သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျားဖြန့်ငွေလိမ်ဂိုဏ်းမှာ ဖမ်းခံထားရသူတွေ အချက်အလက်ရရင် ခေါ်ထုတ်ပေးမည်


30-03-24 က DKBA ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်က ယူဂန်ဒါနိုင်ငံသားတွေကိုကယ်ဆယ်ပြီး ထိုင်းဘက်ကို ပြန်လည်လွှဲပြောင်းပေးခဲ့ပုံ။ (photo- DKBA)
30-03-24 က DKBA ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်က ယူဂန်ဒါနိုင်ငံသားတွေကိုကယ်ဆယ်ပြီး ထိုင်းဘက်ကို ပြန်လည်လွှဲပြောင်းပေးခဲ့ပုံ။ (photo- DKBA)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်အတွင်းက ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ဆီမှာ ရောင်းစားခံရတဲ့ နိုင်ငံခြားသားတွေရဲ့ရောက်ရာနေရာ အတိအကျအချက်အလက်နဲ့ DKBA ထိန်းချုပ်နယ်မြေထဲမှာရှိနေရင် ပြီးတော့ မြန်မာသံရုံးနဲ့ နိုင်ငံတကာသံရုံးတွေက တောင်းဆိုလာရင် ပြန်လည်ရှာဖွေ အပ်နှံပေးသွားမယ်လို့ DKBA ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်က သတင်း ထုတ်ပြန်ခဲ့ပါတယ်။ အခုဆိုရင် ထိုင်းနိုင်ငံတဆင့် ရောင်းစားခံရသူတွေကိုအပ်နှံတာဟာ ရာဂဏန်းလောက်ရှိသွားပြီလို့လည်း DKBA ကပြောပါတယ်။ အကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်အတွင်းက ကျားဖြန့်လို့ခေါ်တဲ့ လိမ်လည်ဂိုဏ်းတွေဆီမှာ ရောင်းစားခံရတဲ့နိုင်ငံခြားသားတွေရဲ့ရောက်ရှိရာနေရာအတိအကျအချက်အလက်နဲ့ DKBA ထိန်းချုပ်ရာနယ်မြေထဲမှာရှိတယ်ဆိုရင် မြန်မာသံရုံးနဲ့ နိုင်ငံတကာသံရုံးတွေက တောင်းခံပါက ပြန်လည်အပ်နှံပေးသွားမယ်လို့ DKBA ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်က စစ်ဦးစီး အရာရှိချုပ်ဗိုလ်ချုပ်ဆန်းအောင်က VOA ကို အခုလိုပြောပါတယ်။

“ညှဥ်းပန်းနှိပ်စက်ပြီး လူ့အခွင့်ရေးချိုးဖောက်တာကို လုပ်ပိုင်ခွင့်မပေးပါဘူး။ ဒါကြောင့် လူမဆန်တဲ့ လုပ်ရပ်တွေလုပ်မယ်ဆိုရင် ကျနော်တို့ဖမ်းဆီးပြီးအရေးယူမယ်။ လက်ရှိ နိုင်ငံ တကာရဲ့တောင်းဆိုမှုတွေ၊ မြန်မာသံရုံးကတောင်းဆိုတာတွေ ပြည်ပသံရုံးတွေက တောင်းဆိုတာတွေ အချက်အလက်အပြည့်အစုံရမယ်ဆိုရင် ကျနော်တို့က ရှာဖွေပြီး အပ်နှင်းပေးမယ်။ ဘယ်ဆိုက်၊ ဘယ်ကုမ္ပဏီမှာ မောင်ဖြူ.. မဖြူ.. စသဖြင့် ရောင်းစားခံနေရတယ် နှိပ်စက်ညှင်းပမ်းခံနေရတယ်ဆိုရင် အထောက်အထား အချက်အလက်တွေ အတိအကျတော့ရှိဖို့လိုတာပေါ့။”

DKBA ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်က စစ်ဦးစီးအရာရှိချုပ်ဗိုလ်ချုပ်ဆန်းအောင် အနေနဲ့ အခုကျားဖြန့်လိမ်လည်ဂိုဏ်းတွေကို နိုင်ငံတကာအာရုံမစိုက်ခင်ကတည်းက ထိုင်းနိုင်ငံက အာဏာပိုင်တွေနဲ့ဆက်သွယ်ပြီး အွန်လိုင်းလိမ်လည်ဂိုဏ်းတွေထံကိုရောင်းစားခံရတဲ့ နိုင်ငံခြားသား ရာဂဏန်းလောက်ကို ပြန်လည်ပို့ဆောင်ပေးခဲ့တာတွေ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။

“အပ်နှံပေးတဲ့နေရာမှာ ကျနော်တို့အတွက် အခက်အခဲတွေအများကြီးရှိပါတယ်။ ကျနော်တို့က မြန်မာနိုင်ငံသားတွေရဲ့ဥပဒေနဲ့အပ်ဖို့ အစီစဉ်ရှိပါတယ်။ ဒါပေမယ့် ဌာနဆိုင်ရာတွေကလည်း ပြောတယ်။ မြန်မာနိုင်ငံအနေနဲ့အပ်ရင် သူတို့ကကြန့်ကြာနိုင်တယ်ပေါ့။ ဥပမာ ထိုင်းဗီဇာတွေ၊ ပတ်စပို့တွေနဲ့လာတာဖြစ်လို့ ထိုင်းဘက်ကနေဆို ဗီဇာကျန်သေးတာတွေလည်းရှိလို့ ထိုင်းဘက်က အပ်ရင် ပိုပြီးချောမွေ့တယ်ပေါ့၊ မြန်မာထဲမှာဆို နိုင်ငံခိုးဝင်မှုတွေနဲ့ ရက်ပေါင်း ၃၀ လား၊ ၆၀ လား ချုပ်ထားမှာတွေက ရှိတယ်။ သူလာရာလမ်းကိုပြန်တာကောင်းတယ် ဆိုပြီး ကျနော်တို့ ထိုင်းကိုအပ်နှံပေးတာ လူရာဂဏန်းနဲ့ကိုရှိနေပါပြီ။ တချို့ကသတင်းပေါ် ရောက်တာရှိတယ်။ တချို့က သတင်းမထွက်ဘူး။ အဲဒီလိုမျိုးလည်းရှိပါတယ်။”

မြန်မာနိုင်ငံ ကရင်ပြည်နယ် မြ၀တီခရိုင်အတွင်းက ကျောက်ခက်ဆိုတဲ့ DKBA ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်ထိန်းချုပ်ထားတဲ့နေရာမှာ ယူဂန်ဒါနိုင်ငံသား ၂၃ ယောက်ဟာ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ လုပ်နေတဲ့ ကုမဏီတွေမှာ ရောင်စားခံ ခဲ့ရတာကြောင့် ထိုင်းဘက်နေ ပြန်လွှဲပြောင်းပေးဖို့ ၂၀၂၄ ခုနှစ်မတ်လအတွင်းမှာ ကူညီခဲ့တဲ့အကြောင်းDKBA က ပြောပါတယ်။ သူတို့တွေဟာ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတခုကနေ နောက်တခုလက်ဆင့်ကမ်းရောင်းစားတာကို ခံခဲ့ရတယ်လို့လည်း ပြောပါတယ်။ အခုဆိုရင် ယူဂန်ဒါ အပါအဝင်နိုင်ငံခြားသားတွေကို ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ အရေအတွက် ရာဂဏန်းလောက် ရှိသွားပြီလို့လည်း DKBA က ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းက ငွေကြေး လိမ်လည်တဲ့ဂိုဏ်းတွေဟာ DKBA နဲ့ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်တွေ ထိန်းချုပ်တဲ့ဒေသတွေမှာ ရှိနေပြီး အကျိုးတူ စီးပွားလုပ်ကိုင်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေ ရှိနေသလို DKBA နဲ့စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် တပ်တွေက လုံခြုံရေး ယူပေးနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ မြန်မာနယ်စပ်က ငွေကြေး လိမ်လည်တဲ့ဂိုဏ်းတွေ နှိမ်နှင်းဖို့ ထိုင်းနိုင်ငံက နေရာငါးခုမှာ လျှပ်စစ်ဓာတ်အားဖြတ်တောက်ပြီး စက်သုံးဆီတင်ပို့တာတွေပါ ဖြတ်တောက်ဖို့ စဉ်းစားနေတဲ့အချိန်မှာ DKBA ရဲ့ တုံ့ပြန်ချက် ထွက်ပေါ်လာတာပါ။

Forum

XS
SM
MD
LG