ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေထံ ရောက်နေတဲ့ တရုတ်နိုင်ငံသား ၅ ဦးဟာ ဇန်နဝါရီလ ၃၀ ရက်နေ့က ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်ဘက်ကို ထွက်ပြေးလွတ်မြောက်လာတယ်လို့ ထိုင်းနယ်ခြားစောင့်တပ်က သတင်းထုတ်ပြန်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။
ကရင်ပြည်နယ်၊ မြဝတီခရိုင်ထဲက အွန်လိုင်း ငွေလိမ်လည်ဂိုဏ်းတွေထံကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသား ၅ ဦးဟာ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်ဘက်ကို ဇန်နဝါရီလ ၃၀ရက်နေ့က ထွက်ပြေးလာတုန်း ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းမိခဲ့တယ်လို့ နယ်စပ်နေ ပြည်သူတဦးက ပြောပြပါတယ်။
" ၃၀ ရက်နေ့ ညပိုင်းတုန်းကပေါ့၊ တရုတ်နိုင်ငံသား ၅ ဦးက မယ်ပ ဘက်ကို ရောက်လာတယ်။ ထွက်ပြေးလာတာပေါ့ ကျားဖြန့်နေရာကနေ။ ထွက်ပြေး လာတယ်ပြောတယ်။ အဲဒီမှာ နယ်စပ်လုံခြုံရေးက ဖမ်းမိတာပေါ့။ "
ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ၅ ဦးကို တာ့ခ်ခရိုင် မဲဆောက် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှာ ထိန်းသိမ်းထားပြီး သူတို့ကို ဥပဒေအရ အရေးယူ ဆောင်ရွက်ပြီးတာနဲ့ နေရပ်နိုင်ငံကို ပြန်ပို့မယ်လို့ ထိုင်းဘက်ကဆိုပါတယ် ။
ဖမ်းမိသူတွေကတော့ အသက် ၂၉နှစ်အရွယ် Mr. HUANG WEN ၊ အသက် ၂၂ နှစ်အရွယ် Mr. SONG HONG ၊ အသက် ၂၁ နှစ်အရွယ် Mr. LI JIE ၊ အသက် ၂၈ နှစ်အရွယ် Mr. LI HONG ၊ အသက် ၃၄ နှစ်အရွယ် Mr. YANG XOING တို့ဖြစ်ပြီး သူတို့တွေမှာတေ့ာ နိုင်ငံကူးလက်မှတ်တွေ မရှိကြဘူးလို့လည်း ဆိုပါတယ်။
သူတို့အားလုံးဟာ မြ၀တီခရိုင်အတွင်းမှာ အလုပ်လုပ်နေကြတာဖြစ်ပြီး သောင်ရင်းမြစ်ကို ကမ်းကူးပြီး ထိုင်းဘက်ကိုလာခဲ့ကြတာလို့ ဆိုပါတယ်။ သူတို့ကိုတော့ ထိုင်းနယ်ခြားစောင့်တပ်တွေက ဖမ်းဆီးပြီး တရုတ်သံရုံးကို ဆက်သွယ်အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံဘက်မှာ အခြေစိုက်လှုပ်ရှားနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေထံ နိုင်ငံခြားသားတွေ ရောင်းစား မခံရအောင် ထိုင်းဘက်က နယ်စပ်မှာ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ချထားပြီး စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။
" ထိုင်းဘက်က အဖမ်းအဆီးက အတော်လေးများတယ်။ ဒီမြို့ထဲမှာလည်း ဂိတ်တွေချထားတယ် ၊ နယ်စပ်မှာလည်း လုံခြုံရေးတွေနဲ့ ချောလဘော( ပြည်သူ့စစ်တွေ ရပ်ရွာလုံခြုံရေး)တွေနဲ့ နယ်စပ်လုံခြုံရေးကို တိုးမြှင့်ထားတယ်။ ရွာထဲကို ဝင်လာတာနဲ့ ကျေးရွာက ချောလဘော တွေက ရဲကို အကြောင်းကြားပေးရတယ်။ တောမော(လ၀က)တွေကိုအကြောင်းကြားပေးရတယ်။ "
အခုဆိုရင် မဲဆောက်အဝင်မှာ ရဲနဲ့စစ်တပ် စစ်ဆေးရေးဂိတ် ၂ ခုကနေ ခရီးသည်တင် ကားတွေကိုလည်း စစ်ဆေးနေပြီး နိုင်ငံကူးလက်မှတ်တွေကို ဓါတ်ပုံရိုက်ယူတာ ၊ နိုင်ငံခြားသားတွေ လိမ်လည်မခံရအောင် သတိပေးတဲ့ ကြေငြာတွေ ဝေငှတာတွေကိုလည်း လုပ်နေပါတယ် ။
တရုတ်သရုပ်ဆောင် ဝမ်ရှင်း မြ၀တီဘက်က အွန်လိုင်း လိမ်လည်ဂိုဏ်းတွေဆီမှာ ရောင်းစားခံရပြီးတဲ့နောက် နိုင်ငံတကာက ပိုအာရုံစိုက်လာခဲ့ပြီး ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး Mr. Liu Zhongyi လူဇောင်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းနယ်စပ်ကို လာရောက်လေ့လာသွားခဲ့ပါတယ်။
ထိုင်းဘက်ကို တရုတ်အပါအဝင် နိုင်ငံခြားသား ၁၆၁ ယောက်ကို ပြန်လဲွှပြောင်းပေးမယ်လို့ မြန်မာနယ်ခြားစောင့်တပ်ပြောဆိုထားကြောင်း ဒါပေမဲ့ မြန်မာစစ်ကောင်စီနဲ့ ညှိနှိုင်းလို့ မရသေးတဲ့အတွက် ကြန့်ကြာနေကြောင်းကိုလည်း ထိုင်းသတင်းတွေမှာ ဖော်ပြနေပါတယ်ရှင်။
Forum