သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်းကို ကန်အရေးယူမှု NUG ကြိုဆို


နေပြည်တော်မှာကျင်းပတဲ့ လွတ်လပ်ရေးနေ့အခမ်းအနားအတွင်း မြန်မာအလံသယ်ဆောင်လာတဲ့ ရဟတ်ယာဉ်တစင်းကိုတွေ့ရစဉ် (ဇန်နဝါရီ ၄၊ ၂၀၂၃)
နေပြည်တော်မှာကျင်းပတဲ့ လွတ်လပ်ရေးနေ့အခမ်းအနားအတွင်း မြန်မာအလံသယ်ဆောင်လာတဲ့ ရဟတ်ယာဉ်တစင်းကိုတွေ့ရစဉ် (ဇန်နဝါရီ ၄၊ ၂၀၂၃)

စစ်ကောင်စီအတွက် အဓိကဝင်ငွေလမ်းကြောင်းဖြစ်နေတဲ့ MOGE မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းအပေါ် အမေရိကန်အစိုးရက ကန့်သတ်အရေးယူလိုက်ကြောင်း မနေ့က ကြေညာချက်အပေါ် NUG အစိုးရအပါအဝင် အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့အဖွဲ့တွေက ကြိုဆိုလိုက်ပါတယ်။ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုဟာ ဘယ်လို စစ်ကောင်စီအပေါ် ထိခိုက်မှုတွေရှိမလဲ၊ ဘယ်လို ကန့်သတ်ချက်တွေရှိနေလဲဆိုတာ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE အပေါ် ဒီဇင်ဘာလ ၁၅ ရက်နေ့ကစပြီး အမေရိကန် ဘဏ္ဍာရေးလုပ်ငန်းတွေအနေနဲ့ ဝန်ဆောင်မှုတွေမပေးကြဖို့ တားမြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနက မနေ့က ကြေညာချက်ထုတ်ပြန်လိုက်တဲ့အပေါ် NUG အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆိုကြောင်း ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ဗွီအိုအေကို အခုလို တုံ့ပြန်သွားပါတယ်။

“အဲဒီကြေညာချက်ကို ကျနော်တို့ ကြိုဆိုပါတယ်။ ဒါ ကျနော်တို့ပြည်သူလူထုကလည်း စောင့်ဆိုင်းနေတဲ့ ကြေညာချက်တခုဖြစ်ပါတယ်။ အခုကြေညာချက်မှာ ကျနော်တို့သတိထားမိတာကတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ပေါ့လေ- အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံသားတွေ၊ ကုမ္ပဏီတွေ၊ အမေရိကန်ပြည်ထောင်စုမှ လာရောက်ပြီးတော့ ရင်းနှီးမြှုပ်နှံတဲ့ကုမ္ပဏီတွေက ငွေရေးကြေးရေးနဲ့ပတ်သက်ပြီးတော့ ၊ ဘဏ္ဍာရေးနဲ့ပတ်သက်ပြီးတော့ ဝန်ဆောင်မှုလုပ်ငန်း၊ အာမခံလုပ်ငန်း-အစရှိသဖြင့် ဒီလုပ်ငန်းတွေ အားလုံးကို မဆောင်ရွက်ဖို့ တားမြစ်လိုက်တဲ့သဘောပေါ့လေ။ ဒီကိစ္စနဲ့ပတ်သက်လို့လည်း တခြားနိုင်ငံတွေဖြစ်တဲ့ ယူကေတို့၊ ကနေဒါတို့နဲ့လည်း ညှိနှိုင်းပူးပါင်းပြီးတော့ ဆောင်ရွက်တယ်ဆိုတာကို သတိထားမိတယ်။ ဒီနိုင်ငံတွေ အခုလို ညှိနှိုင်းပြီး ဆောင်ရွက်တာဟာ ဒီလိုမျိုး အရေးယူဆောင်ရွက်မှုတွေကို ပိုမိုပြီးတော့ ထိရောက်စေမှာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ဒီလိုပဲ လိုလားပါတယ်။”

MOGE ကို ကန့်သတ်တားမြစ်ရတဲ့အကြောင်းရင်းမှာ မြန်မာလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ရာမှာ အသုံးပြုဖို့ လက်နက်တွေ မဝယ်နိုင်အောင် စစ်ကောင်စီရဲ့ဝင်ငွေကို ဟန့်တားဖို့ရည်ရွယ်ကြောင်း အမေရိကန်အစိုးရက ပြောထားပါတယ်။ ဒီကန့်သတ်ချက်ရဲ့ သက်ရောက်မှုတွေနဲ့ပတ်သက်လို့ အမေရိကန်အခြေစိုက် Myanmar Policy အင်စတီကျုရဲ့ မူဝါဒရေးရာပူးပေါင်းဆောင်ရွက်ရေးမှူး Mike Haack က အခုလို ဗွီအိုအေကို ပြောပါတယ်။

“ဒီဒဏ်ခတ်မှုရဲ့နောက်ကွယ်အဓိက အိုင်ဒီယာ (ယူဆချက်)က စစ်ကောင်စီအတွက်ဝင်ငွေအဖြစ် အရေးပါနေတဲ့ အမေရိကန်ဒေါ်လာရနေတဲ့ လမ်းကြောင်းတွေကို ပိတ်ပင်ဖို့ဖြစ်ပါတယ်။ သူတို့အတွက် လက်နက်တွေ၊ လေယာဉ်ဆီတွေ ဝယ်ယူတဲ့နေရာမှာ အခြားငွေကြေးတွေထက် ဒေါ်လာနဲ့ ပေးချေတာဟာ ပိုပြီးလွယ်ကူ ကောင်းမွန်စေပါတယ်။ ဒါကြောင့် အခုအမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုဟာ စစ်ကောင်စီအတွက် ဒေါ်လာသန်းပေါင်းများစွာ သုံးစွဲခွင့်ကို ပိတ်ပင်နိုင်မှာဖြစ်ပါတယ်။”

အမေရိကန်ရဲ့ကန့်သတ်တားမြစ်ချက်ထဲမှာ MOGE နဲ့ ပတ်သက်လို့ အလုံးစုံအရေးယူပိတ်ဆို့တာမျိုးတော့ မပါဘူးလို့ Mike Haack ကအခုလို ရှင်းပြပါတယ်။

“ဒါပေမယ့်လည်း MOGE နဲ့ပတ်သက်နေတဲ့ လုပ်ငန်းအားလုံးကို ရပ်တန့်ခိုင်းတဲ့အချက်တော့ မပါဝင်ပါဘူး။ ဥပမာ MOGE အနေနဲ့ အရောင်းအဝယ်လုပ်တဲ့နေရာမှာ ဒေါ်လာနဲ့သုံးလို့မရဘူးဆိုရင် ထိုင်းဘတ်ငွေနဲ့တော့ ပြောင်းပြီးသုံးလို့ ရပါတယ်။ အခု အမေရိကန်ရဲ့ပိတ်ဆို့မှုမှာ secondary sanctions လို့ခေါ်တဲ့ MOGE နဲ့ နောက်ထပ် ဆက်နွယ်ပတ်သက်နေတဲ့ လုပ်ငန်းကုမ္ပဏီတွေကိုပါ ပိတ်ဆို့အရေးယူတဲ့အချက် မပါဝင်ပါဘူး။”

EU ဥရောပသမဂ္ဂက မနှစ်က MOEG အပေါ် ပိတ်ဆို့အရေးယူထားတာကတော့ ပိုပြီး ပြင်းထန်တယ်လို့ Mike Haack ကဆိုပါတယ်။ အမေရိကန်ဘက်က MOGE အပေါ် ပိတ်ဆို့အရေးယူတဲ့နေရာမှာ အတော်လေး ချင့်ချိန်ခဲ့သလို အထူးသဖြင့် ထိုင်းနိုင်ငံပိုင် PTT ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း ကို မထိခိုက်စေဖို့ ထည့်သွင်းစဉ်းစားခဲ့တယ်လို့ Mike Haack က ပြောပါတယ်။ ဒါပေမယ့်လည်း အခုလို စစ်ကောင်စီကို ဒေါ်လာသုံးစွဲလို့မရအောင် ပိတ်ဆို့အရေးယူတဲ့ ခြေလှမ်းဟာ အလွန်ကို အရေးကြီးတဲ့အတွက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေအနေနဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုကို ထောက်ခံကြောင်း အခုလို ဆက်ပြောပါတယ်။

“ကျနော်တို့ ထောက်ခံပါတယ်။ အမေရိကန်ရဲ့ MOGE အပေါ် ပိတ်ဆို့မှုဟာ စစ်ကောင်စီကို ကြီးမားတဲ့သက်ရောက်မှုတွေ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့လိုချင်တဲ့အတိုင်း ပြည်သူတွေအပေါ် သက်ရောက်မှုသိပ်မရှိဘဲ စစ်ကောင်စီကိုပဲ ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုမျိုးဖြစ်ပါတယ်။ ကျနော်တို့ဖြစ်စေချင်တာက မြန်မာပြည်သူတွေအပေါ် စစ်ပွဲတရပ်လိုတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့စစ်အင်အားကို ထိခိုက်စေတဲ့အရာတွေပဲဖြစ်ပါတယ်။

ဝါရှင်တန်အခြေစိုက် Campaign for a New Myanmar အဖွဲ့ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Simon Billenness ကလည်း သူ့ရဲ့အမြင်ကို အခုလို ဗွီအိုအေကို စာနဲ့ ရေးသားတုံ့ပြန်ခဲ့ပါတယ်။

"အမေရိကန်ရဲ့ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုဟာ စစ်ကောင်စီအတွက် ဝင်ငွေအဖြစ်စီးဆင်းနေတဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့က ရတဲ့ ငွေတွေကို ဟန့်တားဖို့ အကူအညီဖြစ်စေပါလိမ့်မယ်။ ဒါပေမယ့် MOGE လုပ်ငန်းကို အပြည့်အ၀ ဒဏ်ခတ်ပိတ်ဆို့ထားတာတော့ မဟုတ်ပါဘူး။"

တဆက်တည်းပဲ စစ်ကောင်စီနဲ့ ဆက်စပ်ပြီး ပံ့ပိုးပေးနေတဲ့ ကုမဏီနှစ်ခုနဲ့ လူပုဂိုလ်ငါးဦးကိုလည်း ဒဏ်ခတ်အရေးယူတဲ့စာရင်းမှာ ထည့်သွင်းခဲ့ကြောင်း မနေ့က ထုတ်ပြန်တဲ့ အမေရိကန်အစိုးရရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ အဲဒီထဲမှာ ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ရုရှားအဖွဲ့အစည်းတွေနဲ့ စာချုပ်ချုပ်ပြီး မြန်မာကာကွယ်ရေးပစ္စည်းဝယ်ယူရေးကုမ္ပဏီဖြစ်တဲ့ Sky Royal Hero ကုမ္ပဏီလည်း ပါဝင်ပါတယ်။ အဲဒီကုမ္ပဏီကို Sky Aviator ကုမ္ပဏီဆိုပြီး လူသိများကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

နောက်ထပ် စီးပွားရေးကုမ္ပဏီကတော့ မြန်မာစစ်တပ်ကို ကျောထောက်နောက်ခံပေးနေတဲ့ ခရိုနီစီးပွားရေးလုပ်ငန်းရှင် ဦးစစ်တိုင်အောင်ပိုင်တဲ့ Suntac ကုမ္ပဏီခွဲတွေဖြစ်တဲ့ Suntac Technologies ကုမ္ပဏီ နဲ့ Suntac International Trading ကုမ္ပဏီ ဖြစ်ပါတယ်။

လူပုဂ္ဂိုလ်စာရင်း ၅ ဦးထဲမှာတော့- မြန်မာစစ်တပ်ရဲ့ (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ စစ်ကောင်စီ အဖွဲ့ဝင်တွေဖြစ်တဲ့ စက်မှုဝန်ကြီး ဦးချာလီသန်း၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး ဦးကံဇော်၊ တရားရေးရာဝန်ကြီးဌာနက ညွန်ကြားရေးမှူးချုပ် ဒေါ်ဆွေဆွေအောင်နဲ့ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းတို့ ပါဝင်ပါတယ်။

အခုလို အမေရိကန်ဘက်က MOGE အပေါ် ကန့်သတ်အရေးယူတာနဲ့ စီးပွားရေးကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေကို ပစ်မှတ်ထားအရေးယူတာတွေကို ကနေဒါ ၊ ဗြိတိန်တို့နဲ့အတူ ပူးတွဲဆောင်ရွက်တာဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ အောက်တိုဘာလ (၃၁) ရက်နေ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG