ထိုင်းနိုင်ငံက အကြီးဆုံးစက်သုံးလောင်စာဆီလုပ်ငန်းကြီးဖြစ်တဲ့ PTTOR အတိုကောက် OR ကုမ္ပဏီက မြန်မာနိုင်ငံကို စက်သုံးဆီတင်ပို့မှု ရပ်ဆိုင်းထားဖို့ ပြင်ဆင်နေပါတယ်။
မြန်မာနိုင်ငံမှာအခြေစိုက်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကိုနှိမ်နှင်းနေတဲ့ ထိုင်းအစိုးရရဲ့ မူဝါဒနဲ့အညီ မြန်မာကိုစက်သုံးဆီတင်ပို့မှုရပ်ဖို့ အစိုးရကအမိန့်ထုတ်ရင် အမိန့်အတိုင်းလိုက်နာမှာဖြစ်တယ်လို့ OR ကုမ္ပဏီရဲ့ နိုင်ငံတကာစီးပွားရေးဆိုင်ရာ ဒုက္ကဋ္ဌ Racha Uthaichan ရဲ့ အပြောကိုကိုးကားပြီးဒီနေ့ထုတ် Bangkok Post သတင်းစာမှာ ဖော်ပြပါတယ်။ ထိုင်းနိုင်ငံ လုံခြုံရေးကောင်စီ NSC က ထိုင်းမြန်မာနယ်စပ်ဂိတ် ၅ ခုကနေ မြန်မာနိုင်ငံဘက်ကို စက်သုံးဆီတင်ပို့မှု ရပ်ဆိုင်းထားပါဆိုတဲ့ အမိန့်ကို စောင့်နေတယ်လို့ သူကပြောပါတယ်။
PTTOR ကုမ္ပဏီဟာ မြန်မာနိုင်ငံကို ဒီဇယ်နဲ့ ဓါတ်ဆီ လီတာ ၁၅ သန်းနဲ့ သန်း ၂၀ ကြား လစဉ် တင်ပို့နေတာဖြစ်ပါတယ်။ အဲဒီစက်သုံးဆီတွေကို ဝယ်ယူကြတဲ့ သူ့ရဲ့ Customer တွေက မြဝတီ၊ တာချီလိတ်၊ မြိတ်နဲ့ ကော့သောင်းမြို့တွေမှာ ဓါတ်ဆီဆိုင်တွေဖွင့်ပြီး တဆင့် ပြန်ရောင်းချနေကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း အွန်လိုင်းငွေကြေးလိမ်လည်တဲ့ ဂိုဏ်းတွေရဲ့ လုပ်ငန်းလည်ပတ်နေတဲ့ နေရာ ၅ ခုမှာမနေ့ ဗုဒ္ဓဟူးနေ့ကစပြီး ထိုင်းနိုင်ငံက လျှပ်စစ်မီးဖြတ်တောက်ထားပါတယ်။
တချိန်တည်းမှာ တရားမဝင် နာမည်အတုနဲ့ ငွေကြေးလွှဲပြောင်းတဲ့ လုပ်ငန်းတွေကို လာမယ့် မတ်လကစပြီး နှိမ်နှင်းသွားမယ့်အကြောင်းလည်း ထိုင်းနိုင်ငံ ဘဏ်လုပ်ငန်းရှင်ကြီးများ အသင်းက ပြောဆိုထားပါတယ်။
Forum