သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲမလုပ်ဖြစ်တဲ့ မဲဆန္ဒနယ်တွေ ကြားဖြတ်ရွေးကောက်ပွဲလုပ်ဖို့ တပ်မတော်လိုလား


၂၀၂၀ ခုနှစ်ရွေးကောက်ပွဲအတွက် နေပြည်တော်ရှိ မဲရုံတခုမှာ မဲပေးနေသူ တဦး။ (နိုဝင်ဘာ ၀၈၊ ၂၀၂၀)
၂၀၂၀ ခုနှစ်ရွေးကောက်ပွဲအတွက် နေပြည်တော်ရှိ မဲရုံတခုမှာ မဲပေးနေသူ တဦး။ (နိုဝင်ဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

တနင်္ဂနွေနေ့က ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲမှာ လုံခြုံရေးအခြေအနေကြောင့် ပယ်ဖျက်ထားတဲ့ မဲဆန္ဒနယ်မြေတွေမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပဖို့ တပ်မတော်က လိုလားကြောင်း ပြောဆိုလိုက်တဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ပြပေးပါမယ်။

လွတ်လပ်မျှတတဲ့ အခြေအနေတွေ မရှိဘူးဆိုပြီး ရွေးကောက်ပွဲတွေ မကျင်းပဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပယ်ဖျက်ခဲ့တဲ့ အထဲမှာ အများဆုံး ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ဒီဇင်ဘာလကုန် နောက်ဆုံးထားပြီး ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပဖို့ AA ရခိုင်လက်နက်ကိုင် အဖွဲ့က နိုဝင်ဘာလ ၁၂ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။ မဲဆန္ဒရှင်တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အခွင့်အရေး မဆုံးရှုံးအောင် ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပဖို့ အစိုးရနဲ့ တပ်မတော်ကို တိုက်တွန်းထားပြီး၊ ရွေးကောက်ပွဲ ကျင်းပနိုင်အောင် တည်ငြိမ်တဲ့ အခြေအနေတွေရရှိရေး ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်မှာ AA လက်နက်ကိုင်အဖွဲ့နဲ့ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့ တပ်မတော်ဘက်ကတော့ ထုတ်ပြန်ချက်ကို ကြိုဆိုခဲ့တာပါ။ ရခိုင်ပြည်နယ် အပါအဝင် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် တည်ငြိမ်မှု မရှိတဲ့ နယ်မြေတွေမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပနိုင်အောင် ဆောင်ရွက်ဖို့ ရည်ရွယ်ထားကြောင်းလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“တပ်မတော်အနေနဲ့ကတော့ ဒီပါတီစုံအထွေထွေရွေးကောက်ပွဲမှာ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့အတွက် သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက်မဲပေးနိုင်ရေး အလေးထားတယ်ဆိုတာ ကျနော်တို့တပ်မတော် ကာကွယ် ရေးဦးစီးချုပ်ကလည်း အမြဲတမ်းပြောခဲ့တာရှိတယ်။ တပ်မတော်ရဲ့ သဘောထားကလည်း အဲဒါပဲ။ ဒါကြောင့်မို့လို့ ကျနော်တို့ ဒီထုတ်ပြန်ချက်ကိုကြိုဆိုတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ပြီးရင် ရှမ်းဘက်မှာလည်း ကျနော်တို့ ရွေးကောက်ပွဲပြုရန် ပြန်လည် မိုင်းကိုင်မြို့နယ်မှာလည်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတတ်နိုင်ဆုံး ပေါ့နော် ဒီဟာနဲ့ပက်သက်လို့ ညှိနှိုင်းဆောင်ရွက်သွားဖို့လည်း ကျနော်တို့ လိုအပ်တယ်လို့လည်း ထင်မြင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျနော်တို့ ထုတ်ပြန်ချက်တစောင်ကို ထုတ်ပြန်ပေးပါမယ်ဗျ။”

တနင်္ဂနွေနေ့က ရွေးကောက်ပွဲမှာတော့ လွတ်လပ်မျှတတဲ့ အခြေအနေတွေ မရှိဘူးဆိုပြီး ရခိုင်ပြည်နယ်က မြို့နယ် ၉ ခုနဲ့ ကျေးရွာအုပ်စုတချို့ အပါအဝင် တိုင်းရင်းသားဒေသတချို့မှာ ရွေးကောက်ပွဲတွေ မကျင်းပနိုင်ခဲ့လို့ မဲဆန္ဒရှင် ၁,၀၀၀,၀၀၀ ကျော် မဲမပေးနိုင်ခဲ့ကြပါဘူး။

AA အဖွဲ့ကတော့ ရွေးကောက်ပွဲ မကျင်းပရသေးတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ဖို့ဆိုပြီး တစ်ဘက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်ကနေ လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိလည်း ထပ်မံသက်တမ်း တိုးထားပါတယ်။

တချိန်တည်းမှာပဲ ရွေးကောက်ပွဲမှာ အများစုနဲ့ အနိုင်ရထားပြီး အစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်းနိုင်မယ်လို့ ခန့်မှန်းထားတဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ လက်တွဲဖို့ ဆန္ဒရှိကြောင်း ကမ်းလှမ်းလိုက်ပါတယ်။ တိုင်းရင်းသား ပါတီတွေနဲ့ NLD ပါတီရဲ့ ရည်မှန်းချက်တွေ တူညီတာကြောင့် အနာဂတ် ပြည်ထောင်စု တည်ဆောက်ရေးမှာ တက်တက်ကြွကြွ ပူးပေါင်းကြလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း တိုင်းရင်းသားနိုင်ငံရေးပါတီ ၃၉ ခုကို ပေးပို့တဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

ရှေးကောကျပှဲမလုပျဖွဈတဲ့ မဲဆန်ဒနယျတှေ ကွားဖွတျရှေးကောကျပှဲလုပျဖို့ တပျမတောျလိုလား







XS
SM
MD
LG