သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းမီဒီယာညီလာခံ မြစ်ကြီးနားမှာ ကျင်းပ


တိုင်းရင်းမီဒီယာညီလာခံ မြစ်ကြီးနားမှာကျင်းပ
တိုင်းရင်းမီဒီယာညီလာခံ မြစ်ကြီးနားမှာကျင်းပ

ကချင်ပြည်နယ် ဝန်ကြီးချုပ်က ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး အတွက် စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာဟာ အရေးကြီးကြောင်းပြောဆိုလိုက်ပါတယ်။ တဆက်တည်းမှာပဲ ငြိမ်းချမ်းပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်လည်း အားလုံး ပါဝင်ကူညီကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က မြစ်ကြီးနားမြို့ကနေ သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီကနေ့ စတင်ကျင်းပတဲ့ သတ္တမအကြိမ် တိုင်းရင်းမီဒီယာညီလာခံမှာ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ပြောဆိုလိုက်တာဖြစ်ပါတယ်။

ညီလာခံ အဖွင့်အမှာစကားပြောကြားမှာ ကချင်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က စတုတ္တမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေအရေးကြီးကြောင်း အခုလို ပြောကြားတာဖြစ်ပါတယ်။

“ အရေးကြီးဆုံးလိုအပ်ချက်ကတော့ ငြိမ်းချမ်းရေးပါ။ ငြိမ်းချမ်းရေးနဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့ပဲဖြစ်ပါတယ်။ ၂၀၀၈အခြေခံဥပဒေမပြင်ဘဲနဲ့ ဒီနေ့ ဒီအခြေအနေအတိုင်းသွားမယ်ဆိုရင် ဘယ်လိုမှ စစ်မှန်တဲ့ ဒီမိုကရေစီကို အကောင်အထည်ဖော်မယ် လမ်းကြောင်းပေါ်လည်း မရောက်ဘူး။ ဒီနေ့ ကျနော်တို့ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် လမ်းကြောင်းပေါ်ကို မရောက်သေးတာ။ အပြင်ဘက်မှာပဲ ရှိနေသေးတယ်။ တစ်ချို့ကလည်း ဒီမိုကရေစီရပြီလို့ ထင်တဲ့သူတွေလည်း ရှိတယ်။ အဲဒီအတွက် ဒီဟာကို ငြိမ်းချမ်းသာယာပြီးတော့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးကို အမြန်ရောက်ဖို့ ဆိုတာက စတုတ္တမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာ မဏ္ဍိုင်က အင်မတန်မှ အရေးကြီးပါတယ်။”

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဆက်လက်ပြီးတော့လည်း အခုလို တိုက်တွန်းပြောကြားပါတယ်။

“ ဒီနေ့ ဒီခန်းမမှာ ထိုင်နေတဲ့ ပုဂ္ဂိုလ်တွေအားလုံး၊ လူကြီးမင်းတွေအားလုံး ကျနော့အနေနဲ့တော့ ခင်ဗျားတို့အားလုံး ကျနော့ထက် တော်တဲ့သူချည်းလို့ ကျနော် ဒီလိုပဲ ခံယူပါတယ်။ ဒီတော့ အကြံဉာဏ်ပေးပါ။ နိုင်ငံတော်အစိုးရကိုလည်း စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာများကနေ ခုနက ပြောခဲ့သလို ငြိမ်းချမ်းရေးရဖို့၊ မြန်မြန်ဆန်ဆန် ကျနော်တို့အားလုံး၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံး လိုချင်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို မြန်မြန် ရောက်ပြီးတော့ မြန်မြန်ဆန်ဆန် တည်ဆောက်နိုင်ဖို့၊ တည်ထောင်နိုင်ဖို့ အတတ်နိုင်ဆုံး ကူညီပံ့ပိုး ပါဝင်ပေးကြပါလို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံရင်းနဲ့ နိဂုံးချုပ်ပါတယ်။ အားလုံးကို အထူး ကျေးဇူးတင်ပါတယ်။”

ညီလာခံကိုတက်ရောက်လာတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးရဲနိုင်ကလည်း ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ တိုင်းရင်းသား သတင်းမီဒီယာလုပ်ငန်းဆောင်ရွက်မှုတွေကို ရှင်းလင်းပြောကြားခဲ့သလို Media and Information Literacy ခေါ် မီဒီယာနဲ့သတင်းသိနားလည်မှုဆိုင်ရာ ဆောင်ရွက်ချက်တွေကို ရှင်းလင်းခဲ့ပါတယ်။

ဆက်လက်ပြီး မီဒီယာနဲ့ သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ လုပ်ငန်းနဲ့ပတ်သက်ပြီး အခုလို အကြံပြုပါတယ်။

“ဒါအပြင်ကျနော်တို့ ဆက်လက်ပြီးတော့လည်း MIL သတင်းအချက်အလက်သိနားလည်မှုဆိုင်ရာ သင်တန်းတွေ ဆက်ဖွင့်နေပါတယ်။ ဒီလိုအသိတရားတွေ လူထုအတွင်း ရောက်သွားဖို့ လိုပါတယ်။ ဒါမှလည်း ကျနော်တို့က ဒီတိုင်းရင်းသားပြည်သူတွေအနေနဲ့ ဒီ MIL အသိရှိမှဘဲ သတင်းတု၊ သတင်းမှားတွေ နောက်တစ်ခါ အမုန်းတရားတွေ၊ ပဋိပက္ခတွေ ဒါတွေကို ရှောင်ရှားနိုင်မယ်လို့ ထင်မြင်ပါတယ်။ ဒါကြောင့် ဒီကိစ္စတွေကို ညီလာခံမှာလည်း ထည့်သွင်းဆောင်ရွက်ဖို့ အကြံပြုတင်ပြလိုပါတယ်။”

တိုင်းရင်းမီဒီယာညီလာခံကို တိုင်းရင်းသားသတင်းဌာန ၁၄ဖွဲ့ နဲ့ ဖွဲ့စည်းထားတဲ့ Burma News International BNI က ဦးဆောင်ကျင်းပတာဖြစ်ပြီး ဒီညီလာခံကို တရားမျှတမှုအတွက် တိုင်းရင်းမီဒီယာဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပတာလည်း ဖြစ်ပါတယ်။

ဒီသတ္တမအကြိမ် တိုင်းရင်းမီဒီယာ ညီလာခံမှာတော့ တိုင်းရင်းသားမီဒီယာအဖွဲ့အစည်းတွေအတွက် မူဝါဒ ချမှတ်နိုင်ဖို့နဲ့ မီဒီယာသမားတွေအတွက် ဥပဒေကြောင်းအရ ကာကွယ်ပေးနိုင်မှုကို အဓိက ရလိုကြောင်း BNI ရဲ့ ဥက္ကဌ နန်းဖောဂေက ပြောပါတယ်။

“ တစ်တစ်ချက်က တိုင်းရင်းမီဒီယာ မူဝါဒလေး အကြမ်းဖြစ်စေပေါ့။ တစ်စုံတစ်ရာထွက်ရှိလာဖို့ ဆက်လက်လုပ်ဆောင်သွားစေချင်တယ်။ အဓိကကတော့ သတ္တမအကြိမ်မြောက်တိုင်းရင်းမီဒီယာ ညီလာခံက ကျမတို့ အဆင့်ဆင့်မှာဆို ကွန်ရက်တွေ ဖွဲ့စည်းဖို့ရယ်၊ ရေရှည်သွားဖို့အတွက်ရယ်ကို ကျမတို့ ဆောင်ပုဒ်လုပ်လာခဲ့ပေမဲ့လည်း တရားမျှတမှုပေါ့နော်။ သူက မီဒီယာသမား သတင်းရယူခြင်းအားဖြင့် အန္တရာယ်မရှိဖို့အတွက်ပေါ့။ တရားမျှမျှတတနဲ့လည်း သူ့ ဥပဒေပိုင်းမှာဆို ရင်ဆိုင်နိုင်ဖို့အတွက်လည်း အကာအကွယ်တစ်ခု အဲဒီ ရလဒ်ကိုလည်း ရချင်ပါတယ်။”

ဒီကနေ့ စတင်တဲ့ ညီလာခံမှာတော့ လွတ်လပ်စွာပြောဆိုခွင့် နဲ့ သတင်းထောက်တွေလုံခြုံရေး၊ မီဒီယာတွေ ရေရှည်တည်တံနိုင်ရေး၊ အကြီးစားဖွံ့ဖြိုးရေးစီမံကိန်းတွေရဲ့ သက်ရောက်မှု စတာတွေ ဆွေးနွေးပြီး ညီလာခံကို ဒီလ ၁၆ရက်ကနေ ၁၈ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။

တိုင်းရင်းသတင်းမီဒီယာညီလာခံကို ၂၀၁၃ခုနှစ်က စတင်ပြီး မွန်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယားနဲ့ ကရင်ပြည်နယ်တွေမှာ နှစ်စဉ် ကျင်းပခဲ့တာဖြစ်ပါတယ်။

................

[Unicode Version]













တိုက်ရိုက် လင့်ခ်



XS
SM
MD
LG