သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီကျားဖြန့် လုပ်ငန်းသုံးပစ္စည်း မဲဆောက်မှာဖမ်းမိ


မြဝတီကျားဖြန့် လုပ်ငန်းသုံးပစ္စည်းတွေ မဲဆောက်မှာဖမ်းမိ (Photo: ထိုင်းနယ်ခြားစောင့်တပ်)
မြဝတီကျားဖြန့် လုပ်ငန်းသုံးပစ္စည်းတွေ မဲဆောက်မှာဖမ်းမိ (Photo: ထိုင်းနယ်ခြားစောင့်တပ်)

ထိုင်း−မြန်မာနယ်စပ် မြဝတီမြို့က သယ်လာတဲ့ ကျားဖြန့် အွန်လိုင်းလိမ်လည်ဂိုဏ်းတွေရဲ့ ဆက်သွယ်ရေး လုပ်ငန်းသုံး ပစ္စည်းတချို့ကို ထိုင်းဘက်ခြမ်း တာ့ခရိုင် မဲဆောက် မြို့နယ်ထဲမှာ ထိုင်းနယ်ခြားစောင့်တပ်တွေက ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖမ်းဆီး သိမ်းယူခဲ့ပါတယ်။ နယ်ခြားစောင့်တပ်တွေ ကင်းလှည့်နေတဲ့အချိန် မသင်္ကာတဲ့ ကားတစီးကို စစ်ဆေးတာမှာ ဆမတ်ဖုန်း ထောင်ချီ အပါအဝင် ကွန်ပျူတာနဲ့ ဆက်သွယ်ရေး ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တာပါ။ ဒီအကြောင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။


ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့နယ် မယ်လမ ကျေးရွာဘက်မှာ ယာတောထဲက လမ်းအတိုင်း မောင်းနှင်လာတဲ့ မသင်္ကာဖွယ် ကုန်အပြည့်တင်လာတဲ့ ကားတစီးကို ကင်းလှည့်နေတဲ့ ထိုင်းနယ်ခြားစောင့်တပ်က စစ်ဆေးရာမှာ ကားပေါ်မှာ မြန်မာနိုင်ငံ မြ၀တီဘက်က ကျားဖြန့်အွန်လိုင်းလိမ်လည်ဂိုဏ်းကနေ ရွှေ့ပြောင်းလာတဲ့ စမတ်ဖုန်း ၁၂၅၁ လုံး၊ ဖုန်းဆင်းကဒ် ၂၇၄ ခုနဲ့ ကွန်ပျူတာ ကိရိယာ ၁၉ စုံတို့ကို ဖမ်းမိခဲ့တယ်လို့ အမှတ် ၃၅ ထိုင်းနယ်ခြားစောင့်တပ်ကသတင်း ထုတ်ပြန်ခဲ့ပါတယ်။

ကားမောင်းသူ အသက် ၄၅ နှစ် ထိုင်းနိုင်ငံသားကို စစ်ဆေးရာမှာ အခု သယ်ဆောင်လာတဲ့ ဆက်သွယ်ရေးပစည်းတွေကို မြန်မာနိုင်ငံဘက်ကနေ ပို့လာတာဖြစ်ပြီး မဲဆောက်ကတဆင့် ပါဆယ်ပို့ပေးဖို့ ထိုင်းဘတ်ငွေ ၅,၀၀၀ နဲ့ ငှားရမ်းခဲ့တာလို့လည်း မယ်လမ ရဲတပ်ဖွဲ့ရဲ့ သတင်းစာရှင်လင်းပွဲမှာ ထုတ်ပြန်ခဲ့ပါတယ်။

မြဝတီကျားဖြန့် လုပ်ငန်းသုံးပစ္စည်းတွေ မဲဆောက်မှာဖမ်းမိ (Photo: ထိုင်းနယ်ခြားစောင့်တပ်)
မြဝတီကျားဖြန့် လုပ်ငန်းသုံးပစ္စည်းတွေ မဲဆောက်မှာဖမ်းမိ (Photo: ထိုင်းနယ်ခြားစောင့်တပ်)


အမှတ် ၃၅ နယ်ခြားစောင့်တပ်က ဗိုလ်မှူး နတ်ထကွန် ယင်ထစ် (Col Natthakorn Rueantip )ပြောသွားတာကတော့ _

" မြန်မာဘက်ကနေ ပို့လာတဲ့ ဆက်သွယ်ရေးပစ္စည်းတွေကို ကားမောင်းသူက ပြောတဲ့အတိုင်း မဲဆောက်ကနေ ကမ္ဘောဒီးယာနယ်စပ်အထိ ပိုဖို့ စီစဥ်နေတာကို ကြားဖြတ် ဖမ်းဆီးနိုင်ခဲ့တာပါ ၊..ကားမောင်သူနဲ့အတူ ပါလာတဲ့ အမျိုးသမီးကိုလည်း ဆက်လက် စစ်ဆေးနေပါတယ် ..နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေအာဏာပိုင်တွေဟာ ကျနော်တို့ ထိုင်းနိုင်ငံဘက်မှာ ၂၄ နာရီ အမြဲ စောင့်ကြည့် စစ်ဆေးနေတာဖြစ်လို့ အခုလို ဖမ်းဆီနိုင်ခဲ့တာ ဖြစ်ပါတယ်" လို့ ထိုင်းဘာသာနဲ့ ပြောသွားခဲ့တာပါ။

အခုလို မြန်မာဘက်က ပြောင်းရွှေ့လာတာဟာ ထိုင်းနဲ့တရုတ် အစိုးရတွေက Call Center အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေးကို အရှိန်မြှင့် လုပ်လာတဲ့အတွက် မြ၀တီနေရာကနေ ဘေးလွတ်ရာကို ပြောင်းရွှေ့ဖို့ လုပ်ဆောင်နေတာလို့ ယူဆရကြောင်း ထိုင်းသတင်းတွေမှာ ရေးသားဖော်ပြကြပါတယ်။

နယ်စပ်သတင်းတွေအရ မြ၀တီဘက်ကနေ အွန်လိုင်းလိမ်လည်ဂိုဏ်းကအရေးပါတဲ့ သူတွေကတော့ ဘုရားသုံးဆူနယ်စပ်ကို ပြောင်းရွှေ့တာတွေလည်း ရှိနေပါတယ်။

ကျားဖြန့် တရုတ်ငွေလိမ်ဂိုဏ်းကိစ္စကို နှိမ်နင်းရေးအတွက် ထိုင်းအစိုးရနဲ့ လာရောက်ဆွေးနွေးနေတဲ့ တရုတ်လုံခြုံရေးနဲ့ပြည်သူ့ရေးရာ လက်ထောက်ဝန်ကြီး Mr.Liu Zhongyi ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ နေ့လည်ပိုင်းမှာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကိုသွားရောက်ပြီး မဲဆိုင်−တာချီလိတ် တံတားကိုသွားရောက်ကာ ရွှေတြိဂံဒေသက အွန်လိုင်းလိမ်လည်ဂိုဏ်းတွေကိစ္စ လာရောက် လေ့လာသွားခဲ့ပါတယ်။

ငွေလိမ်ဂိုဏ်းတွေဟာ တာချီလိတ်နယ်စပ်ဘက်မှာလည်း အခြေစိုက် လှုပ်ရှားနေတယ်လို့ ယူဆရတဲ့အတွက် တရုတ်ဝန်ကြီးဟာ မဲဆိုင်တာချီလိတ် နယ်စပ်အခြေအနေတွေကို လေ့လာသွားခဲ့ပါတယ်။ တရုတ်အစိုးရကတော့ ကျားဖြန့်နှိမ်နင်းရေးအတွက် စင်ရော်စစ်ဆင်ရေး ဒုတိယပိုင်းကို လုပ်ဆောင်မယ်လို့ ကြေငြာထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG