ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီခရိုင် ရွှေကုက္ကိုဒေသက အွန်လိုင်းငွေကြေးလိမ်လည်ဂိုဏ်းတွေရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ တရုတ်နိုင်ငံသား ၃၉ ဦး အပါအဝင် နိုင်ငံခြားသား ၆၁ ဦးကို ဒီကနေ့ ဖေဖေါ်ဝါရီလ ၆ ရက်၊ နေ့လယ် ၁၂ နာရီ ကျော်မှာ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား (၂) ကနေ နယ်ခြားစောင့်တပ် BGF က ထိုင်းဘက်ကို ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။ ထိုင်းကာကွယ်ရေး ဒုဝန်ကြီး Mr. Phumtham Wechayachai က လက်ခံလှဲပြောင်းယူခဲ့ပြီး သူတို့ကို ထိုင်းစစ်တပ်ကားတွေနဲ့ သွားရောက် ခေါ်ဆောင်ခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ ကျားဖြန့် ခေါ် အွန်လိုင်း ငွေကြေးလိမ်လည်ဂိုဏ်းတွေကို အခုနောက်ပိုင်း ထိုင်းနဲ့တရုတ်နိုင်ငံတို့အပါအဝင် နိုင်ငံတကာက ဆက်တိုက်နှိမ်နင်းနေတာမှာ ဒေသတွင်းက သက်ဆိုင်ရာနိုင်ငံသားအတော်များများကိုလည်း ကယ်ထုတ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာတော့ ထိုင်း-မြန်မာနယ်စပ် မြ၀တီခရိုင် ရွှေကုက္ကိုဒေသက ငွေလိမ်လည်ဂိုဏ်းတွေရဲ့သားကောင်ဖြစ်ခဲ့ရတဲ့ တရုတ်နိုင်ငံသား ၃၉ ဦးအပါအဝင် နိုင်ငံခြားသား ၆၁ ဦးကို BGF နယ်ခြားစောင့်တပ်က ထိုင်းအာဏာပိုင်တွေထံ ပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့တာပါ။
အခုလွတ်မြောက်လာတဲ့ နိုင်ငံခြားသား ၆၁ ဦးထဲမှာ အမျိုးသား ၅၃ ဦး နဲ့ အမျိုးသမီး ၈ ဦးတို့ ပါဝင် ပါတယ်။ နိုင်ငံအလိုက်ကတော့ တရုတ်နိုင်ငံသား ၃၉ ဦး၊ အိန္ဒိယ ၁၃ ဦး၊ အင်ဒိုနီးရှား ၅ ဦး၊ ကာဇက်စတန်တဦး၊ အီသီယိုးပီးယားတဦး၊ မလေးရှားတဦးနဲ့ ပါကစ္စတန်ကတဦးတို့ ပါဝင်ပါတယ်လို့ ထိုင်း တာဝန်ရှိသူတွေက တရားဝင်ထုတ်ပြန်ထားပါတယ်။
ပြန်လည်လွတ်မြောက်လာသူတွေကိစ္စနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ လ၀ကရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ရေးဒုဝန်ကြီးက Mr. Phumtham Wechayachai က ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။
"သူတို့အားလုံးဟာ ကျားဖြန့်လိမ်လည်ဂိုဏ်းတွေရဲ့ သားကောင်ဘဝနဲ့ အတင်းအကျပ် အလုပ် ခိုင်းစေခံရပြီး ညှဥ်းပန်းနှိပ်စက်ခံရတဲ့သူတွေပါ။ ပြန်လွတ်လာကြသူတွေကိုလည်း ဆက်လက် စုံစမ်း စစ်ဆေးပါမယ်။ တကယ်လို့ သူတို့တွေမှာ ပြစ်မှုတစုံတရာ ကျူးလွန်ထားတာတွေ မတွေ့ရဘူး ဆိုရင်တော့ သူတို့ကို သက်ဆိုင်ရာသံရုံးတွေကတဆင့် ပြန်လည်လွှဲပြောင်းပေးပါမယ်။ ထိုင်းနိုင်ငံ လုံခြုံရေးနဲ့ သက်ဆိုင်လာတဲ့အတွက် ဖမ်းဆီးခံထားရတဲ့သူတွေ ပြန်လွတ်မြောက်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းပေါင်းစုံ ပူးပေါင်းလုပ်ဆောင်နေတာပါ။ အခုလို မြန်မာနိုင်ငံဘက်ကို လျှပ်စစ်မီးနဲ့ လောင်စာဆီတင်ပို့မှုတွေ ဖြတ်တောက်လိုက်တဲ့အတွက် ရွှေကုက္ကိုဘက်မှာ သက်ရောက်မှုနဲ့ အခက်အခဲတွေဖြစ်လာနေတာကြောင့် နိုင်ငံတကာပြည်သူတွေလည်း ဆက်လက်လွတ်မြောက်လာမှာ ဖြစ်ပါတယ်။"
ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ နိုင်ငံခြားသား ၆၁ ဦး ကို ထိုင်းဘက်က ရချမနူ နယ်ခြားစောင့်တပ်ရဲ့ စစ်တပ်ယာဥ်တွေနဲ့သွားရောက်လက်ခံပြီး ခေါ်ဆောင်လာခဲ့တာပါ။
BGF ကနေ လွှဲပြောင်းပေးခဲ့တဲ့ နိုင်ငံခြားသားတွေကို တာခ့်ခရိုင်၊ လ၀က အဆောက်အဦးမှာထားပြီး လက်ခံတွေ့ဆုံခဲ့သလို သတင်းစားရှင်းလင်းပွဲလည်း ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။
Forum