သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နှင်းပေးမှုအတွက် ထိုင်းဝန်ကြီးချုပ်ကို တရုတ်သမ္မတ ချီးကျူး


ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra နဲ့တရုတ်သမ္မတ Xi Jinping တို့ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ် (၅၀) ပြည့်အထိမ်းအမှတ် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ တွေ့ဆုံစဥ်။ (ဖေဖေါ်ဝါရီ ၆၊ ၂၀၂၅)
ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra နဲ့တရုတ်သမ္မတ Xi Jinping တို့ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ် (၅၀) ပြည့်အထိမ်းအမှတ် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ တွေ့ဆုံစဥ်။ (ဖေဖေါ်ဝါရီ ၆၊ ၂၀၂၅)

တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားလိမ်ညာငွေရှာနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ပြတ်ပြတ် သားသား နှိမ်နှင်းနေတဲ့ ထိုင်းနိုင်ငံကို တရုတ်သမ္မတက ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။

ဘေဂျင်းမြို့တော်မှာရောက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra နဲ့ ဒီနေ့ ကြာသပတေးနေ့ တွေ့ဆုံစဉ် သမ္မတ Xi Jinping က ပြောကြားခဲ့တာပါ။ ဝန်ကြီးချုပ် Paetongtarn ကလည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်သွားဖို့ ကတိပြုခဲ့ပါတယ်။

“ကမ္ဘာကြီး ငြိမ်းချမ်းရေးနဲ့ သာယာဝပြောမှုတွေကိုကို ဘုံခံစားနိုင်ကြဖို့အတွက် ထိုင်းအစိုးရအနေနဲ့ တရုတ်နဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ပဲ” လို့ ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra ကပြောကြားသွားတာပါ။ နောင်အနာဂတ်မျိုးဆက်တွေအထိ အကျိုးခံစားနိုင်ဖို့ ရင်းနှီးတဲ့ဆက်ဆံရေးနဲ့ ဗြူဟာမြောက် လက်တွဲဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့လည်း သူက ကတိပြုခဲ့ပါတယ်။

သမ္မတ Xi ကလည်း အနှစ် ၅၀ ပြည့်သွားတဲ့ တရုတ်ထိုင်းဆက်ဆံရေးမှာ အောင်မြင်ခဲ့မှုတွေ ခိုင်မာအောင်လုပ်ပြီး ပိုမိုအောင်မြင်တဲ့ အနာဂတ်အတွက် လက်တွဲသွားကြဖို့ ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံ ကူမင်းမြို့ကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်အထိဆက်သွယ်မယ့် အမြန်မီးရထားလမ်း ဖောက်လုပ်ရေး စီမံကိန်း၊ ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လျှပ်စစ်ကားလုပ်ငန်းတွေကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတာကိုလည်း တရုတ်သမ္မတ ဥပမာပေး ပြောသွားခဲ့ပါတယ်။

အွန်လိုင်း လောင်းကစား လုပ်ငန်းတွေ၊ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ထိုင်းနိုင်ငံက ကြပ်ကြပ်မတ်မတ် နှိမ်နှင်းနေတဲ့အပေါ်လည်း ကျေးဇူးတင် အသိအမှတ်ပြုတယ်လို့ သမ္မတ Xi ကပြောကြားခဲ့ပါတယ်။ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးပိုင်းမှာလည်း နှစ်နိုင်ငံ လက်တွဲဆောင်ရွက်သွားရမယ်လို့ တရုတ်သမ္မတက ပြောကြားခဲ့ပါတယ်။ ခုလိုဘေဂျင်းမြို့တော်မှာ ခေါင်းဆောင်နှစ်ယောက် တွေ့ဆုံနေချိန်မှာပဲ မြန်မာနိုင်ငံဘက်မှာ အခြေစိုက်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကနေ ကယ်တင်ခဲ့တဲ့ တရုတ်နိုင်ငံသား ၆၁ ယောက်ကို ဒီနေ့ပဲ တရုတ်နိုင်ငံပြန်ပို့လိုက်တယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီး Thanathip Sawangsang က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ထိုင်း မြန်မာနယ်စပ်မှာ ပိုပြီးကျယ်ပြန့်လာနေတဲ့ အွန်လိုင်းငွေကိုနှိမ်နှင်းဖို့ တရုတ်နဲ့ ထိုင်းနိုင်ငံပူးတွဲစီမံချက်ရုံးကို ဘန်ကောက်မြို့မှာ အခု ဖေဖော်ဝါရီလထဲမှာ ဖွင့်လှစ်ဖို့လည်း စီစဉ်ထားပါတယ်။ ထိုင်းနဲ့ တရုတ်နိုင်ငံ အနှစ် ၅၀ ပြည့်သံတမန်ဆက်ဆံရေးအထိမ်းအမှတ်အဖြစ် ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra ဟာ တရုတ်နိုင်ငံကို ဖေဖော်ဝါရီ ၅ ရက်ကနေ ၈ ရက်နေ့ အထိ သွားရောက်နေတာဖြစ်ပါတယ်။

Forum

XS
SM
MD
LG