သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအလုပ်သမားဥပဒေသစ် ဆိုင်းငံ့မှု ပြင်ဆင်ချိန်ပိုရဟု မြန်မာသံအရာရှိဆို


ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဘန်ကောက်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဘန်ကောက်။

ထိုင်းနိုင်ငံအတွင်းက ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ ဥပဒေသစ် ပြဌာန်းဖို့ ထိုင်းအစိုးရဘက်က ဥပဒေသက်ရောက်ချိန် ရက်ပေါင်း ၁၂၀တိတိ ဆိုင်းငံ့လိုက်ပြီဖြစ်ပါတယ်။ ဥပဒေသစ်အရ အထူးစီမံချက်အနေနဲ့ ထိုင်းနိုင်ငံတဝှမ်း တရားမဝင်အလုပ်သမား ထောင်ချီဖမ်းဆီးနေချိန် ထိုင်းအလုပ်ရှင်တွေနဲ့ ရွေ့ပြောင်းအလုပ်သမားတွေအပေါ် ဆိုးကျိုးသက်ရောက်မှုတွေဖြစ်လာတဲ့အတွက်လျော့နည်းအောင် လုပ်ဆောင်တဲ့ အနေနဲ့ အခုလိုနောက်ဆုတ်လိုက်တာပါ။ ထိုင်းနိုင်ငံတွင်း သိန်းချီရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးကိစ္စကိုလည်း ထိုင်း-မြန်မာနှစ်နိုင်ငံကြား အလေးအနက်ထား ဆွေးနွေးနေကြပါတယ်။

အခုလိုဆိုင်းငံ့လိုက်တဲ့အတွက် အထောက်အထားခိုင်လုံမှုမရှိတဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေအတွက် တရားဝင် အထောက်အထားရအောင် အများကြီးပြင်ဆင်ချိန်ရသွားစေတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအရာရှိကပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က အလုပ်သမားသံအရာရှိဦးနိုင်မင်းသူကို ဆက်သွယ်မေးမြန်းတဲ့အခါ အလုပ်သမားတွေအတွက် ဆောင်ရွက်နေတဲ့အခြေအနေ သူက အခုလိုစဖြေပါတယ်။

အလုပ်သမားသံအရာရှိဦးနိုင်မင်းသူ။ ။ သူတို့ကကျတော့ဗျာ ဒီထုတ်ပြန်တဲ့ဥပဒေကိုပယ်ဖျက်တာတော့ မဟုတ်ဘူးပေါ့နော် ပြင်ဆင်ချိန်ရအောင်ဆိုတဲ့သဘော ရက်ပေါင်း ၁၂၀ ခေတ္တဆိုင်းငံ့ပေါ့နော်။ ဆိုင်းငံ့ဆိုတဲ့သဘောကတော့ အဓိကကတော့ အလုပ်သမားတွေ ငြိနေတဲ့ကိစ္စကတော့ အလုပ်နေရာမတူတာတွေ အထောက်အထားမရှိတာတွေ သူဌေးနာမည်မတူတာတွေ ပြင်ဆင်ချိန် ရက်ပေါင်း ၁၂၀ ပေးလိုက်တယ်ဆိုတော့ အဲ့ဒီ့အချိန်မှာ သူတို့ သူဌေးမတူတဲ့သူတွေ သူဌေး တည့်ပေါ့။ အလုပ်ရှင်မတူသူတွေ အလုပ်ရှင် တည့် ဆိုတဲ့ ဟာမျိုး လုပ်လို့ရမှာပါဗျ။

မဆုမွန်။ ။ ဟုတ်ကဲ့။ အဲ့ဒီ့တော့ ဦးနိုင်မင်းသူတို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးဘက်က အခုလိုမျိုးပေးလိုက်တဲ့အချိန် ရက်အတောအတွင်းမှာပေါ့နော် ထိုင်းနိုင်ငံမှာရောက်နေတဲ့မြန်မာအလုပ်သမားတွေအတွက် ဘာများ လတ်တလော ကူညီဆောင်ရွက်ပေးနေတာတွေရှိပါလဲရှင်။

အလုပ်သမားသံအရာရှိဦးနိုင်မင်းသူ။ ။ ဟုတ်ကဲ့ ကျနော်တို့ အခုကူညီဆောင်ရွက်ပေးနေတဲ့ဆိုတာကလေ အထောက်အထားမဲ့တဲ့သူတွေကတော့ ဘာပဲပြောပြော ပြန်တော့ပြန်ရမှာပေါ့နော်။ အခုဆိုရင် တချို့ဆို သူတို့အစီအစဉ်နဲ့သူတို့ ပြန်နေကြပြီ။

ကျနော်တို့အနေနဲ့ ဒီထုတ်ပြန်တဲ့ဥပဒေနဲ့ပတ်သက်ပြီး မြန်မာ-ထိုင်းနှစ်နိုင်ငံ အလုပ်သမားရေးရာအစည်းအဝေး ရန်ကုန်မှာပေါ့နော် လုပ်ပြီးပါပြီ အဲ့ကနေ ဘာတွေ သဘောတူညီချက်တွေ ရသလဲဆိုတာတော့ ကျနော်တို့မသိသေးဘူး။ ဒါပေမဲ့လည်း ဒီအလုပ်သမားတွေ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီးတော့ အများကြီးအဆင်ပြေသွားမယ်လို့တော့ ကျနော်တို့တော့ ထင်ပါတယ်ဗျ။

မဆုမွန်။ ။ ဟုတ်ကဲ့ အဲ့ဒီ့တော့ အခုလို ထိုင်းဝန်ကြီးချုပ်ဘက်က အချိန်ပေးလိုက်တဲ့အပေါ်မှာ ဘယ်လောက်အတိုင်းအတာအထိမှ ဒီလိုမျိုး အချိန်ပေးလိုက်တဲ့အပေါ် အကျိုးသက်ရောက်မှုရှိပါလဲရှင့်။

အလုပ်သမားသံအရာရှိဦးနိုင်မင်းသူ။ ။ ဒါကတော့ အလုပ်သမားအတွက်ရော အလုပ်ရှင်အတွက်ရော အများကြီးအဆင်ပြေမှုဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ခုနက အထောက်အထားမပြည့်စုံတဲ့သူတွေ အထောက်အထားလွဲနေတဲ့သူတွေအတွက် ပြင်ဆင်ချိန် ရသွားတာပေါ့နော် ပြင်ဆင်ချိန် ရသွားတဲ့အတွက် အများကြီးအဆင်ပြေမှာပါခင်ဗျ။

မဆုမွန်။ ။ အခုလောလောဆယ် ဖမ်းဆီးခံထားရတဲ့သူတွေအတွက် အထူးသဖြင့် မြန်မာနိုင်ငံသားတွေအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးဘက်က ဘာများကူညီဆောင်ရွက်ပေးနေတာရှိပါလဲရှင်။

အလုပ်သမားသံအရာရှိဦးနိုင်မင်းသူ။ ။ ဟုတ်ကဲ့ တချို့ဂိတ်တွေမှာ ဖမ်းဆီးထားတယ်ဆိုတဲ့ သူတွေကို အထောက်အထားမပြည့်စုံတဲ့အတွက် စစ်ဆေးနေတာပေါ့နော်။ စစ်ဆေးနေတဲ့အပိုင်းကို ကျနော်တို့က လှမ်းပြီးတော့ ဒီဟာတွေကို ဖြေလျော့ပြီးတော့ ထိုင်းနိုင်ငံဘက်က အလုပ်သမားတွေ အထောက်အထားမပြည့်စုံလို့ ပြန်လုပ်ဖို့ ပြန်ကြတယ်။ အဲ့ဓီ့အပေါ်မှာ ဖြေလျော့ပြီးတော့ ကျနော်တို့ ဖမ်းဆီးတာမျိုး မလုပ်ဖို့နဲ့ ပြန်ပြီးတော့ ကူညီဆောင်ရွက်ပေးဖို့ ကျနော်တို့ လှမ်းပြီးတော့ ဆွေးနွေးထားတာရှိပါတယ် တချို့သက်ဆိုင်ရာတွေကိုပေါ့နော် ဟုတ်ကဲ့။

မဆုမွန်။ ။ ဟုတ်ကဲ့ လောလောဆယ်မှာ ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကိုပေါ့နော် မြန်မာသံရုံး အထူးသဖြင့် အလုပ်သမားသံအရာရှိတယောက်အနေနဲ့ ဘာများသတိပေးစကားပြောကြားချင်တာရှိပါသလဲရှင်။

အလုပ်သမားသံအရာရှိဦးနိုင်မင်းသူ။ ။ အဓိကကတော့ ကျနော်တို့ သူများနိုင်ငံမှာ နေမယ်ဆိုရင်တော့ အထောက်အထား ပြည့်ပြည့်စုံစုံ ရှိဖို့လိုမယ်။ ပြီးတော့လည်း အခုဖမ်းတယ်ဆီးတယ်ဆိုတဲ့ကိစ္စတွေကိုလည်း အရင်ရက်ပိုင်းတွေက ကျနော်တို့ ကြားနေရတာပေါ့နော် အဲ့လိုကြားနေရတာဖြစ်တဲ့အတွက် အထောက်အထားမပြည့်စုံတဲ့သူတွေကတော့ ကိုယ့်နိုင်ငံကို ကိုယ်ပြန် ။ ဒီမှာ အလုပ်ဆက်လုပ်ချင်တယ်ဆိုရင် ကျနော်တို့ တရားဝင်နည်းလမ်း ရှိပါတယ်။ MOU နဲ့ပေါ့နော် ကုမ္မဏီတေ့နဲ့ ချိတ်ဆက်ပြီး ဒီမှာ တရားဝင် လာလုပ်လို့ရပါတယ်။ အဲ့ဒီ့တော့ ကျနော်ဆိုလိုချင်တာကတော့ အထောက်အထားမပြည့်စုံတဲ့သူတွေကတော့ ကိုယ့်နိုင်ငံကို ကိုယ်ပြန်ပြီးတော့ အထောက်အထားတွေ ပြန်ပြီးတော့ ပြည့်စုံအောင် လုပ်ပြီးမှ လာလုပ်ကြဖို့ ကျနော်ပြောချင်ပါတယ်ခင်ဗျာ။

ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးဘက်က ဆောင်ရွက်ပေးနေတဲ့အခြေအနေ အလုပ်သမားသံအရာရှိဦးနိုင်မင်းသူကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်ကဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG