သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံ လျှပ်စစ်မီး ဖြတ်တောက်မှုကြောင့် မြန်မာနယ်စပ်မြို့တွေမှာ အခက်ကြုံ


ထိုင်းအစိုးရက လျှပ်စစ်မီးပေးတာ ရပ်တန့်လိုက်ပြီးနောက် ထိုင်းနိုင်ငံနဲ့ နယ်စပ် မြဝတီခရိုင်ထဲက ရွှေကုက္ကိုလ်မြို့ကို မြင်တွေ့ရစဉ် (ဖေဖော်ဝါရီ ၅၊ ၂၀၂၅)
ထိုင်းအစိုးရက လျှပ်စစ်မီးပေးတာ ရပ်တန့်လိုက်ပြီးနောက် ထိုင်းနိုင်ငံနဲ့ နယ်စပ် မြဝတီခရိုင်ထဲက ရွှေကုက္ကိုလ်မြို့ကို မြင်တွေ့ရစဉ် (ဖေဖော်ဝါရီ ၅၊ ၂၀၂၅)

မြန်မာနိုင်ငံ နယ်စပ်မှာ အခြေစိုက်ပြီး အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နှင်းဖို့ဆိုပြီး ထိုင်းအစိုးရက နယ်စပ်မြို့တချို့မှာ လျှပ်စစ်မီးပေးနေတာကို ဒီကနေ့ကစ ဖြတ်တောက်လိုက်ပါတယ်။ မြန်မာနိုင်ငံနယ်စပ်မြို့ တာချီလိတ်မှာတော့ ဒီကနေ့မနက် လျှပ်စစ်မီးဖြတ်တောက်ခံရပြီး စက်သုံးဆီပါဖြတ်တောက်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အတွက် ဒေသခံတွေဟာ ဆီဆိုင်တွေမှာ တန်းစီ ဝယ်ယူနေကြပါတယ်။ လျှပ်စစ်မီးဖြတ်တောက်ခံလိုက်ရတဲ့ တာချီလိတ်မြို့က အခြေအနေ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ ၅ ရက် နေ့မနက် အစောပိုင်းကတည်းက ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့မှာ စက်သုံးဆီဆိုင်တွေမှာ ကားနဲ့ဆိုင်ကယ်တွေ တန်းစီပြီး ဆီဝယ်ယူဖို့ စောင့်ဆိုင်းနေကြတဲ့အကြောင်း ဒေသခံတဦးက ပြောပါတယ်။

"ဆီပန့်မှာ ဆိုင်ကယ်တွေ၊ ကားတွေ တန်းစီနေကြတာပေါ့။ ဝယ်ချင်တိုင်း ဝယ်လို့မရတော့ဘူး။ ဆိုင်ကယ်ဆိုရင်တော့ တိုင်ကီအပြည့်ထည့်ပေးတယ်။ တန်းစီနေရတာ အခုလည်း တန်းစီနေကြတာ နည်းတာမဟုတ်ဘူး။ စျေးနှုန်းကတော့ လောလောဆယ်တော့ မတက်သေးဘူး"

ထိုင်းကနေရနေတဲ့ လျှပ်စစ်မီးလည်း ဒီကနေ့မနက်ကစပြီး အဖြတ်ခံလိုက်ရပြီလို့ ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းတွေ အခြေစိုက်ရာ မြဝတီမြို့ကို လျှပ်စစ်မီးနဲ့ လောင်စာဆီ ချက်ချင်းဖြတ်တောက်ဖို့ ထိုင်းဝန်ကြီးချုပ်က ဖေဖော်ဝါရီလ ၄ ရက်နေ့၊ မနေ့တုန်းကပဲ ပြောဆိုခဲ့တာပါ။ ဒီနေ့ နယ်စပ်ဒေသတွေထဲက တခုဖြစ်တဲ့ တာချီလိတ်မြို့မှာပါ မီးဖြတ်ခံလိုက်ရတာကြောင့် နောက်ဆက်တွဲအနေနဲ့ စက်သုံးဆီဖြတ်တောက်ခံရမှာကို စိုးရိမ်ပြီး ဝယ်နေကြတာလို့ တာချီလိတ်ဒေသခံ နောက်တဦးက ပြောပါတယ်။

"လောလောဆယ်ကတော့ အဲလို တန်းစီနေရတာပဲ။ မြို့တွင်းမြို့ပြင် အကုန်လုံး လိုသလောက်မရဘူးဗျ။ လျှပ်စစ်မီးက ဒီမနက် မြန်မာစံတော်ချိန် ၈ နာရီခွဲလောက်မှာ ပြတ်သွားပြီဗျ၊ ဖြတ်လိုက်ပြီ။ သတင်းထွက်ထားတာက ဆီပါဖြတ်မယ်ဆိုတဲ့ အတွက်ကြောင့်မို့ အဲလိုလည်းပါတယ်။ နောက်တခုက မီးဖြတ်ရင်တော့ အကုန်လုံးက စက်သုံးရမှာကို။ တာချီလိတ်မြို့က စက်သုံးရမှာဆိုတော့ ကိုယ့်စက်အတွက်၊ ကားအတွက် လိုအပ်တဲ့ဆီကို ဝယ်ကြတာ။ ကျိုင်းတုံအထိပါ ဖြစ်နေတယ်လို့ကြားတယ်။ အခုပဲဖုန်းဆက်တာ ကျိုင်းတုံမှာပါ ဆီတွေတန်းနေကြတယ်လို့ ကြားတယ်။"

မြို့တွင်းမြို့ပြင်နေရာတွေက စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီဝယ်ယူဖို့ တန်းစီနေကြတာပါ။ ထိုင်းနိုင်ငံဘက် ဖြတ်တောက်လိုက်မယ် ဆိုရင်တောင် လာအိုနိုင်ငံကနေ ရနိုင်သေးတယ်လို့လည်း တာချီလိတ်မြို့ခံ တဦးကလည်း သူ့ရဲ့အမြင်ကို ပြောပါတယ်။

"မြေပြင်မှာလည်း အဲလိုပဲ တန်းစီနေတာပါ။ တကယ်လည်း အဲလောက်ကြီးတော့ စိုးရိမ်စရာမလိုပါဘူး။ ကျနော့်အထင်တော့ ဒီကလူတွေကတော့ တဖက်မဟုတ် တဖက်ကနေတော့ ယူဖို့ရှိလောက်ပါတယ်ဗျ။ သဘောတခုပေါ့ ထိုင်းက ဆီမပေးဘူးဆိုရင် လာအိုနဲ့လည်း နီးတယ်လေ။ လာအိုကနေ ယူချင်ယူမှာပါ။ ပြောလို့တော့မရဘူး။"

မြန်မာနိုင်ငံနဲ့ နယ်စပ် အွန်လိုင်းငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေကို နှိမ်နှင်းဖို့ ဖိအားပေးမှုတွေ ရင်ဆိုင်ရပြီးတဲ့နောက် ထိုင်းအစိုးရက မြဝတီ၊ တာချီလိတ်နဲ့ ဘုရားသုံးဆူကို ပေးထားတဲ့ လျှပ်စစ်မီးတွေကို ဖေဖော်ဝါရီလ ၅ ရက်၊ ဒီကနေ့ မနက်ကစပြီး ဖြတ်တောက်လိုက်တာပါ။ လျှပ်စစ်မီးဖြတ်တောက် ခံလိုက်ရပြီးတဲ့နောက် စက်သုံးဆီပြတ်လပ်သွားမှာကိုပါ စိတ်ပူပြီး တာချီလိတ်မြို့ခံတွေ စက်သုံးဆီ ကြိုတင်စုဆောင်းတာတွေ လုပ်နေတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG