သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်သုံးဆီပြတ်နေတဲ့ ရှမ်းပြည်အရှေ့ပိုင်းကို ရန်ကုန်ကနေ တင်ပို့


ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီဖြည့်ဖို့အတွက် တန်းစီနေတဲ့ ကားများ
ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီဖြည့်ဖို့အတွက် တန်းစီနေတဲ့ ကားများ

စက်သုံးဆီအခက်အခဲဖြစ်နေတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းမြို့နယ်တွေအတွက် ရန်ကုန်သီလဝါဆိပ်ကမ်း စက်သုံးဆီ Terminal တွေကနေ ဆီဘောက်ဆာတွေနဲ့ ဖေဖော်ဝါရီ ၂၀ ကြာသပတေးနေ့က စတင် ပို့ပေးနေတယ်လို့ တာချီလိတ်လုပ်ငန်းရှင်တချို့က VOA ကိုပြောပါတယ်။ ထိုင်းနိုင်ငံနဲ့နယ်စပ် မြန်မာ နယ်စပ်ဒေသတွေက ငွေလိမ်ဂိုဏ်းတွေကိုနှိမ်နှင်းဖို့ ထိုင်းအစိုးရ စက်သုံးဆီရောင်းချမှု ရပ်ဆိုင်းထားလို့ စက်သုံးဆီပြတ်နေချိန်မှာ ခုလို ရန်ကုန်ဘက်ကဝယ်ယူနေရကြောင်း ရန်ကုန်ကသတင်းပေးပို့ချက်ကို အခြေခံပြီး တင်ပြထားပါတယ်။

ထိုင်းနိုင်ငံဘက်က စက်သုံးဆီ ရောင်းချတင်ပို့မှု ရပ်ထားလို့ စက်သုံးဆီအခက်အခဲဖြစ်နေတဲ့ ရှမ်း ပြည်နယ်အရှေ့ပိုင်းမြို့နယ်တွေမှာ ကြာသပတေးနေ့ ဖေဖော်ဝါရီလ ၂၀ ရက်ကစပြီး ရန်ကုန် သီလဝါ ဆိပ်ကမ်း စက်သုံးဆီ Terminal တွေကနေ ဆီကို ဝယ်ယူ၊ ရောင်းချနေရပါတယ်။

လောလောဆယ် အလုံအလောက်တင်သွင်းနိုင်တဲ့ အခြေအနေတော့ မရှိသေးဘူးလို့ တာချီလိတ်မြို့ခံ လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"စက်သုံးဆီအဖွဲ့ကနေ ကျနော်တို့ဒီဘက်က ဆီမပြတ်လပ်အောင်ဆိုပြီးတော့မှ ပထမ (မယ်ဆိုင်) တံတားပိတ်ပိတ်ချင်းတုန်းက ရှိတဲ့ဆီလေးတွေကို ထိန်းပြီး ရောင်းပေးတယ်ဗျ။ စျေးအရင်းအတိုင်း ပေါ့နော်။ ပြီးတော့ ရက်နည်းနည်းကြာလာတော့ ဆီရနိုင်မဲ့နည်းလမ်းပေါင်းစုံနဲ့ လာအိုဘက်ကနေ (လာအို-တာချီလိတ်) တံတားပေါ်ကနေ ကျနော်တို့ လာအိုဆီကို ရအောင်သယ်ပြီး ရောင်းတယ်။ လာအိုဆီရောက်လာတော့ စျေးနည်းနည်း မြင့်သွားတယ်ဗျ။ ဒီရက်ပိုင်းက ဗမာဆီပေါ့။ ဗမာဆီ ဆိပ်ကမ်းကလာတဲ့ဆီ၊ ရန်ကုန်ကလာတဲ့ဆီကို မနေ့က (၁၂) စီးဝင်တယ်။ (တလီတာကို) (၃၆) ဘတ်။ ပြန်ပြီးချပြီး ရောင်းပေးနေပါတယ်။ သယ်ယူပို့ဆောင်စရိတ်များနေတဲ့အတွက် ပုံမှန်စျေးရောက်ဖို့ကို (၁၀) ဘတ်လောက်တက်တယ်ဆိုတော့ (၅) ဘတ်လောက် ကျသွားပြီပေါ့၊ တဝက်လောက် ကျသွားပြီပေါ့။"

ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ စက်သုံးဆီ အခက်အခဲဖြစ်နေတာ တလနီးပါး ရှိသွားပြီဖြစ်ပါတယ်။ ဖေဖော်ဝါရီလအစောပိုင်းမှာ ဓာတ်ဆီတလီတာကို ဘတ် (၆၀) ကနေ ကျပ် တသောင်းဝန်းကျင် လောက်ရှိတဲ့ ဘတ် (၁၀၀) လောက်အထိ တက်ခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်း တွေကို အပြီးသတ် မနှိမ်နှင်းနိုင်သေးသရွေ့ ထိုင်းဘက်က လျှပ်စစ်နဲ့ စက်သုံးဆီတွေ ဖြတ်တောက် ထားနိုင်တယ်ဆိုပြီး ရှမ်းမြောက်ဒေသခံတွေ ခန့်မှန်းထားပါတယ်။ အခုတော့ ရတဲ့စက်သုံးဆီနဲ့ပဲ လည်ပတ်နေကြောင်း ဒေသခံတဦးက ဗွီအိုအေကို ပြောပြခဲ့တာပါ။

"အဲဒီတော့ တာချီလိတ်မှာ အဆင်ပြေတယ် ဆိုရင်တော့ ဒီပတ်ချာလည် ရှမ်းအရှေ့တကြောလုံးမှာရှိတဲ့ မြို့တွေအကုန် အဆင်ပြေပါတယ်ဗျ။ မနေ့က (၁၂) စီးရောက်တယ်၊ ကားအလတ်ပေါ့။ တွဲကား ဘောက်ဆာတွေတော့ ဝင်လာလို့မရတော့ ထားခဲ့တယ်တဲ့။ ကားတစီး၊ ဆိုင်ကယ်တစီးရှိတဲ့အိမ်က ကားတစီးကို ဆီအပြည့် ဖြည့်ပြီးတော့မှ ရပ်ထားပြီး ဆိုင်ကယ်နဲ့ ထွက်ကြတယ်ပေါ့။ အဲလိုမျိုး ချွေတာတဲ့သဘောပေါ့။ ပုံမှန်ကတော့ ရှမ်းအရှေ့တနယ်လုံးသုံးဖို့ဆို တရက်ကို သူဝင်တဲ့ရက်ဆို ဆယ်စီးနဲ့ (၁၂) စီး ပုံမှန်ဝင်ပါတယ်ဗျ။ တပတ်ဆိုရင် (၄-၅-၆၀) ပေါ့ ပုံမှန်ဝင်ရတယ်။ အဲဒီဆီတွေရမှ ရှမ်းတောင်နားလေးအထိ လှမ်းပို့တာပေါ့နော်။"

ထိုင်းနိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့ မြန်မာနိုင်ငံ မြဝတီမြို့နယ်ထဲက အွန်လိုင်းလောင်းကစားတွေ၊ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းနိုင်ဖို့ လျှပ်စစ်၊ အင်တာနက်နဲ့ စက်သုံးဆီ ရောင်းချမှုတွေကို ထိုင်းအစိုးရက ဖေဖော်ဝါရီလ အစောပိုင်းမှာ ရပ်ဆိုင်းခဲ့တာပါ။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ လက်နက်ကိုင် စစ်ပွဲတွေကြောင့် ပြည်တွင်းဆီကိုဝယ်ယူဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်တွေ တရုတ်နိုင်ငံ ယူနန်ဘက်က တင်သွင်းလာတဲ့ စက်သုံးဆီကိုပဲ အဓိက အားထားနေရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG