မြန်မာနိုင်ငံ နယ်စပ်မြို့တချို့ကို လျှပ်စစ်မီး၊ အင်တာနက်နဲ့ စက်သုံးဆီတင်ပို့မှုတွေကို ထိုင်းနိုင်ငံက ဒီကနေ့ပဲ ဖြတ်တောက်လိုက်ပါတယ်။ မြန်မာနယ်စပ်အခြေစိုက် တရုတ်နိုင်ငံသားတွေ ထိန်းချုပ်ထားတဲ့ ကျားဖြန့် အွန်လိုင်းလိမ်လည်ဂိုဏ်းတွေမှာ အလုပ်လုပ်ဖို့ ထိုင်းနိုင်ငံကနေတဆင့် လူကုန်ကူးခံရတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာအပြီးမှာ ထိုင်းဘက်က ဒီကနေ့ ဖေဖေါ်ဝါရီ ၅ ရက် မနက် ၉ နာရီကစလို့ ဖြတ်တောက်လိုက်တာပါ။
“ဒီနေ့ကစပြီး မီးဖြတ်လိုက်ပါပြီ။ မီးမရတော့တာကြောင့် အခက်အခဲတွေ့နိုင်ပေမယ့်လည်း တရားမဝင်လုပ်ငန်းတွေမှာပါဝင်နေတယ်ဆိုပြီး ထိုင်းနိုင်ငံအပေါ် အပြစ်တင်လို့မရတော့ပါဘူး။ သူတို့အနေနဲ့ လျှပ်စစ်မီးကို တခြားနေရာကပဲဖြစ်ဖြစ်၊ ကိုယ်ပိုင် ထုတ်လုပ်တာပဲဖြစ်ဖြစ် နည်းလမ်း ရှာနိုင်ပါတယ်။ ထိုင်းလုံခြုံရေးကောင်စီက ညွှန်ကြားထားတဲ့အထဲမှာ စက်သုံးဆီနဲ့ အင်တာနက် ဖြတ်ဖို့လည်း ပါဝင်ပါတယ်။ ဒါကြောင့် ခုချိန်ကစပြီး ဖြစ်တဲ့ပြဿနာတွေမှာ ထိုင်းအနေနဲ့ ပါဝင်ပတ်သတ်တာမျိုး ရှိတော့မှာ မဟုတ်ပါဘူး” - လို့ ထိုင်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သူ ပြည်ထဲရေးဝန်ကြီး Anutin Charnvirakul က ပြောသွားတာပါ။
ဘန်ကောက်မြို့က ထိုင်းနိုင်ငံ လျှပ်စစ်ပေးဝေရေးဌာနချုပ်ရုံးကနေ လျှပ်စစ်မီးဖြတ်တောက်တဲ့ လုပ်ငန်းကို ကြီးကြပ် ကြည့်ရှုစဉ် ဝန်ကြီး Charnvirakul က ခုလို ပြောလိုက်တာပါ။
မြန်မာဘက်ခြမ်း မြဝတီနဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) ဒေသ၊ ဘုရားသုံးဆူ၊ တာချီလိတ်နဲ့ ထိုင်းမြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၁) ဒေသတွေမှာ လျှပ်စစ်မီး ဖြတ်တောက်လိုက်တာ ဖြစ်ပါတယ်။ စက်သုံးဆီပါဖြတ်တောက်မှာကြောင့် ဒေသခံတွေဟာ စက်သုံးဆီလည်း ကြိုတင်စုဆောင်း နေကြပါတယ်။
တာချီလိတ်မြို့မှာတော့ လာအိုနိုင်ငံက လျှပ်စစ်မီးနဲ့အစားထိုးဖို့ ပြင်ဆင်နေကြတယ်လို့ ဒေသတွင်း သတင်းတချို့မှာ ဖေါ်ပြပါတယ်။
ကျားဖြန့်လုပ်ငန်းအခြေစိုက်ရာ ရွှေကုက္ကိုဒေသကို စစ်ကောင်စီ လက်အောက်ခံ အရင်က BGF ခေါင်းဆောင် စောချစ်သူကထိန်းချုပ်ထားတာဖြစ်ပြီး အဲဒီ ကျားဖြန့်လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ဖို့ တရုတ်နိုင်ငံသား အများအပြားအပါအဝင် နိုင်ငံအတော်များများက နိုင်ငံသားတွေ လူမှောင်ခို ကုန်ကူးခံ ရတာပါ။ အဲဒီ လူမှောင်ခိုကူးခံရသူ အများအပြားဟာ ထိုင်းနိုင်ငံတဆင့် ရောက်ရှိလာကြတာဖြစ်ပြီး ကျားဖြန့် လုပ်ငန်းသုံး လျှပ်စစ်မီး အင်တာနက်ကိုလည်း ထိုင်းနိုင်ငံကနေ ရရှိတာပါ။ အွန်လိုင်းကနေ လိမ်လည်တဲ့လုပ်ငန်းက ဒေါ်လာ ဘီလျံနဲ့ချီ ရရှိနေတယ်လို့ ကုလသမဂ္ဂကလည်း ပြောဆိုထားပါတယ်။
Forum