သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆၆ (ဃ) ဖျက်သိမ်းရေးထက် ပြင်ဆင်ရေးလုပ်ဖို့ အထက်လွှတ်တော် မဲခွဲဆုံးဖြတ်


ပုဒ်မ ၆၆(ဃ)ကို ဖျက်သိမ်းပေးဖို့ တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းမီဒီယာသမားတွေက တောင်းဆိုနေကြပေမယ့် ဒီပုဒ်မကို ဖျက်သိမ်းရေး အစား၊ ပြင်ဆင်ရေးကိုပဲလုပ်ဖို့ အမျိုးသားလွှတ်တော်က မဲခွဲ ဆုံးဖြတ်ခဲ့ပါတယ်။ ဖျက်သိမ်းရေးအစား ပြင်ဆင်ရေး ဘာကြောင့် လုပ်ရသလဲ ဆိုတာကိုတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဆက်သွယ်ထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြမှာဖြစ်ပါတယ်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ကို လုံးဝဖျက်သိမ်းမယ့်အစား ပြင်ဆင်သုံးစွဲဖို့ကိုသာ NLD ကိုယ်စားလှယ်အများစု လွှမ်းမိုးထားတဲ့ အမျိုးသားလွှွတ်တော်က ဒီကနေ့ မဲပေး ဆုံးဖြတ်ခဲ့ကြတာပါ။ ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်ချက်အရ ၆၆(ဃ)အရ တရားစွဲခံရရင် အာမခံ ရနိုင်တာမျိုး၊ ထောင်ဒဏ်ကို ၃ နှစ်အထိ ပြင်ဆင်သတ်မှတ်ထားတယ်လို့ NLD အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ရှေ့နေဦးအောင်သိန်း က ရှင်းပြပါတယ်။

“၆၆(ဃ)နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပယ်ဖျက်ဖို့ပြောကတည်းက ရှိတယ်ပေါ့ခင်ဗျာ။ ကျနော်ကတော့ မဖျက်ဘူး ပြင်တာ၊ ပြင်တာကို အတည်ပြုတာ ၆၆(ဃ)ရဲ့ သတ်မှတ်ထားတဲ့ ၃ နှစ်ဆိုတာကို လက်ခံတယ်ပေါ့ ၊အာမခံပေးတာကို လက်ခံတယ်ပေါ့ ဗျာ။”

ရာဇသတ်ကြီးပုဒ်မထဲမှာ ဂုဏ်သိက္ခာထိခိုက် ညှိုးနွမ်းမှုကိုအကာအကွယ်ပေးတဲ့ ပုဒ်မ(၅၀၀)ဆိုတာရှိပေမယ့် လွှတ်တော်မှာ ပြဌာန်းအတည်ပြု ထားတဲ့ ပုဒ်မ ၆၆(ဃ)ရဲ့ အကာအကွယ်ပေးနိုင်မှုက ပိုကျယ်ပြန့်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက ပြောပါတယ်။

“ကျနော်တို့ဒီ ဥပဒေကြမ်းကော်မတီအနေနဲ့ ကြည့်ရတာကတော့ အဲလိုဖျက်လိုက်မယ်ဆိုရင် ဒီ အင်တာနက်ကနေ Facebook ကနေ ဆဲဆိုတာတွေ ကြိမ်းမောင်းတာတွေ ခြိမ်းခြောက်တာတွေ ပြည်သူတွေမဟုတ်မတရားခံနေရတဲ့ဟာတွေ ၊ ဂုဏ်အသရေဖျက်တဲ့ဟာတွေကို ဘယ်ဥပဒေနဲ့ အကာအကွယ်ပေးမလဲဆိုတဲ့ ပြဿနာပေါ့ ဒါပေမယ့် တချို့ကလည်း ဂုဏ်သိက္ခာ ညှိုးနွမ်း တယ်ဆိုတဲ့ ကိစ္စရပ်ကတော့ ရာဇသတ်ကြီးမှာ ပုဒ်မ ၅၀၀ ရှိသားပဲလို့ပြောတယ်။ ကျနော်တို့ဒီ ဆက်သွယ်ရေးဥပဒေက လွတ်တော်က ပြဌာန်းတဲ့ အထူးဥပဒေ။ ရာဇသတ်ကြီးက ယေဘုယျဥပဒေ General law အဲဒီတော့ ဒီ Special Law က ဒီ General law ကို လွှမ်းမိုးတယ်ပေါ့နော်။”

ရာဇသတ်ကြီးပုဒ်မ (၅၀၀)နဲ့ ၆၆(ဃ) ကွာခြားချက်ကိုလဲ ဦးအောင်သိန်းက ရှင်းပြပါတယ်။

“ဆိုကြပါစို့ ကျနော်တို့က ဆက်သွယ်ရေးဥပဒေအရ ဒါအရေးယူဖို့မလိုဘူး။ အရေးမယူသင့်ဘူးဆိုရင် ဒီ ရာဇသတ်ကြီးပုဒ်မ (၅၀၀)ဘက်ကို ပြောင်းပြီးတော့ ပြစ်ဒဏ်တစုံတရာပေးလို့ရတယ်။ ရာဇသတ်ကြီးဥပဒေနဲ့ စွဲထားတဲ့ဟာဆိုတော့ ပြောင်းပြီးတော့အထူးဥပဒေဖြစ်တဲ့ ဆက်သွယ်ရေးဥပဒေရဲ့ ပုဒ်မနဲ့တော့ အပြစ်ပေးလို့မရဘူး။ ဒီဘက်က ဆက်သွယ်ရေးဥပဒေ ရဲ့ ဂုဏ်သိက္ခာထိခိုက်မှုဟာ လူတယောက်ရဲ့လက်ထဲက ဖုန်းနဲ့ပဲ မြန်မာပြည်တပြည်လုံးနဲ့ ကမ္ဘာကိုကျော်ကြီးတော့ ဂုဏ်သိက္ခာထိခိုက်မှုတွေဖြစ်တဲ့အတွက်ကြောင့် ဂုဏ်သိက္ခာထိခိုက်မှုအတိုင်းအတာဟာ ကွာဟချက်အကြီးအကျယ်ရှိတယ်လို့ အဲလိုမြင်တယ်။ အဲဒီတော့ ဒီဟာက မဟုတ်မတရား ၊ လုပ်ကြံစွပ်စွဲ လိုသူတွေအတွက်တော့ အကာအကွယ်ပေးရမယ့် ဥပဒေတရပ်ရှိသင့်တယ်လို့ ကျနော်တို့ဘက်က အဲလိုရှုမြင်တာပေါ့လေ။”

၆၆(ဃ) ပြင်ဆင်ရေးကို အမျိုးသားလွှွတ်တော်မှာ ဒီကနေ့ ဆုံးဖြတ်လိုက်တယ် ဆိုပေမယ့်၊ ဒါဟာ ဥပဒေအရ အတည်မဖြစ်သေးပဲ ပြည်သူ့ လွှတ်တော်မှာ ထပ်မံဆွေးနွေးရဦးမှာဖြစ်သလို၊ အကယ်၍ မကြေလည်ခဲ့ရင် ပြည်ထောင်စု လွှတ်တော်အဆင့်မှာ ထပ်မံ ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်။

၆၆(ဃ) လုံးဝဖျက်သိမ်းနိုင်ရေး ဆုံးဖြတ်ချက်ကျအောင် ပြည်သူ့လွှတ်တော်မှာ ဆက်လက် ကြိုးပမ်းသွားမယ်လို့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှု ACCD အဖွဲ့က မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

“ဒါကိုပယ်ဖျက်ရေးကိစ္စတွေကတော့ အမျိုးသားလွှတ်တော်မှာ ရှုံးနိမ့်သွားပြီးတော့ ပြင်ဆင်ရေးလုပ်မယ်ဆိုတဲ့ ဥပဒေကြမ်းကနေ တင်ပြလာတဲ့ ပြင်ဆင်ချက်တွေကလည်း မလုံလောက်သေးဘူး အဲဒီတော့ ဝမ်းနည်းမိတယ်။ ကျမတို့ ဒါပေမယ့်လည်း အားလျှော့မှာမဟုတ်ပါဘူး ပြည်သူ့လွှတ်တော်မှာ ရတဲ့အခွင့်အလမ်းတွေကနေ ဆက်ပြီးကြိုးစားမှာပါ။”

အမျိုးသားလွှတ်တော်မှာ ၆၆(ဃ)နဲ့ပတ်သက်လို့ ပြင်ဆင်တဲ့ ဒီကနေ့ ဆုံးဖြတ်ချက်အပေါ် ပြည်ထဲရေးဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံး၊ တရားရုံးချုပ် တို့က တာဝန်ရှိ ပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်ပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ဆွေးနွေး အတည်ပြုပြီးရင် ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးကြဦးမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေကို ထိခိုက်စေတယ်ဆိုပြီး ဝေဖန်ခံနေရတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ပတ်သက်လို့ အပြီးပယ်ဖျက်ပစ်ဖို့ တက်ကြွသူတွေတောင်းဆိုနေချိန်မှာဘဲ အမျိုးသားလွှတ်တော်မှာတော့ ပြင်ဆင် မလား၊ ဖျက်သိမ်းမလား ဆွေးနွေးမှုမှာ မဲခွဲဆုံးဖြတ်ချက်အရ ပြင်ဆင်ရေးဘက်ကဘဲ မဲသာတာကြောင့် ပြင်ဆင်ဖို့ သာဒီကနေ့သဘောတူလိုက်ပါပြီ။ အခုအမျိုးသားလွှတ်တော်ဘက်က ဒီလိုဆုံး ဖြတ်လိုက်တဲ့ အပေါ် ဝေဖန်မှုတွေရှိ နေပါတယ်။ ဒီဥပဒေက ပြည်သူလွှတ်တော်မှာ ဆက်လက်ဆွေးနွေးဦးမှာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မေခကပြောပြပေးမှာပါ။

ဒီပုဒ်မနဲ့ အရေးယူခံရသူတွေလည်း ပိုတိုးလာနေချိန် ပြည်သူအချို့နဲ့ တက်ကြွလှုပ် ရှားသူ အချို့က ဒီဥပဒေကိုဖျက်ဖို့ တိုက်တွန်းနေကြ ချိန်မှာ အခုလို အမျိုးသားလွှတ်တော်ကတော့ ပြင်ဆင်ဖို့သာဆုံးဖြတ်လိုက်တာပါ။ ဒီဥပဒေကို ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေး နွေးပြီး လွှတ်တော်နှစ်ရပ်အတွင်း သဘော ထားကွဲလွဲရင် မဲခွဲဆုံးဖြတ် အတည်ပြုမှာဖြစ်ပါတယ်။ ပြင်ဆင်ဖို့ကို ဆုံးဖြတ်တာကြောင့် လွှတ်တော်အပေါ်ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

ဒီပြင် ဥပဒေပညာရှင်အချို့ကလည်း လက်ရှိ ဥပဒေပြင်ဆင်ချက် ဟာလည်း ပြည်သူကိုပိုပြီး ဒုက္ခရောက်စေတဲ့ လုပ်ပိုင်ခွင့်တွေကို ပေးထားတာကြောင့် ပြင်ဆင်ချက် ဥပဒေကြမ်းအပေါ်ကိုလည်း ဝေဖန်ထောက်ပြတာတွေရှိလာပါတယ်။

အခု လွှတ်တော်ထဲ ဆွေးနွေးကြဆဲ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းထဲမှာတော့ တတ်ကြွ လှုပ်ရှားသူတွေဘက်က အစိုးရပိုင်းနဲ့ရော လွှတ်တော်နဲ့ပါ တွေ့ဆုံဆွေးနွေးပြီး ပေးပို့ထားတဲ့ အကြံပြုချက်တွေနဲ့ ပတ်သက်လို့လည်း ထည့်သွင်းစဉ်းစားမှု မရှိခဲ့ဘူးလို့ ၆၆(ဃ) ဖျက်သိမ်း ဦးဆောင်လှုပ်ရှားသူတဦးဖြစ်တဲ့ ကိုဆောင်းခက ပြောပါတယ်။ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေတဲ့အတွက် ဒီပုဒ်မကို လုံးဝဖျက်သိမ်းဖို့လည်း တောင်းဆိုနေတာလို့လည်း သူကပြောပါတယ်။

ပြင်ဆင်ချက် ဥပဒေကြမ်း ကိုအတည်ပြုလိုက်တဲ့ လွှတ်တော်နဲ့ပတ်သတ်လို့ သူကခုလိုဝေဖန်လိုက်တာပါ။

“ဖွဲ့စည်ပုံအခြေခံဥပဒေကလွဲရင် အခြားဥပဒေတွေအားလုံးကို ပြင်နိုင်ဖျက်နိုင်တယ်၊ အတည်ပြုပြဌာန်းနိုင်တဲ့ အခြေအနေ NLD မှာရှိတယ်ဆိုတော့ အဲလိုမျိုးရှိနေတဲ့အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင်အသုံးချပြီးတော့ ဒီလို မတရားဖိနိုပ်နေတဲ့ ဆက်သွယ်ရေးဥပဒေထဲက ၆၆(ဃ)လိုဟာမျိုးကို အမြန်ဆုံးပယ်ဖျက်ဖို့ မကြိုးစားပဲနဲ့၊ ဆက်လက်ထားရှိဖို့ ဆန္ဒပြုတယ် မဲပေးတယ်ဆိုတာကတော့ တော်တော်ကြီးကို ရုပ်ပျက်သွားပါတယ်။ ဆိုတော့ ယနေ့ ဒီလက်ရှိလွှတ်တော်သက်တမ်းကာလဟာ NLD စိတ်ကြိုက်ချယ်လှယ်လို့ရတဲ့ ပုံစံလို့တော့ ကျနော်ကတော့ မြင်ပါတယ်။ ဥပဒေ ပြင်ဆင်ရေးကိစ္စတွေထဲမှာ ပြည်သူတွေလည်း အကြိမ်ကြိမ်တောင်းဆိုတာတွေရှိတယ်။ ကျနော်ကတော့ လက်ရှိပြင်ဆင်ချက်ကိုတော့ ကျနော်တို့ကတော့ တကယ်စိတ်မချမ်းသာဘူးလို့တော့ ပြောရမှာပဲ။”

လွှတ်တော်မှာ ဆွေးနွေးနေတဲ့ ဥပဒေကြမ်းမှာတော့ အာမခံပေးနိုင်တဲ့ပြစ်မှုအဖြစ် သတ်မှတ်တာအပါအဝင် အစားထိုးပြင်ဆင်ချက်တွေ ထည့်သွင်းထားပါတယ်။

ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ ပတ်သက်လို့ အခြေအတင်ဖြစ်စရာတွေ ထွက်ပေါ်နေချိန်မှာပဲ၊ ဒီပုဒ်မနဲ့ အဖမ်းအဆီးတွေလည်း တိုးလာနေပါတယ်။ လက်ရှိမှာ ဒီပုဒ်မနဲ့ အရေးယူခံထားရသူ ဦးရေ ဟာ ၈၁ ခန့်ရှိနေတယ် ဒီဥပဒေပြင်ဆင်ရေးအတွက် လုပ်ဆောင် နေတဲ့ လူမှုအဖွဲ့အစည်းတွေကကောက်ယူထားတဲ့စာရင်းတွေကဖော်ပြနေပြီး NLD အစိုးရလက်ထက်မှာ ဦးသိန်းစိန် အစိုးရလက်ထက် ထက်ကိုပိုပြီးဒီဥပဒေနဲ့အရေးယူတာပိုများတယ်လို့ စစ်တမ်းတွေကဖော်ပြနေကြပါတယ်။

အဲဒီ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တိုင်ကြားခံရသူ အများစုဟာ အာမခံမရဘဲ အချုပ်ထောင်ထဲကနေ အမှုရင်ဆိုင်နေရ တာဖြစ်ပြီး အများစုကသတင်းသမားတွေပါ။ ဒီဥပဒေနဲ့ပတ်သတ်လို့ ဒီဥပဒေနဲ့အရေးယူခံရတဲ့ သတင်းသမားတွေအတွက် ရှေ့နေ အကျိုးဆောင်အဖြစ် လုပ်ဆောင်နေတဲ့ ရှေ့နေ ဦးခင်မောင်မြင့်က တော့ ပြင်ဆင်ချက်ဥပဒေကြမ်းကြောင့် ပြည်သူတွေပိုပြီးဒုက္ခရောက် စေဖို့ရှိနေတယ်လို့ ခုလိုပြောဆိုလိုက်ပါတယ်။

“ပြင်ဆင်လိုက်တယ်ဆိုပေမယ့် သာမန်အရေးမပါတဲ့အချက်တွေကို ပြင်ဆင်လိုက်ပြီး အဓိကဖြစ်တဲ့ ဒီ ရဲအရေးပိုင်သော ပြစ်မှု ဖြစ်တယ်ဆိုတာကို မပြင်ဆင်နိုင်ဘူး။ အဲဒီအပြင်ကို သူ့လုပ်ပိုင်ခွင့်တွေ ဘောင်ကျယ်သွားအောင်လို့ ဝန်ကြီးရဲ့ခွင့်ပြုမိန့်မလိုတော့ဘူးလို့ဆိုတဲ့အခါမှာ ရဲလက်ကို လုံး၀ အပ်နှင်းလိုက်တဲ့ ဥပဒေဖြစ်သွားတဲ့အတွက် ဒီဥပဒေကို ကျကျနနခိုင်ခိုင်မာမာ ဥပဒေနဲ့ အညီ မဆောင်ရွက်နိုင်ဘူးဆိုရင် ဒီပြင်ဆင်ချက်သည် အလွန်အန္တရာယ်ကြီးသော ပြည်သူတွေအတွက် အလွန်အင်မတန် စိုးရိမ်ဖွယ်ကောင်းသော ပြင်ဆင်ချက်ဖြစ်တယ်လို့ ကျနေ်ာမှတ်ချက်ပြုလိုပါတယ်ခင်ဗျ။”

ဒါ့အပြင် ရှေ့နေပညာရှင်တဦး ဖြစ်တဲ့ ဦးရောဘတ်ဆန်းအောင်ကလည်း ဥပဒေကျင့်ဝတ်နဲ့ မကိုက်ညီတဲ့ ပြင်ဆင်ချက်ကို အတည်ပြု လိုက်တဲ့ လွှတ်တော်ရဲ့ ရပ်တည်ချက်ကို မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ဝေဖန်သွားပါတယ်။

“ကောင်းတဲ့ လက္ခဏာအားနည်းပြီးတော့ မကောင်းတဲ့ လက္ခဏာ အားများစေတဲ့ ပြင်ဆင်ချက်ဖြစ်တဲ့အတွက် ဒါလည်း လုံလောက်တဲ့ ပြင်ဆင်ချက်လို့ ပြောလို့မရသေးဘူး။ ဖြစ်ပေါ်လာမယ့် အခြေအနေအရပ်ရပ်ကတော့ အကောင်း လက္ခဏာမဆောင်ဘူး။ တခြားဥပဒေတွေရှိနေရဲ့သားနဲ့ ပြဌာန်းလာတာ မလိုအပ်ပဲနဲ့ ။ ပြင်ဆင်တယ်ဆိုတာကလည်းထိရောက်မှုမရှိပါဘူး။ ရာဇသတ်ကြီးမှာ ပြဌာန်းချက်တွေရှိရဲ့သားနဲ့ ဒါကထပ်လုပ်တာ။”

လက်ရှိ ပြင်ဆင်ဖို့ တင်သွင်းထားတဲ့ ဆက်သွယ်ရေး ဥပဒေကြမ်းမှာ ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့် တိုင်ကြားခံရသူတွေကို အာမခံပေးဖို့ အပြင် အဲဒီ ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ဖို့အတွက် ဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ ကြိုတင်ခွင့်ပြုချက် ယူစရာမလိုအောင်လည်း ပြင်ဆင်ထားပြီး ရဲအရေးပိုင်ဥပဒေ အနေနဲ့ထားဖို့ ပြဌာန်းထားတာပါ။ ဒါပြင်တိုင်ကြားတာမှာလဲနစ်နာသူကိုယ်တိုင် ဒါမှမဟုတ်ဘဲ နစ်နာသူကကိုယ်စားလှယ်လွှဲစာနဲ့ ကိုယ်စားတိုင်ကြား ခွင့်ပြုထားသူ တွေကဘဲ အမှုဖွင့်နိုင်မယ့် အချက်ကိုလည်း ထည့်သွင်းထား ပါတယ်။

XS
SM
MD
LG