သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလုံခြုံရေး အရာရှိကြီး ၇ ဦးအပေါ် EU ဒဏ်ခတ်မှုသစ် ချမှတ်


ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေ အပေါ် ဖိနှိပ်ချုပ်ချယ်မှု၊ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်မှု စွပ်စွဲချက်နဲ့ မြန်မာ လုံခြုံရေး အရာရှိ ၇ ဦးကို EU ဥရောပ သမဂ္ဂက ပစ်မှတ်ထားဒဏ်ခတ် အရေးယူပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခတွေ အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိတယ်လို့ စွပ်စွဲခံနေရတဲ့ မြန်မာ စစ်တပ် အပါအဝင် လုံခြုံရေး တပ်ဖွဲ့တွေမှာ အကြီးအကဲတွေ အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ အကြီးတန်း အရာရှိ ၇ ဦးကို ဥရောပ သမဂ္ဂ EU က ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း ဥရောပ ကောင်စီ ဥက္ကဌ Federica Mogherini က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာပါ။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲမှာတော့ တရားဥပဒေမဲ့ သတ်ဖြတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ ရိုဟင်ဂျာတွေရဲ့ အိုးအိမ် အဆောက်အအုံတွေကို အကွက်ကျကျ မီးရှို့ ဖျက်ဆီးခဲ့မှုတွေလည်း ပါတယ်လို့ EU ရဲ့ ဒီကနေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ EU ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခံရတဲ့ မြန်မာ လက်နက်ကိုင်တပ်ဖွဲ့တွေက အရာရှိ ၇ ဦးတို့ရဲ့ ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ပြည်ဝင်ခွင့် ပိတ်ပင်မှာဖြစ်ပြီး အဲဒီနိုင်ငံတွေမှာ ပိုင်ဆိုင်မှုတွေ ရှိရင်လည်း ထိန်းချုပ် ခံရမှာ ဖြစ်ပါတယ်။

EU ဥရောပ သမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့ ပုဂ္ဂိုလ်တွေထဲမှာတော့ ကာကွယ်ရေး ဝန်ကြီးဌာန အမှတ် ၃ စစ်ဆင်ရေး အထူးအဖွဲ့မှူး အဖြစ် ၂၀၁၅ ခုနှစ် သြဂုတ်လ ကနေ ၂၀၁၇ ခုနှစ် နှစ်ကုန် အထိ တာဝန်ယူခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး အဖြစ် ၂၀၁၆ ခုနှစ် အောက်တိုဘာလကနေ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ အထိ တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ် မောင်မောင်စိုး၊ နောက် ရခိုင်ပြည်နယ်တွင်း နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ကြတဲ့ ဗိုလ်မှူးချုပ် သန်းဦး၊ ဗိုလ်မှူးချုပ် အောင်အောင်၊ ဗိုလ်ချုပ် ခင်မောင်စိုး၊ နောက် နယ်ခြားစောင့်တပ်ဖွဲ့မှူး အဖြစ် တာဝန်ယူခဲ့တဲ့ ရဲမှူးချုပ် သူရစန်းလွင်နဲ့ ရဲချုပ် သန့်ဇင်ဦးတို့ ဖြစ်ပါတယ်။

မြန်မာစစ်တပ်နဲ့ အစိုးရကတော့ နိုင်ငံတကာက စွပ်စွဲနေသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျုးလွန်ခဲ့တာ မရှိကြောင်းနဲ့ ကျုးလွန်သူ တချို့ကိုလည်း အပြစ်ပေး အရေးယူတာတွေ ရှိခဲ့ကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG