ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက် ရပ်ချမနူ နယ်ခြားစောင့်တပ်နဲ့ ဖွတ်ဖရ (Phop Phra) ရဲစခန်းက ရဲအရာရှိတေွက ဖွတ်ဖရမြို့နယ်ထဲမှာ လုံခြုံရေးဂိတ် ၃နေရာချပြီး စစ်ဆေးနေရာမှာ မြန်မာနိုင်ငံဘက်ကို တင်ပို့ဖို့ လုပ်ထားတဲ့ လောင်စာဆီ လီတာ ၆၀၀ကို ဖေဖေါ်ဝါရီလ ၇ရက်နေ့ညက ဖမ်းဆီးလိုက်ပါတယ်။ သယ်ဆောင်လာသူတွေဟာမြန်မာဘက်ကိုပို့ဆောင်ဖို့လုပ်တုန်းဖမ်းမိခဲ့တာပါ။ ဒီသတင်းကိုဗွီအိုအေ သတင်းထောက် မအေးအေးမာက ပေးပို့ထားပါတယ်။
မြန်မာဘက်က ကျားဖြန့်အွန်လိုင်းလိမ်လည်ဂိုဏ်းတွေ မလည်ပတ်နိုင်အောင် မြဝတီ၊ ဘုရားသုံးဆူ၊ တာချီလိတ် ဒေသထဲက နေရာ ငါးခုကို ထိုင်းနိုင်ငံဘက်က လျှပ်စစ်၊ အင်တာနက်နဲ့ စက်သုံးဆီ (လောင်စာဆီ) ဖြတ်တောက်မယ်ဆိုပြီး ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ (NSC) က ဖေဖော်ဝါရီ ၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီလို့ထုတ်ပြန်မှု အပြီးမှာ မြန်မာဘက်ကို ပေးနေတဲ့ မီးတွေကို ဖြတ်တောက်လိုက်သလို ထိုင်းဘက်က မြန်မာဘက်ကို လောင်စာဆီတင်ပို့မယ့်ကားတွေကိုလည်း ပိတ်ထားပြီး မြန်မာဘက်ကို ပို့မယ့်လောင်စာဆီမှန်သမျှကိုဖမ်းဆီးနေပါတယ်။
ဒီအတွက် ထိုင်း-မြန်မာနယ်စပ်၊ တာ့ခရိုင် ဖွတ်ဖရ Phop Phra မြို့နယ်ထဲမှာ ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ညက မြန်မာဘက်ကို ပို့ဆောင်ဖို့ သယ်ဆောင်လာတဲ့ ဒီဇယ်ဆီလီတာ ၆၀၀ကို ထိုင်းအာဏာပိုင်တွေကဖမ်းဆီးလိုက်တယ်လို့ဒေသခံတဦးကပြောပါတယ်။
"တာ့ခ်ခရိုင်၊ ဖွတ်ဖရမြို့နယ်ဘက်မှာ မြန်မာဘက်ကိုပို့မယ့် ဒီဇယ်ဆီတွေကို ထိုင်းအာဏာပိုင်တွေကဖမ်းမိသွားတယ်။ ထိုင်းဘက်က ကျားဖြန့် (လိမ်လည်ဂိုဏ်း)တွေကြောင်ဆီတွေလည်းဖြတ်ထားတယ် မီးတွေလည်းဖြတ်ထားတယ်၊ မြ၀တီဘက်မှာတော့ဆီတွေလည်းအခက်အခဲဖြစ်နေတယ်။"
ထိုင်းဘက်က အခုလို လျှပ်စစ်မီးနဲ့လောင်စာဆီ ဖြတ်တောက်မှုကြောင့် မြ၀တီမြို့က လိမ်လည်ဂိုဏ်းတွေ လောင်းကစား ကာစီနိုရုံတွေကတော့ အရင်ကလောက် မီးသုံးစွဲနိုင်တာမရှိပေမယ့် လောင်စာဆီတွေသိုလှောင်းထားတဲ့အတွက်မီးစက်တွေမောင်းပြီး အလုပ်တွေဆက်လုပ်နေကြပါတယ်။
ဒါပေမယ့် လက်လုပ်လက်စား ပြည်သူတွေတွေ ဒေသခံတွေကတော့ မီးဖြတ်၊ ဆီဖြတ်တဲ့ ဒဏ်ကြောင့် အတော်အခက်အခဲဖြစ်နေပါတယ်။ လောင်စာဆီဝယ်ယူဖို့ခက်ခဲတာတွေဖြစ်နေတဲ့အတွက် နေစဉ်စားသောက်ရေး နဲ့ ရေသုံးစဲွဖို့တွေပါ အခက်အခဲဖြစ်ရတယ်လို့မြ၀တီမြို့ခံတဦးကလည်းပြောပါတယ်။
မြန်မာမီးကတနှစ်နဲ့ ၂လလောက်ရှိပြီဖြတ်တာလေ။ အဲဒီ သင်္ကန်းညီနောင်မှာ ပစ်ခတ်မှုတွေဖြစ်ပြီးကတည်းကပြတ်နေတာ။ ဟင်းချက်တော့ ဂက်စ်ဝယ်ချက်တယ်။ အိမ်မှာကတော့ မီးသွေးနဲ့ချက်တယ်။ မီးသွေးတအိတ်ကိုလည်း ၂သောင်းလောက်ဖြစ်နေတယ်။ ဆီတွေဝယ်မရတော့အိမ်မှာဆိုရင်လည်း အခုရေမောင်း (ရေတင်) ဖို့ က ဆီမရှိတော့ဘူး။ အခုက ကားတွေဆိုင်ကယ်တွေကိုပဲ ဆီက ရောင်းပေးတယ်။ ပုံးတွေနဲ့သွားဝယ်ရင်မပေးဘူးဆိုတော့ ကိုယ်တွေက ဒုက္ခရောက်နေတယ်။ အခုက ရေတင်ဖို့အတွက် စက်လေးကမီးပျက်ကတည်းကဝယ်ထားတာ။ အခုဆီမရောင်းတော့ ရေတင်တာလည်း စက်မောင်းလို့မရတော့ဘူး။
အခုဆိုရင်မြန်မာနိုင်ငံ၊ မြ၀တီဘက်မှာ လမ်းပန်းဆက်သွယ်ရေးတွေလည်းခက်ခဲနေပြီး နေ့စဉ်ရေစက် မီးစက်မောင်းပြီးသုံးနေရတဲ့အတွက် လောင်စာဆီဖြတ်တောက်မူ့က ပိုဆိုးတယ်လို့လည်းပြောပါတယ်။
"အဓိက အခက်အခဲတွေကတော လမ်းပန်းဆက်သွယ်ရေးအတွက် ကားတွေ သုံးလို့မရတော့ဘူး။ အိမ်တွေမှာလည်း စက်တွေနဲ့ အသုံးပြုတော့ လျှပ်စစ်မီးလည်းမရတော့ အကုန်လုံးချက်တာ ပြုတ်တာကအစအကုန်အခက်အခဲတွေဖြစ်နေတယ်။"
ထိုင်းဘက်ကတော့ ကျားဖြန့် လိမ်လည်ဂိုဏ်းတွေကို နှိမ်နင်းရေးကိုဆက်တိုက်လုပ်နေပြီး မဲဆောက် အဝင်၊အထွက်ဂိတ်တွေမှာလည်း နိုင်ငံခြားသားတွေကို စစ်ဆေးမူတွေလုပ်ဆောင်နေပါတယ်။
ဖေဖော်ဝါရီလက (၆) ရက်နေ့ကလည်း ထိုင်း-မြန်မာ နယ်စပ် ထစိုင်လုဝပ်နယ်မြေကနေ မြန်မာနိုင်ငံ ရွှေကုက္ကိုနဲ့ KK Park ဆိုတဲ့ ကာစီနို လောင်းကစားရုံတွေကို ပို့မယ့် ခုံတွေနဲ့ လောင်းကစားလုပ်ငန်းမှာအသုံးပြုတဲ့ ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ကုန်တင်ကားတစီးကိုလည်း ထိုင်းဘက်က ဖမ်းဆီးလိုက်ပါတယ်။
အခုဆိုရင် တနိုင်တပိုင်သယ်ဆောင်ကြတဲ့ လောင်စာဆီပုံးငယ်လေးတွေကအစ သယ်ဆောင်ခွင့်မပေးတော့ပဲ ပိတ်ထားလိုက်ပါတယ်။
Forum