သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆၆ (ဃ)ကို နိုင်ငံတကာစံနှုန်းနဲ့အညီ ပြင်ဆင်ဖို့ HRW တိုက်တွန်း


လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆန္ဒပြတောင်းဆို။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆန္ဒပြတောင်းဆို။

ပုဒ်မ ၆၆(ဃ) လို လွတ်လပ်စွာ ပြောဆိုခွင့်တွေကို ချုပ်ချယ် ဟန့်တားတဲ့ ဥပဒေတွေကို နိုင်ငံတကာ စံချိန် စံညွှန်းတွေနဲ့ ကိုက်ညီအောင် ပြင်ဆင် ရေးဆွဲသင့်တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။ ၆၆(ဃ) ကို လုံး၀ ဖျက်သိမ်းခြင်းမပြုဘဲ ပြင်ဆင်သုံးစွဲဖို့ မြန်မာ အမျိုးသား လွှတ်တော်က သြဂုတ်လ ၁ ရက်နေ့မှာ ဆုံးဖြတ်လိုက်တဲ့ အပေါ် HRW က အခုလို တုန့်ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

သတင်းမီဒီယာသမားတွေကို မတရားသဖြင့် ဖမ်းဆီး ထိန်းသိမ်းတာတွေ အပြင် လွတ်လပ်စွာ ပြောဆိုခွင့်ကိုပါ အဟန့်အတား ဖြစ်စေတဲ့ ပုဒ်မ ၆၆(ဃ) ကို ဖျက်သိမ်းပေးဖို့ ပြည်တွင်း၊ ပြည်ပမှာနေတဲ့ မီဒီယာအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ တက်ကြွ လှုပ်ရှားသူတွေက တောင်းဆိုနေတဲ့ကြားကပဲ ဒီဥပဒေကို မဖျက်သိမ်းဘဲ ပြင်ဆင် သုံးစွဲဖို့ အမျိုးသားလွှတ်တော်မှာ မနေ့က မဲခွဲဆုံးဖြတ် အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

လွတ်လပ်စွာ ပြောဆိုခွင့်ကို ဟန့်တား ချုပ်ချယ်တဲ့ ၆၆(ဃ) လို ဥပဒေတွေကို နိုင်ငံတကာ စံချိန် စံညွှန်းတွေနဲ့ ကိုက်ညီအောင် ပြင်ဆင် ရေးဆွဲသင့်တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က အာရှရေးရာ လက်ထောက်ညွန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။

“ ဒီဥပဒေကို နိုင်ငံတကာ စံညွှန်းတွေနဲ့ အညီ ပြင်ဆင်ရေးဖို့ ကျနော်တို့ လိုလားပါတယ်။ ဒါဟာ အင်မတန် ရိုးရှင်းတဲ့ ကိစ္စပါ။ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပတ်သက်လို့ ဥပဒေနဲ့အညီ ဘယ်လို တားမြစ်ချက်တွေ ပြဌာန်းနိုင်တယ်ဆိုတဲ့ စံချိန် စံညွှန်းတွေ ရှိပါတယ်။ အခု ဥပဒေက အဲဒီ စံညွှန်းတွေနဲ့ ကိုက်ညီခြင်း မရှိတဲ့အပြင် နီးတောင် မနီးစပ်ပါဘူး။ ဥပဒေတွေကို ပြင်ဆင်ရေးဖွဲဖို့ ကျနော်တို့ ပြောဆိုကြတဲ့အခါ အားလုံးက စံအဖြစ် သတ်မှတ်ထားကြတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးတွေနဲ့ ချိန်ထိုး လုပ်ဆောင်ကြရပါတယ်။ ၆၆(ဃ) တင် မကဘဲ လူ့အခွင့်အရေးကို ချိုးဖောက်တဲ့ ဥပဒေတိုင်းကို ပြန်လည် သုံးသပ်ဖို့ ကျနော်တို့ မြန်မာအစိုးရကို အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး ဖြစ်ပါတယ်။”

လွှွတ်တော် ဥပဒေကြမ်း ကော်မတီရဲ့ပြင်ဆင်ချက် အရ ၆၆(ဃ) နဲ့ တရားစွဲခံရရင် အာမခံ ရနိုင်တာနဲ့ ထောင်ဒဏ်ကို ၃ နှစ်အထိ ပြင်ဆင် သတ်မှတ်တာတွေ လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ ပြင်ဆင်မှုတွေဟာ လုံလောက်ခြင်း မရှိဘူးလို့ Phil Robertson က ပြောပါတယ်။

“ကျနော်တို့ အမြင်အရကတော့ အစိုးရအနေနဲ့ ပြဿနာကို ကိုင်တွယ် ဖြေရှင်းတယ်လို့ မမြင်ပါဘူး။ တရားစွဲ ခံရသူတွေကို အာမခံ ပေးတာမျိုးလို တိုးတက်တဲ့ လုပ်ဆောင်မှုတော့ တွေ့ရပါတယ်။ အကြမ်းဖက်မှု မဟုတ်တဲ့ ပြစ်မှု ကျူးလွန်သူတိုင်းဟာ အာမခံ ရနိုင်ပါတယ်။ ၆၆(ဃ) ဆိုတာဟာ အသရေဖျက်မှုသာ ဖြစ်ပါတယ်။ ပြဿနာရဲ့ဇစ်မြစ်ကို မဖြေရှင်းဘဲ အဖမ်းခံရသူတွေကို ရာဇဝတ်သား တွေလို ပြုမူ ဆက်ဆံနိုင်အောင် ကျယ်ပြန့်စွာ လုပ်ပိုင်ခွင့် ပေးထားတာဟာ သွေးသံရဲရဲ ဖြစ်နေတဲ့ ဒဏ်ရာကို ပလပ်စတာနဲ့ ကပ်ဖို့ ကြိုးစားသလို ဖြစ်နေပါတယ်။ ဒီနည်းနဲ့တော့ ပြဿနာကို ဖြေရှင်းလို့ ရနိုင်မှာ မဟုတ်ပါဘူး။”

ဒီလုပ်ရပ်ကို ကြည့်ခြင်းအားဖြင့် လူထုရဲ့အခွင့်အရေးတွေကို လေးစားပါတယ်ဆိုတဲ့၊ လူထုက တင်မြှောက်ထားတဲ့ လက်ရှိအစိုးရအနေနဲ့ အခြေခံ စိုးရိမ်မှုတွေဖြစ်တဲ့ လူ့အခွင့်အရေးတွေကို လေးစား လိုက်နာပါ့မလား ဆိုတဲ့ မေးခွန်းထုတ်စရာ ဖြစ်လာကြောင်းလည်း Phil Robertson က ပြောပါတယ်။

တချိန်က ကိုယ်တိုင် ဖိနှိပ် ချုပ်ချယ်ခံခဲ့ရတဲ့ လက်ရှိ လွှတ်တော်အမတ်တွေ အနေနဲ့ ဒီဥပဒေကို ဘာကြောင့် မပြင်နိုင်ကြသလဲ ဆိုတဲ့အပေါ်မှာလည်း Phil Robertson က မေးခွန်း ထုတ်လိုက်ပါတယ်။

“တချိန်က NLD ဟာ သူထိတွေခဲ့မှု၊ ကိုယ့်ရဲ့ အမြင်တွေကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုမှုတွေနဲ့ ဖမ်းဆီးခံ၊ ထောင်ကျခဲ့ကြတဲ့ သူတွေဟာ သူတို့ လွှတ်တော်အမတ်ဖြစ်လာတော့မှ ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ ဝန်လေးနေကြတာလဲ။ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ ပျက်ကွက် နေကြတာလဲလို့ ကျနော် မေးချင်ပါတယ်။ ကျနော်ထင်တာကတော့ ဒီဆုံးဖြတ်ချက်ဟာ NLD ပါတီ ခေါင်းဆောင်ပိုင်းက လာတယ်လို့ ထင်ပါတယ်။ ဒါဟာ စိုးရိမ်စရာ ကိစ္စပါ။ ကျနော် ထင်တာကတော့ NLD ခေါင်းဆောင်ပိုင်းဟာ စစ်ခေါင်းဆောင်တွေနဲ့ တခုခု နားလည်မှု ရှိထားလို့လား၊ ဒါမှမဟုတ် အစွန်းရောက် အစိုးရဝန်ထမ်းတွေက သူတို့အပေါ် ဝေဖန် ပြောဆိုသူတွေကို အရေးယူလို့ ရနိုင်တဲ့ ဥပဒေတခုခု ရှိထားစေချင်တာကြောင့်လား ဆိုတာလဲ စဉ်းစားစရာရှိပါတယ်။”

၆၆(ဃ) ပြင်ဆင်ရေးကို အမျိုးသားလွှွတ်တော်မှာ ဆုံးဖြတ်လိုက်တယ် ဆိုပေမယ့်၊ ဒါဟာ ဥပဒေအဖြစ် အတည်မဖြစ်သေးဘဲ ပြည်သူ့ လွှတ်တော်မှာ ထပ်မံဆွေးနွေးရဦးမှာဖြစ်သလို တကယ်လို့ မကြေလည်ခဲ့ရင် ပြည်ထောင်စုလွှတ်တော် အဆင့်မှာ ထပ်မံ ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG