သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ကမ်းလွန် သဘာဝဓာတ်ငွေ့ပိုမိုထုတ်ယူခွင့် ထိုင်း ကုမ္ပဏီ PTTEP ထပ်မံရရှိ


ဓါတ်ပုံ-PTTEP
ဓါတ်ပုံ-PTTEP

(Zawgyi/Unicode)

ထိုင်းနိုင်ငံ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ရှာဖွေ ထုတ်လုပ်ရေးကုမ္ပဏီ PTTEP က မြန်မာနိုင်ငံက သဘာဝ ဓါတ်ငွေ့ ရှာဖွေ ထုတ်လုပ်ရေး လုပ်ကွက်တွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဓါတ်အားပေး စက်ရုံတစ်ခု တည်ဆောက်ရေးအတွက် နောက်ထပ် အမေရိကန် ဒေါ်လာ၂ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီကြီး ဖြစ်တဲ့ PTT လက်အောက်ခံ PTTEP က ဒီဇင်ဘာလကုန်က မြန်မာ အစိုးရဆီကနေ သဘာဝ ဓါတ် ငွေ့ ရှာဖွေ ထုတ်လုပ် ခွင့် သီးသန့် ရရှိခဲ့တာဖြစ်ပါတယ်။ နှစ်ဖက် သဘောတူညီချက်အရ PTTEP ကုမ္ပဏီက မြန်မာ့ကမ်းလွန်မှာ သဘာဝ ဓါတ်ငွေ့ ထုတ် လုပ်မှာ ဖြစ်သလို မြန်မာနိုင်ငံတွင်းက ဓါတ်အားပေးရုံတစ်ခုအတွက် အဲဒီ ဓါတ်ငွေ့တွေ ထောက်ပံ့ ပေးပို့မှာ ဖြစ်ပါတယ်။

ဒီ စီမံကိန်းက မြန်မာနိုင်ငံအတွင်း PTTEP ရဲ့ လုပ်ငန်း ချဲ့ထွင်မှုအစီအစဉ်ရဲ့ ပထမ ခြေလှမ်း ဖြစ်သလို ဒီ စီမံကိန်းကြောင့် ၂၀၃၀ ပြည့် နှစ်မှာ အိမ်ထောင်စု အားလုံး လျှပ်စစ်မီး ရစေရေး မျှော်မှန်းထားတဲ့ မြန်မာနိုင်ငံရဲ့ ဘက်ပေါင်းစုံ ရေရှည် တည်တံ့ ဖွံ့ဖြိုး တိုး တက် ရေး စီမံကိန်းကို အထောက်အကူ ပြုမှာ ဖြစ်ကြောင်း PTTEP ရဲ့ အမှုဆောင် အရာရှိချုပ် Phongsthorn Thavisin က ပြောပါတယ်။

PTTEP ရဲ့ ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံရေး စီမံကိန်းမှာ မြန်မာ့ကမ်းလွန်မှာ သဘာဝဓါတ်ငွေ့ရှာဖွေရေး၊ မီဂါဝပ် ၆၀၀ စွမ်းအား ရှိတဲ့ သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတစ်ရုံ တည်ဆောက်ရေး၊ ကီလိုမီတာ ၃၇၀ (မိုင် ၂၃၀) ရှည်လျားတဲ့ သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်းတစ်ခုတည်ဆောက်ရေးနဲ့ ဓါတ်အားပေးစက်ရုံကနေ ရန်ကုန်မြို့ကို ဆက်သွယ်မယ့် ဓါတ်အားလိုင်း တစ်ခုတည်ဆောက်ရေး လုပ်ငန်းတွေ ပါဝင်ပါတယ်။

ဓါတ်အားပေးစက်ရုံသစ်ကို ရန်ကုန်မြို့ရဲ့ အနောက်တောင်ဘက် ကီလိုမီတာ ၆၀ ( ၃၇ မိုင်) အကွာမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။ PTTEP ကုမ္ပဏီအနေနဲ့ အသေးစိတ် လေ့လာမှုတွေ ပြုလုပ်အပြီး ၂၀၂၂ ခုနှစ် အစောပိုင်းမှာ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအတွက် အပြီး သတ် ဆုံးဖြတ်ချက်ချမှာ ဖြစ်တယ်လို့ ဂျပန် Nikkei Asia သတင်းက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)






XS
SM
MD
LG