သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆၆ (ဃ) ပြင်ဆင်ရေး အမျိုးသားလွှတ်တော်မှာဆွေးနွေး


လွှတ်တော်တက်လာတဲ့ ကိုယ်စားလှယ်များ (မတ် ၂၂၊ ၂၀၁၆)
လွှတ်တော်တက်လာတဲ့ ကိုယ်စားလှယ်များ (မတ် ၂၂၊ ၂၀၁၆)

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေကို ထိခိုက်စေတယ်ဆိုပြီး ဝေဖန်ခံနေရတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ပတ်သက်လို့ ပြင်ဆင်မလား၊ ဖျက်သိမ်းမလား လွှတ်တော်တွင်း ဆက်လက် ဆွေးနွေးနေချိန်မှာပဲ၊ ဒီပုဒ်မနဲ့ အရေးယူခံရသူတွေလည်း ပိုတိုးလာနေပါတယ်။ လွှတ်တော်တွင်းမှာတော့ ဖျက်သိမ်းဖို့ထက် ပြင်ဆင်ဖို့ကို အာရုံစိုက်နေချိန်မှာပဲ တက်ကြွလှုပ်ရှားသူတွေကတော့၊ ၆၆ (ဃ) ကို အပြီးပယ်ဖျက်ပစ်ဖို့ တိုက်တွန်းနေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် ကပြောပြပေးမှာပါ။

အခုဆိုရင်တော့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာ ၆၆ဃ အပါအဝင် ဆက်သွယ်ရေးဥပဒေ ပြင်ဆင်သည့်ဥပဒေကြမ်းကို အခြေအတင်ဆွေးနွေးနေကြပြီး မကြာခင်မှာ လွှတ်တော်နှစ်ရပ်အတွင်း မဲခွဲဆုံးဖြတ် အတည်ပြုနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ အမျိုးသားလွှတ်တော်မှာ ဒီဥပဒေနဲ့ ပတ်သက်လို့ အခြေအတင် ဆွေးနွေးမှုတွေ ရှိခဲ့တဲ့အကြောင်း အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်ဖြစ်တဲ့ ရှေ့နေကြီးဦးအောင်သိန်းက ပြောပြပါတယ်။

“ကျနော်တို့ လွှတ်တော်မှာလည်း ပထမ ဆွေးနွေး ဆွေးနွေးပြီးတော့ ဥပဒေကြမ်းကော်မတီမှာလည်း တခါ ၊ ဥပဒေကြမ်းကေ်ာမတီမှာလည်းတခါ ဆွေးနွေးတာပေါ့ခင်ဗျ။ ဥပဒေကြမ်းရဲ့ ပြင်ဆင်ချက်တွေကိုအားလုံး လက်ခံပြီးသွားရင် အမျိုးသားလွှတ်တော်က သဘောတူသွားပြီးရင် ပြည်သူ့လွှတ်တော်ကို ပြန်ပို့ရမှာ။ ပြည်သူ့လွှတ်တော်က ကျနော်တို့ကဲ့သို့ သူတို့လည်း ဆွေးနွေးကြမှာ ဆွေးနွေးပြီးတော့ သူတို့နဲ့ ကျနော်တို့နဲ့ သဘောထားခြင်း တိုက်ဆိုင်တာရှိတာတွေ၊ သဘောထားခြင်း မတိုက်ဆိုင်တာပါတဲ့ ပုဒ်မဆိုရင် ပူးပေါင်း ဆိုပြီးတော့ ပြည်သူ့လွှတ်တော်က ဥပဒေကြမ်းကော်မတီ နဲ့ အမျိုးသားလွှတ်တော်က ဥပဒေကြမ်းကော်မတီက Selected လုပ်ထားတဲ့လူတွေနဲ့ ပူးပေါင်းပြီးတော့ တခါထပ်ပြီးဆွေးနွေး။ သဘောတူညီချက်ရရင်တော့ ပြီးပြီ၊ သဘောတူညီချက်မရရင်တော့ ပြည်ထောင်စုလွှတ်တော်ကို တက်ရမယ်။ ပြည်ထောင်စုလွှတ်တော်ကို တက်ပြီးတော့ ပြည်ထောင်စုလွှတ်တော်မှာဆွေးနွေး ၊ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်မယ် အဲဒီအဆင့်တွေရှိတယ်။”

အခု လွှတ်တော်ထဲ ဆွေးနွေးကြဆဲ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းထဲမှာတော့ တတ်ကြွလှုပ်ရှားသူတွေဘက်က အစိုးရပိုင်းနဲ့ရော လွှတ်တော်နဲ့ပါ တွေ့ဆုံဆွေးနွေးပြီး ပေးပို့ထားတဲ့ အကြံပြုချက်တွေနဲ့ ပတ်သက်လို့လည်း ထည့်သွင်းစဉ်းစားမှု မရှိဘူးလို့ ၆၆(ဃ) ဖျက်သိမ်း ဦးဆောင်လှုပ်ရှားသူတဦးဖြစ်တဲ့ ကိုဆောင်းခက ပြောပါတယ်။ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေတဲ့အတွက် ဒီပုဒ်မကို လုံးဝဖျက်သိမ်းဖို့လည်း တောင်းဆိုနေတာပါ။

“ကျနော်တို့ကတော့ ဒီ ၆၆(ဃ)က လုံးဝမရှိသင့်ဘူးလို့ထင်တယ်။ လက်တလောမှာလည်း ၆၆(ဃ)နဲ့ စွဲခဲ့တဲ့ အမှုတွေအားလုံးက လုံးဝမတရားတာတွေ ဖြစ်နေတာရှိတယ်ပေါ့နော်။ တကယ်လို့ ဒီအတိုင်းသာ လက်ရှိ ဥပဒေကြမ်းအတိုင်းသာ အတည်ဖြစ်မယ်ဆိုရင် ဒီဥပဒေက ဘာမှထူးနိုင်စရာအကြောင်းမရှိဘူး။ ပြင်တယ်ဆိုတာကလည်း မည်ကာမတ္တသာဖြစ်ပြီးတော့ တကယ် ထိထိရောက်ရောက်ပြင်ဆင်မှုမဟုတ်တဲ့အတွက် ပြည်သူတွေ ဆက်လက်ပြီးတော့ ဒုက္ခရောက်နိုင်တယ်လို့ မြင်ပါတယ်။ အဲ့တော့ ကျနော်က မေတ္တာရပ်ခံချင်တာက ဆက်သွယ်ရေးဥပဒေထဲမှာ ပုဒ်မ ၆၆(ဃ) ပယ်ဖျက်ရေးအတွက်ပဲ ကျနော်တို့က ပြည်သူတွေကိုယ်စား မဲဆန္ဒပေးခဲ့ဖို့ ကျနော်တို့က မေတ္တာရပ်ခံချင်တာပါ။”

လွှတ်တော်မှာ ဆွေးနွေးနေတဲ့ ဥပဒေကြမ်းမှာတော့ အာမခံပေးနိုင်တဲ့ပြစ်မှုအဖြစ် သတ်မှတ်တာအပါအဝင် အစားထိုးပြင်ဆင်ချက်တွေ ထည့်သွင်းထားပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးအောင်သိန်းကတော့ နိုင်ငံသားတွေကို ဥပဒေကြောင်းအရ အကာအကွယ်ပေးနိုင်အောင် ပြင်ဆင်နိုင်တဲ့ အလားအလာတွေ ရှိတယ်လို့ ပြောပါတယ်။

“လောလောဆယ်မှာ ကျနော်တို့က အာမခံပေးနိုင်တဲ့ ပုဒ်မဖြစ်သွားပြီး ၊ အဲ့တာလည်း ဘာပဲပြောပြော ကျနော်တို့ လက်ခံရမယ်။ ဒီဟာကိုထပ်ပြီးတော့ ကျနော်တို့ ဖျက်ရမယ်ဆိုရင် ပြည်သူလူထုတွေ မဟုတ်မတရားစော်ကားနေ ၊ အစိုးရတွေကိုသွားပုတ်လေလွင့်တွေ လျှောက်ပြောတာတွေ ခိုင်လုံတဲ့ အထောက်အထားမရှိ။ မှန်ကန်တာနဲ့ စွပ်စွဲရင်တော့ ပြဿနာမရှိဘူး။ မမှန်မကန် လုပ်ကြံဖန်တီးတဲ့ ဟာမျိုးတွေ ပေါ်ပေါက်လာရင် ပြည်သူတွေအတွက် ဘယ်လိုကာကွယ်ပေးမလဲ။ အဲ့ဒီ့လိုဒီလိုဟန့်တားနိုင်တဲ့ ဥပဒေတခုကတော့ လိုအပ်တယ်လို့မြင်ပါတယ်။ သဘောတူတာတွေလည်းရှိမယ်၊ မတူတာတွေလည်းရှိမယ် ဒါကတော့ မတတ်နိုင်ဘူး။”

ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ ပတ်သက်လို့ အခြေအတင်ဖြစ်စရာတွေ ထွက်ပေါ်နေချိန်မှာပဲ၊ ဒီပုဒ်မနဲ့ အဖမ်းအဆီးတွေလည်း တိုးလာနေတယ်လို့ ကိုယ်တိုင်လည်း ဒီပုဒ်မနဲ့ အရေးယူခံခဲ့ရဖူးတဲ့ ကိုဆောင်းခက ပြောပါတယ်။

“ဒီနေ့ စာရင်းထုတ်ပြန်တဲ့အရဆိုရင် ကျနေ်ာတို့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲခံထားရတဲ့ အမှုပေါင်းက ၈၁ မှုဖြစ်သွားပြီပေါ့နော်။ မနေ့ကကိုပဲ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တယောက်ကနေပြီးတော့ သူ့ကို အရူးဘုံမြှောက်လို့ပြည်သူတယောက်ကနေပြီးတော့ ဝေဖန်လို့ဆိုပြီးတော့ ပြည်သူတစ်ယောက်ကို ပြန်ပြီးတော့ တရားစွဲဆိုထားတာရှိတယ်ပေါ့နော်။ လွှတ်တော်ကိုယ်စားလှယ်တယောက်ကနေပြီးတော့ ဒီပုဒ်မကို အကြိုက်တွေ့နေတာကို ကျနော်တို့တွေ့တော့ ပိုပြီးတော့ ပိုဆိုးတယ်ပေါ့နော်။”

ပြည်ထောင်စုလွှတ်တော်က ပြဌာန်းမယ့် ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်မယ့် ဥပဒေကြမ်းကိုတော့ ပြန်ကြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇူလိုင်လ ၉ရက်နေ့ကပဲ ထုတ်ပြန်ခဲ့ပြီး အများပြည်သူ၊ ပညာရှင်တွေနဲ့ အရပ်အဖွဲ့အစည်းအသီးသီးအနေနဲ့ မိမိတို့ဖြည့်စွက်ပြင်ဆင်လိုတဲ့ အကြံပြုချက်တွေကို လွှတ်တော်ဥပဒေကြမ်းကော်မတီကို စာနဲ့ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ ဆွေးနွေးနိုင်ကြောင်း ဖိတ်ခေါ်ထားတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG