သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မေယုမြစ်ကြောင်း တပ်မတော်ပိတ်ဆို့ထားလို့ ဒေသခံတွေ အခက်ကြုံ


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ တွေ့ရတဲ့ ရခိုင်စစ်ဘေးရှောင် ဒုက္ခသည် မိသားစု။ (ဇန်နဝါရီ၊ ၂၅၊ ၂၀၁၉)
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ တွေ့ရတဲ့ ရခိုင်စစ်ဘေးရှောင် ဒုက္ခသည် မိသားစု။ (ဇန်နဝါရီ၊ ၂၅၊ ၂၀၁၉)

[Zawgyi/Unicode]

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ မေယုမြစ်အတွင်း ရေကြောင်းသွားလာခွင့်ကို တပ်မတော်က ကန့်သတ်ထားတဲ့အတွက် ဒေသခံတွေ အခက်တွေ့နေရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပေးပါမယ်။

စစ်ရေးပဋိပက္ခဖြစ်ပွါးနေဆဲ ရသေ့တောင်မြို့နယ်က မေယုမြစ်ထဲမှာ ရေကြောင်း သွားလာမှုတွေကို တပ်မတော်က ကန့်သတ်စစ်ဆေးမှုတွေကြောင့် သွားရေး၊ လာရေး အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ အဓိက ဆက်သွယ်ရေး လမ်းကြောင်းတခုဖြစ်တဲ့ ရေကြောင်းခရီးမှာ အကန့်အသတ်တွေကြုံနေရတာ တလကျော်လောက် ရှိနေပြီလို့လည်း ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာက ဒေသခံတဦးက ပြောပါတယ်။

“ရသေ့တောင်ကနေ ပိတ်ဆို့ထားလိုက်တယ်ပေါ့။ အဲဒါ တပ်မတော်ရေကလေ။ အခုဆိုရင်တလကျော်လာပြီ။ မေယုမြစ်ပေါ် ပိတ်ထားတော့ ရသေ့တောင်မြို့နယ် မြောက်ဘက်ပိုင်းနဲ့ ဘူးသီးတောင်မြို့နယ် ရေလမ်းခရီးတွေ ပိတ်သွားတာပေါ့။”

ရေကြောင်းသွားလာမှုကို ကန့်သတ်ထားတဲ့အတွက် ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ ကုန်စည်စီးဆင်းမှုတွေ ကျဆင်းလာရာက ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ် ခံနေရတယ်လို့လည်း ဘူးသီးတောင်မြို့ခံ ကိုဝင်းနိုင်ကပြောပါတယ်။

“မေယုမြစ်ကြောင်းထဲမှာက မြန်မာ့တပ်မတော်က ဇက်တွေက မြစ်ကြာင်းတလျှောက်မှာ လုံခြုံရေးတွေ ချထားတယ်။ အဲဒီဘက်မှာ။ ကျနော်တို့ ကုန်စည်စီးဆင်းနေတဲ့ မော်တော်ဘုတ်တွေ သင်္ဘောတွေက မသွားရဲတော့ဘူး။ အဲဒီလိုမျိုး ကြောက်တယ်ပေါ့လေ။ ကြောက်ကြတာပေါ့ အဲဒီလိုမျိုးအပစ်ခံရမှာကို။ ကုန်ဈေးနှုန်းတွေက တအားတက်တယ်။ ကျနော်တို့ ဆီမှာ။ အခုဆိုမီးတောင်မရဘူး။ ကျနော်တို့ဆီမှာ။ ဒီမဟာဓါတ်အားလိုင်းက ရနေတဲ့မီးကို ၁၀ လပိုင်း ၁၈ ရက်နေ့ကပေါ့လေ။ အဲဒီအချိန်ကတည်းက ပြတ်နေတယ်။ ကနေ့အချိန်ထိပေါ့။”

ရေကြောင်းခရီး အသွားအလာတွေ ကန့်သတ်ထားတဲ့အတွက် ကုန်ဈေးနှုန်းကြီးမြင့်မှု ပြဿနာအပြင် ကျန်းမာရေးကိစ္စလို အခြေခံ လိုအပ်ချက်တွေမှာလည်း အခက်အခဲ တွေ့နေတယ်လို့ ဘူးသီးတောင်မြို့နယ် ခွဆုံရွာသူမခင်မျိုးအေးကပြောပါတယ်။

“အရင်တုန်းကဆိုလို့ရှိရင် ကြက်သွန်နီ တပိဿကို ၁,၂၀၀၊ ၁,၃၀၀။ အခုဆိုလို့ရှိရင် ၁,၆၀၀ ဖြစ်နေပြီ။ ပြီးလို့ရှိရင် သင်္ဘောတွေ၊ ဘုတ်တွေ မသွားရတော့ စားရသောက်ရအခက်ခဲဖြစ်နေပါတယ်... ဒေသခံတွေက။ ကျန်းမာရေးကလည်း အဲဒီလိုပါပဲ။ ဘုတ်တွေ၊ သင်္ဘောတွေ သွားလို့မရတဲ့အခါ ကလေးမွေးမိခင်တွေ နေမကောင်းတဲ့လူနာတွေ အခုမှာအခက်ခဲဖြစ်နေပါတယ်။”

ရေကြောင်းသွားလာမှုတွေကို ကန့်သတ်စစ်ဆေးနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ တပ်မတော်ဘက်ကတော့ တရားဝင်သတင်းထုတ်ပြန်ထားတာ မရှိသလို၊ အခြေအနေကို ရှင်းရှင်းလင်းလင်း သိရအောင် မေးမြန်းဖို့ ကြိုးစားရမှာလည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့အောက်တိုဘာ ၂၈ မှာတုန်းကလည်း ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာအနီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဆောင်ရာမှာ ငှားရမ်းအသုံးပြုတဲ့ စက်လှေတစင်း ပစ်ခတ်ခံရမှုကြောင့် မီးလောင်ကျွမ်းသွားပြီး အနည်းဆုံး တဦးသေ ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တွေ စီးနင်းလိုက်ပါလာတဲ့ စက်လှေကနေ စတင်ပစ်ခတ်ရာက တုံ့ပြန်ပစ်ခတ်ခဲ့တာဖြစ်ကြာင်း ပြောဆိုထားပါတယ်။ ICRC ကတော့ ပစ်ခတ်ခံရတဲ့ စက်လှေဟာ ICRC ရဲ့ အကူအညီပေးရေး ပစ္စည်းတွေကို သယ်ယူပို့ဆောင်ရာမှာ ငှားရမ်းအသုံးပြုတဲ့ စက်လှေဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ပစ်ခတ်ခံရမှုအတွက် စိတ်မကောင်းဖြစ်ရကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG