သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆောက် ခရိုင်တွင်း တည်းခိုခန်းတွေကို ရှောင်တခင်စစ်ဆေး


မဲဆောက်ခရိုင် ရဲဌာန
မဲဆောက်ခရိုင် ရဲဌာန

ထိုင်း မြန်မာ နယ်စပ် တာ့ခရိုင် မဲဆောက် ကနေတဆင့် မြန်မာနိုင်ငံ မြ၀တီခရိုင်အတွင်းက ကျားဖြန့် အွန်လိုင်း လိမ်လည်ဂိုဏ်းတွေမှာ ရောင်းစားခံရတဲ့ နိုင်ငံခြားသားတွေ များလာပြီးတဲ့နောက် မဲဆောက် အပါအဝင် မြို့နယ် ၅ ခုအတွင်း ဝင်လာတဲ့ နိုင်ငံခြားသားတွေကို တင်းကြပ်တဲ့ စစ်ဆေးမှုတွေလုပ်နေပြီး ဇန်နဝါရီလ ၂၂ ရက်နဲ့ ၂၃ ရက်နေ့ ၂ ရက်လုံးမှာ နိုင်ငံခြားသားတွေ တည်းခိုနိုင်တဲ့ ဟိုတယ်၊ မိုတယ်တွေ အပါအဝင် နေရာပေါင်း ၁၃၀ ကျော်ကို ရှောင်တခင် စစ်ဆေးရာမှာတော့ ဗီဇာသက်တမ်းကုန်နေသူ၊ အထောက်အထား မပြည့်စုံသူ မြန်မာ၊ တရုတ် အပါအဝင် နိုင်ငံခြားသား ၄၉ ဦးကို ဖမ်းမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်း မြန်မာ နယ်စပ် တာ့ခရိုင် မဲဆောက်ကနေ တဆင့် မြန်မာနိုင်ငံ မြ၀တီခရိုင်အတွင်းက ကျားဖြန့် အွန်လိုင်း လိမ်လည်ဂိုဏ်းတွေမှာ တရုတ်နိုင်ငံသားတွေ ရောင်စားခံရမှုတွေ ထွက်ပေါ်ခဲ့အပြီးမှာတော့ ဇန်နဝါရီလ ၂၂ ရက်နေ့ နဲ့ ၂၃ ရက်နေ့တွေမှာ နေရာပေါင်း ၁၃၀ကျော်ကို စီမံချက်နဲ့ ရှောင်တခင် စစ်ဆေး ဖမ်းဆီးခဲ့ပါတယ်။ နယ်ခြားစောင့်ရဲ အမှတ် ၃၄၆ ၊ မဲဆောက်ခရိုင် အတွင်းက ရဲ အရာရှိ ၃၀၀ ကျော်တို့ဟာ နိုင်ငံခြားသားတွေ တည်းခိုနေထိုင်နေတဲ့ ဟိုတယ်တွေ အပါအဝင် နေရာပေါင်း ၁၃၀ကျော်ကို စစ်ဆေးခဲ့တာပါ။

တည်းခိုခန်း တွေမှာ နေထိုင်နေတဲ့ မြန်မာ ၇ ဦး အပါအဝင် တရုတ် ၈ ဦး၊ အင်ဒိုနီးရှား ၆ ဦး၊ အိန္ဒိယ ၇ ဦး၊ ဗီယက်နမ် ၂ ဦး၊ ပါကစ္စတန် ၁ ဦး၊ ဖိလစ်ပိုင် ၄ ဦး၊ ၊ ဂျပန် ၁ ဦး၊ ဇင်ဘာဘွေ ၁ ဦး၊ တောင်အာဖရိက နိုင်ငံသား ၁ ဦး စုစုပေါင်း ၄၉ ဦးဟာ ဧည့်စာရင်းတိုင်ကြားတာမရှိဘဲ ၊ အထောက်အထား စာရွက်စာတမ်း မပြည့်စုံဘဲ နေထိုင်နေတာကို စစ်ဆေးတွေ့ရှိတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

တာ့ခ်ခရိုင် ရဲမှူးကြီး Samrit Emkamol ကတော့ တာ့ခ်ခရိုင် အတွင်းမှာ ရောက်ရှိနေထိုင် နေတဲ့ နိုင်ငံခြားသားတွေကို နယ်စပ်ကို ရောက်လာတဲ့ အကြောင်းရင်း နဲ့ သူတို့တည်းခိုနေတဲ့ နေရာတွေ အသေးစိတ်အချက်အလက်တွေ စစ်ဆေးမှာဖြစ်တဲ့အကြောင်း၊ ဘယ်နေရာကို ရောက်ရှိနေကြောင်း ဧည့်စာရင်း တိုင်ရမှာဖြစ်သလို ဧည့်စာရင်း မတိုင်တာတွေနဲ့ အထောက်အထား တစုံတရာ မပြ နိုင်ရင်လည်း ဆက်လက် အရေးယူမယ်လို့ ပြောသွားပါတယ်။

ထိုင်း မြန်မာ နယ်စပ် တာ့ခရိုင် မဲဆောက်ကနေ တဆင့် မြန်မာနိုင်ငံ မြ၀တီခရိုင်အတွင်းက ကျားဖြန့် အွန်လိုင်း လိမ်လည်ဂိုဏ်းတွေမှာ ရောင်းစားခံရတဲ့ နိုင်ငံခြားသားတွေ များလာပြီးတဲ့နောက် အခုလို ဖမ်းဆီးမှုတွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။ မဲဆောက်မြို့မှာ နေထိုင်သူတဦးက အခုလို ပြောပါတယ်။

“ သူတို့သတ်မှတ်ထားတဲ့ ၅ မြို့နယ်ထဲကို လာတဲ့သူတွေကို အခြားနေရာတွေထက် ပိုပြီး တင်းကြပ်မယ် ဆိုတယ်။ ဧည့်စာရင်းတိုင်ရမယ်။ အထောက်အထားစုံရမယ်။ ဘာကြောင့်လာတာလဲ၊ အလုပ်ကိစ္စနဲ့ လာတာလားဆိုတာ သူတို့ ရုံးမှာ သွားပြောပြရမယ်။ နိုင်ငံခြားက လာတဲ့ နိုင်ငံခြားသားတွေက တဖက်ကမ်း မြ၀တီဘက်မှာ လူကုန်ကူးခံရတာတွေ များတော့ မဲဆောက်က ရဲတွေ ၊ လ၀ကတွေ ပေါင်းပြီး ဟိုတယ်တွေမှာ နေတဲ့ နိုင်ငံခြားသားတွေကို စစ်ဆေးတာပေါ့။ အထောက်အထားပြည့်စုံသေူတွကိုတော့မဖမ်းဘူး ၊အလည်လာပြီး အလုပ်လုပ်နေတဲ့ သူတွေ၊ ပြီးရင် ဗီဇာသက်တမ်းကျော်သူတွေကို ဖမ်းတယ်။ ဖမ်းပြီး ဒဏ်ကြေးဆောင်ခိုင်းတယ်။ ပြီးတော့ လာရင်း နိုင်ငံကို ပြန်ပို့မယ်ပေါ့။”

အခုဆိုရင် ဟိုတယ်တွေ၊ အပတ်မင့် အခန်းတွေကို ဝင်ရောက် ဖမ်းဆီးနေတယ်လို့ ကိုယ်တွေ့ကြုံရတဲ့ အမျိုးသမီးတဦးကလည်း ပြောပါတယ်။

“ ခြံဝန်း တဝန်းလုံးက အခန်းတွေကို တံခါးလိုက်ခေါက်ပြီး သူဌေးအိမ်ကိုခေါ်သွားတယ်။ စုခိုင်းတယ်။ သူတို့က အော်ပရေးရှင်းနဲ့ လာတာ။ ကျားဖြန့် နှိမ်နင်းရေးအဖွဲ့လို့ပြောတယ်။ နေရာက တာ့ခရိုင်ထဲမှာ ၁၃၀ ကျော် နေရာကိုဝင်သွားတယ်။ အခု ဝင်နေတာက အပတ်မင့် အခန်းတွေ၊ ဟိုတယ်တွေကို သူတို့က ဝင်နေတယ်။ ”

နိုင်ငံခြားသားတွေ လူကုန်ကူး လုပ်ငန်းတွေမှာ ဖျားယောင်းသွေးဆောင် မခံရစေဖို့အတွက် လုံခြုံရေး တင်းကြပ်ပြီး နယ်စပ်မြို့နယ်တွေမှာ သတိပေး ဆိုင်းဘုတ်တွေ ချိတ်ဆွဲပြီး စစ်ဆေးရေးဂိတ်တွေလည်း တိုးချဲ့ချထားပါတယ်။ မြန်မာဘက်ခြမ်း မြ၀တီခရိုင်အတွင်းက ကျားဖြန့် အွန်လိုင်း လိမ်လည်ဂိုဏ်းတွေရဲ့ လှည့်ဖျားခံရတဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ရေး အတွက် ထိုင်းအစိုးရက ၆လ စီမံချက်ချပြီး လုပ်ဆောင်နေသလို နယ်စပ်က အရာရှိ ဝန်ထမ်းတွေကိုလည်း သေချာ မလုပ်နိုင်ပါက နေရာရွှေ့ပြောင်းတာတွေ ၊ အရေးယူတာတွေ လုပ်မယ်လို့ ပြောဆိုထားပါတယ်။

Forum

XS
SM
MD
LG