဲတွေရပြီးဆိုရင် အဲ့လူကြီးတွေက quarantine center က လူကြီးတွေလည်း ဆောင်ရွက်ပြီးပြီဆိုရင် ကျနော်တို့က မဲပုံးထဲကိုထည့်မယ်၊ သူတို့ရှေ့မှာထည့်မယ်၊ ထည့်ပြီးချိတ်ပိတ်မယ်၊ ချိတ်ပိတ်ပြီးတော့ ကျနော်တို့ မြို့နယ်ကို ပြန်သယ်မယ်၊ မြို့နယ်မှာ မဲပုံးတစ်ပုံးထားမယ်။ အဲဒီမဲပုံးကို အများရှေ့မှာ ကျနော်တု့ိက ထည့်မယ်။”

ရွေးကောက်ပွဲလုပ်ငန်းတွေကို စောင့်ကြည့် အကဲခတ်နေသူတွေကတော့ ကြိုတင်မဲပေးတဲ့ အစီအစဉ်အတွက် စနစ်တကျ ပြင်ဆင်ထားဖို့ လိုတယ်လို့လည်း သတိပေးနေကြပါတယ်။ ဖန်တီးအိမ်ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်ခင်လေးငယ်ကတော့ ကြိုတင်မဲပေးတဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ မဲဆန္ဒရှင်တွေကို ကြိုတင် အသိပညာပေးဖို့ လိုအပ်လိမ့်မယ်လို့ ပြောပါတယ်။

“ဟုတ်ကဲ့ရှင်။ ကြိုတင်မဲမှာ ဘာကိုအသုံးပြုရမယ်၊ နောက်တံဆိပ်တုံး ထုတာလား၊ ဘောပင်နဲ့ခြစ်တာလား။ ခြစ်ရင်လည်း ဘယ်လိုခြစ်ရမလဲပေါ့နော်၊ အဲ့ဒါလေးကို သေသေချာချာလေး မဲဆန္ဒရှင်ကို ပညာပေးလေး လုပ်ပေးဖို့လိုမယ်။ ကျန်တာကတော့ မဲလိုက်ကောက်တဲ့ ဝန်ထမ်းတွေပေါ့နော်။ အဲ့ဒီလူတွေလည်းပဲ သူတို့က ဒီ quarantine center တွေ ကုသရေး center တွေမှာ သွားယူရတဲ့အတွက် သူတို့တွေနဲ့ ထိတွေ့မှုတွေကို သေချာကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ လုံခြုံမှုရှိဖို့ပေါ့နော်။ အဲ့ဒါလေး ဆောင်ရွက်ဖို့တော့ လိုတယ်။”

နိုဝင်ဘာလ ၈ ရက်နေ့မှာ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်နဲ့ တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ရွေးကောက်ပွဲမှာတော့ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော် ရှိမယ်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။ ရခိုင်၊ ရှမ်း၊ ကချင်၊ ကရင်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းထဲက မြို့နယ်တွေနဲ့ ကျေးရွာတွေမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့အခြေအနေ မရှိဘူးဆိုပြီး ရွေးကောက်ပွဲ ကျင်းပမယ့် အစီအစဉ်တွေကို ပယ်ဖျက်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]














XS
SM
MD
LG