သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပိုင်းလိုက်ကျင်းပမဲ့ စစ်ကောင်စီ ရွေးကောက်ပွဲ ပါတီများအတွက် အခက်အခဲရှိနိုင်


အနာဂတ်မှာအသုံးမယ့် ရွေးကောက်ပွဲ မဲပေးစက်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က မိတ်ဆက်သရုပ်ပြပွဲအတွက် ပြင်ဆင်နေပုံ (စက်တင်ဘာ ၅၊ ၂၀၂၃)
အနာဂတ်မှာအသုံးမယ့် ရွေးကောက်ပွဲ မဲပေးစက်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က မိတ်ဆက်သရုပ်ပြပွဲအတွက် ပြင်ဆင်နေပုံ (စက်တင်ဘာ ၅၊ ၂၀၂၃)

ဒီနှစ်အတွင်း မဲစာရင်းမှန်ကန်အောင် စိစစ် ဆောင်ရွက်ပြီးချိန်မှာ အထွေထွေရွေးကောက်ပွဲကို လုပ်လို့ရနိုင်တဲ့နေရာတွေမှာ ဒေသ အလိုက်ကျင်းပ သွားမယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။ ရုရှားသတင်းဌာန ITAR-TASS နဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း အခုလို ပြောဆိုလိုက်တာပါ။ မဲစာရင်းမှန်ကန်ရေးကို ဦးစားပေးလုပ်ဆောင်နေပြီး ဒီနှစ်အတွင်းမှာ ပြီးနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့လည်း စစ်ကောင်စီ ဥက္ကဋ္ဌရဲ့ အခုလို ပြောဆိုမှုဟာ လက်တွေ့အနေအထားမှာ တကယ် အကောင်အထည်ပေါ်လာနိုင်ပါမလား။ လက်ရှိ မှတ်ပုံတင်ထားတဲ့ပါတီက တာဝန်ရှိသူတဦးရဲ့ သဘောထား ဘယ်လိုရှိပါသလဲ၊ ရန်ကုန်က ပေးပို့ထားတဲ့ သတင်းကို မအင်ကြင်းနိုင် ပြောပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားသတင်းဌာနကို မတ်လ ၁၈ ရက်နေ့က ရန်ကုန်မြို့မှာ လက်ခံတွေ့ဆုံခဲ့ချိန်မှာ ရွေးကောက်ပွဲကို ဒေသအလိုက် ကျင်းပသွားဖို့ အစီအစဥ်နဲ့ ပတ်သတ်ပြီး ပြောဆိုလိုက်တာပါ။ ရွေးကောက်ပွဲ ကို အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်တွေ ရုတ်သိမ်းပြီးတဲ့ကာလမှာ လုပ်ဖို့လျာထားတယ်လို့လည်း ပြောပါတယ်။ ရွေးကောက်ပွဲကျင်းပမဲ့ အချိန်နဲ့ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက် ပြန်ရုတ်သိမ်းမဲ့ အချိန် အဲဒီအချိန် ၂ ခုက ဘယ်တော့ဖြစ်မလဲဆိုတာကိုတော့တိတိကျကျ ထုတ်မပြောခဲ့ပါဘူး။ ဒီနှစ်အတွင်း မဲစာရင်းမှန်ကန်ရအောင် စိစစ်ပြီးမယ်ဆိုရင် ၆လအတွင်းမှာ အထွေထွေရွေးကောက်ပွဲကို ကျင်းပလို့ရနိုင်တဲ့နေရာတွေမှာ ကျင်းပသွားမယ်ဆိုတဲ့ သူ့မျှော်မှန်းချက်ကို အခုလိုပြောဆိုပါတယ်။

"အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေပြီးတာနဲ့ ရွေးကောက်ပွဲပြန်လုပ်မှာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲ လုပ်နိုင်ဖို့အတွက်ဆိုရင် မဲစာရင်းတွေ မှားယွင်းမှုကြောင့် ဖြစ်လာတဲ့အတွက်ကြောင့် မဲစာရင်းမှန်ကန်ရေးကိုလည်း ကျွန်တော်တို့က အဓိကထားလုပ်ရပါမယ်။ မဲစာရင်းမှန်ကန်ရေးကို ဒီနှစ်ထဲမှာ အတတ်နိုင်ဆုံး လုပ်ပါမယ်။ ပြည့်စုံပြီးလို့ တိုင်းပြည်တည်ငြိမ်မှုကောင်းပြီဆိုတော့မှ လုပ်နိုင်တဲ့ အပိုင်းလိုက်ပေါ့၊ တပြိုင်တည်း မဟုတ်တောင်မှ လုပ်နိုင်တဲ့အပိုင်းလိုက်ကို ဥပဒေနဲ့အညီ ရွေးကောက်ပွဲ ဆောင်ရွက်သွားဖို့ရှိပါတယ်"

မဲစာရင်းမှန်ကန်မှုရှိရေးကို ၂၀၂၄ ခုနှစ်အတွင်း အတက်နိုင်ဆုံးလုပ်သွားမယ်လို့ စစ်ခေါင်းဆောင်ပြောဆိုမှုဟာ လက်တွေ့မြေပြင် အခြေအနေမှာ တကယ်လုပ်ဆောင်နိုင်ပါ့မလား။ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကတော့ ဥပဒေအရ အကြိမ်ကြိမ် အပိုင်းလိုက် ရွေးကောက်ပွဲလုပ်နိုင်ခွင့်ရှိနေတာမို့ စစ်ခေါင်းဆောင်ပြောဆိုချက်ကဖြစ်လာနိုင်တယ်လို့သုံးသပ်ပေမဲ့ အပိုင်းလိုက် လုပ်ကိုင်နိုင်မဲ့နေရာတွေမှာ ပါတီတွေအနေနဲ့ အရင်လိုမဲဆွယ်စည်းရုံးနိုင်ဖို့တောင် ခက်ခဲနိုင်မယ်လို့ ပြောပါတယ်။

"ပါတီတွေဆိုတာ လက်နက်မရှိဘူးလက်နက်မကိုင်ဘူး။ လုံခြုံရေးအဖွဲ့အစည်းတွေမရှိဘူးလေ။ လက်နက်နဲ့နိုင်ငံရေးနည်းကိုသူနိုင်ငါနိုင်အပြိုင် တိုက်နေခိုက်နေ ဦးတည်နေကြတဲ့ ကာလမှာရွေးကောက်ခံ ရွေးကောက်ပွဲဆိုတာကိုတော့ လူထုကအစကြောက်နေကြတာပေါ့။ တိုက်တာခိုက်တာမရှိတဲ့ တည်ငြိမ်အေးချမ်းတဲ့တရားဥပဒေစိုးမိုးတဲ့အခင်းအကျင်းတခုကို မရောက်ဘဲနဲ့ ရွေးကောက်ခံအမတ်လောင်းတွေကလည်း ဘယ်လို လုပ်ပြီးတော့ မဲဆွယ်စည်းရုံးမှာလဲ လူထုကြားထဲမှာလေ။ မဲလာပေးတဲ့မဲဆန္ဒရှင်ကလည်း တည်ငြိမ်အေးချမ်းပြီးလုံခြုံမှမဲလာပေးကြမှာ လေ။ ၂၀၁၀၊ ၂၀၁၅ ကာလတုန်းကလို ဒီမိုကရေစီဘက်ကိုသွားတဲ့ အသွင်ကူးပြောင်းတဲ့အစိုးရတရပ်ကိုပေါ်အောင်ဝိုင်းဝန်းပြီး မဲဆန္ဒပေးတာတို့ စည်းရုံးတာတို့ အဲလိုပုံစံမျိုး ဖြစ်ဖို့ကတော့လက်ရှိအကျပ်အတည်းအရမလွယ်ဘူးပေါ့ဗျာ"

စစ်ခေါင်းဆောင်နဲ့ ရုရှားအင်တာဗျူးမှာ စစ်ခေါင်းဆောင်ဘက်က အပိုင်းလိုက် ရွေးကောက်ပွဲလုပ်နိုင်ဖို့စဉ်းစားနေတယ်လို့ ဆိုခဲ့ပေမယ့် နိုင်ငံတစ်ဝန်း ပဋိပက္ခတွေဟာ လျော့မသွားဘဲ ဆက်ပြီးဖြစ်နေမယ်ဆိုရင် ရွေးကောက်ပွဲလုပ်ဖို့ ကြန့်ကြာနေဦးမယ်လို့လည်း သူကပြောဆိုပါတယ်။

စစ်ကောင်စီဟာ ၂၀၂၀ ခုနှစ်တုန်းက ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မဲမသာမှုတွေ ရှိတယ်ဆိုပြီး ရွေးကောက်ပွဲ အပြတ်အသတ်နိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေကို ဖမ်းဆီးထိန်းသိမ်းကာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့ မှာ အာဏာသိမ်းခဲ့တာပါ။ အဲဒီနောက် အရေးပေါ်အခြေအနေ ကြေငြာပြီး အခုချိန်အထိ အာဏာသိမ်းထားဆဲပါ။ ​ တည်ဆဲ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ ကာကွယ်ရေးဦးစီးချုပ်က အာဏာစသိမ်းချိန်ကနေ အရေးပေါ်ကာလကို တစ်နှစ်တိတိ သတ်မှတ်ခွင့်ရှိပါတယ်။ အဲဒီနောက် တိုင်းပြည်မတည်ငြိမ်သေးဘူးလို့ ကာကွယ်ရေးဦးစီးချုပ်က ထပ်တင်ပြရင် ပုဒ်မ ၄၂၅ အရ နောက်ထပ် ခြောက်လ နှစ်ကြိမ် အာဏာသိမ်း သက်တမ်း တိုးခွင့်ရှိတယ်လို့ပြဋ္ဌာန်းထားတာပါ။

ဒါပေမဲ့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲအတွက်ပြင်ဆင်နေရလို့၊ သာမန်အခြေအနေဖြစ်ဖို့ လိုအပ်နေသေးလို့၊ တည်ငြိမ်အေးချမ်းရေး လိုအပ်နေလို့စတဲ့အကြောင်းပြချက်တွေနဲ့ သက်တမ်းတိုးလာတာ အခုဆိုရင် ငါးကြိမ်ရှိလာတဲ့အချိန်မှာပဲ ရွေးကောက်ပွဲ ကျင်းပမဲ့ရက်ကိုလည်း အခုချိန်ထိ တိတိကျကျ သတ်မှတ်နိုင်တာမျိုး မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG