သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ဦးပိုင်လုပ်ငန်းတွေနဲ့ စီးပွားရေးမလုပ်ဖို့ နိုင်ငံတကာကို Darusman သတိပေး


ပြင်းထန်လှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာတပ်မတော်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို သက်ဆိုင်ရာ နိုင်ငံတွေက အချိန်မှီ ဖြေရှင်းနိုင်မှုမရှိရင် တရားဥပဒေနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး FFM ဥက္ကဌ Marzuki Darusman က သတိပေးလိုက်ပါတယ်။

သြဂုတ်လ (၅ )ရက်နေ့က ထုတ်ပြန်တဲ့ FFM ရဲ့ မြန်မာနိုင်ငံဆိုင်ရာ နောက်ဆုံးအစီရင်ခံစာ နဲ့ပတ်သက်လို့ ဗွီအိုအေက skype ကတဆင့် တိုက်ရိုက်ဆက်သွယ်မေးမြန်းခန်းမှာ သူက အဲဒီလို ပြောကြားခဲ့တာဖြစ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ စီးပွားရေးကွန်ယက်နဲ့ သူနဲ့ပတ်သက်နေတဲ့ ပြည်တွင်းပြည်ပ လုပ်ငန်းတွေအကြောင်း ဖေါ်ပြထားတဲ့ အစီရင်ခံစာမှာ အဓိက ပေးချင်တဲ့ အချက်ကို မအင်ကြင်းနိုင်က စတင်မေးမြန်းရာမှာ Mr. Dausman က အခုလို စပြောပါတယ်။

Marzuki Darusman ။ ။ ဒီ အစီရင်ခံစာက အဓိက ထုတ်ဖေါ်လိုက်တဲ့ အချက် ကတော့ မြန်မာတပ်မတော် အနေနဲ့ နိုင်ငံရဲ့ စစ်အသုံးစရိတ် ဘတ်ဂျက်အပြင် အခြားဝင်ငွေတွေ ရနေတယ်ဆိုတဲ့ ဘယ်လိုမှ ငြင်းလို့မရတဲ့ ကွင်းဆက်ဖြစ်ပါတယ်။ ဒီရလာတဲ့ ဝင်ငွေတွေကို စစ်မက်ရေးရာအရ သာမက ဆိုးရွား ပြင်းထန်လှတဲ့ လူ့အခွင့်ရေးချိုးဖောက်မှု တွေဖြစ်စေတဲ့ စစ်ဆင်ရေးတွေမှာ ထိထိရောက်ရောက်နဲ့ အသုံးချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို အပိုဝင်ငွေ ဘတ်ဂျက်တွေဟာ တပ်မတော်ရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေဆီက အကျိုးအမြတ်တွေ ဖြစ်တယ်ဆိုတာ ကျနော်တို့ အထောက်အထားတွေနဲ့ တွေ့ခဲ့ရပြီးတော့ တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုတွေကို အထောက်အကူပြုနေတာဆိုတာ အထင်အရှား ပြသနေတယ်ဆိုတာ ဒီအစီရင်ခံစာမှာ အဓိက ထုတ်ဖေါ်ထားပါတယ်။

အင်ကြင်းနိုင်။ ။ မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့ဖို့ဆိုတာ လက်တွေ့မှာ ဖြစ်နိုင်ပါ့မလားရှင့်။

Marzuki Darusman ။ ။ ဒါကြောင့်လည်း စီးပွားရေးအသိုင်းအဝိုင်းကို ကျနော်တို့ တောင်းဆို နေတာက တပ်မတော်နဲ့ ဆက်ဆံရေးမှန်သမျှကို ဖြတ်ဖို့ ဖြစ်ပါတယ်။ စစ်တပ်နဲ့ မပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်းကို ရွေးချယ်ဖို့ ကျနော်တို့ တိုက်တွန်းပါတယ်။ စစ်တပ်ဟာ အရပ်သားအုပ်ချုပ်မှုအောက်မှာရှိနေဖို့ လိုအပ်နေတာပါ။ အဲဒီအခါကျမှ စစ်တပ်အနေနဲ့ သူတို့ကြိုက်တာ သူတို့လုပ်ခွင့် မရမှာဖြစ်သလို ပိတ်ဆို့ ဒဏ်ခတ်တာမျိုးလည်း လုပ်စရာမလိုတော့ဘူးပေါ့။ ဒါကြောင့် ပထမဆုံးလုပ်ရမှာက တပ်မတော်အနေနဲ့ ပြစ်ဒဏ်က ကင်းလွတ်ခွင့်ရထားတဲ့ ပုံစံမျိုးနဲ့ ပြုမှုနေတဲ့ တပ်မတော် စီးပွားရေးလုပ်ငန်း အင်ပါယာ အမည်စာရင်း အပြည့်အစုံ ပြုစုထားတဲ့ စာမျက်နှာ ၁၁၀ ရှိတဲ့ အစီရင်ခံစာပါ အချက်တွေကို အသိအမှတ်ပြုဖို့ ဖြစ်ပါတယ်။ စစ်တပ်ကို အရပ်သားအစိုးရရော၊ လွှတ်တော် ကပါ ထိန်းချုပ်ထားနိုင်စွမ်း မရှိပါဘူး။

အင်ကြင်းနိုင်။ ။ ဒါပေမယ့် မြန်မာစစ်တပ်ဟာ အခုဆိုရင် အိန္ဒိယ နဲ့စစ်ရေးဆက်ဆံရေး ခိုင်မာမှုရှိနေတာ၊ တရုတ်နဲ့ ရုရှားကနေ လက်နက်ရောင်းချနေတာ၊ နောက် စီးပွားရေးမှာဆိုရင်လည်း တရုတ်အပါအဝင် အာရှနိုင်ငံတွေနဲ့ မြန်မာက လုပ်နေတာဆိုတော့ အခုလို တပ်မတော် စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထား ဒဏ်ခတ်ဖို့ဆိုတာ တကယ်ပဲ အလုပ်ဖြစ်မယ်၊ ထိရောက်မယ်လို့ ထင်လားရှင့်။

Marzuki Darusman ။ ။ မှန်းဆပြောဆိုတာက ကျနော်တို့ အလုပ်မဟုတ်ပါဘူး။ ကျနော်တို့ အလုပ်က အချက်အလက်တွေကို ဖေါ်ထုတ်တင်ပြဖို့ဖြစ်ပါတယ်။ ဒီအတွက်လည်း ကျနော်တို့ လုပ်ဆောင်ခဲ့ပြီပါပြီ။ ဒါကတော့ တပ်မတော်ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်စပ်မှုရှိနေတယ်ဆိုတာပါ။ ဒီ အစီရင်ခံစာ ထွက်ပေါ်လာတာဟလည်း မြန်မာ ပြည်သူတွေ၊ လူငယ်တွေအနေနဲ့ သန့်ရှင်းတဲ့ တပ်မတော်ဖြစ်ဖို့ ဆိုတဲ့ ပြင်းပြတဲ့ ဆန္ဒအပေါ်မှာ တုံ့ပြန်မှုဖြစ်ပါတယ်။ တိုင်းပြည်ကာကွယ်ရေးအတွက်ကိုပဲ အာရုံစိုက်တဲ့ Professional တပ်မတော်ဖြစ်စေချင်တာပါ။ အခြားတိုင်းရင်းသားတွေနဲ့ ပဋိပက္ခဖြစ်တာကို လိုလားတဲ့ တပ်မတော်မျိုး သူတို့ မမြင်ချင်ကြပါဘူး။ တိုင်းရင်းသား လူမျိုးစုအားလုံးပါဝင်တဲ့ ညီညွတ်တဲ့ တပ်မတော်မျိုးကိုပဲ သူတို့ဖြစ်စေချင်ပါတယ်။ ဗိုလ်ချုပ်တွေကို အကာအကွယ် မပေးပဲ တိုင်းပြည်ကို အကွယ်ပေးတဲ့ တပ်မတော်ကိုပဲ ဖြစ်စေချင်ကြပါတယ်။

ဒါကြောင့် အစီရင်ခံစာမှာပါတဲ့ တပ်မတော်နဲ့ ဆက်စပ်မှုရှိနေတဲ့ စီးပွားရေးလုပ်ငန်းမှန်သမျှ အခြားနိုင်ငံတွေအနေနဲ့ စစ်ဆေးကြည့်ရှုပြီး တပ်မတော်နဲ့ ပတ်သက်နေတဲ့ လုပ်ရပ်မှန်သမျှကို ဖြေရှင်းဖို့ လိုပါတယ်။ အဲဒီလို မလုပ်ဘူးဆိုရင် သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ တပ်မတော်ရဲ့ လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှု တွေကို အထောက်အပံ့ဖြစ်စေတယ်ဆိုတဲ့ အချက်ကို သက်သေပြနိုင်မယ်ဆိုရင် သူတို့တွေလည်း နောက်ဆုံးမှာ တရားဥပဒေနဲ့ ရင်ဆိုင်ရဖို့ရှိပါတယ်။

အင်ကြင်းနိုင်။ ။ အဲဒီအချက်နဲ့ တဆက်တည်းမေးချင်တာက FFM အဖွဲ့က အကြံပြုထားတဲ့ မြန်မာစစ်တပ် ထိပ်တန်းခေါင်းဆောင်တွေကို ICC ခုံရုံးတင်ဖို့ကိစ္စ၊ ဒါမှမဟုတ် အခြားနိုင်ငံတကာ တရားရုံးတွေမှာ စစ်ဆေးအရေးယူဖို့ဆိုတဲ့ အခြေအနေကရော ဘယ်လိုရှိပါလဲရှင့်။

Marzuki Darusman ။ ။ Facts Finding Mission အနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့တာဆိုတော့ အခုတွေ့ရှိချက်တွေကို နောက်ထပ် အသစ်ဖွဲ့ထားတဲ့ ကုလသမဂ္ဂ ယန္တရားအဖွဲ့ကို လွဲှပြောင်းပေးမှာဖြစ်ပါတယ်။ အဲဒီအဖွဲ့ကတော့ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့ပါ။ အဲဒီအဖွဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်တွေကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ကျနော်တို့ အမည်တွေနဲ့အတိအကျ ထုတ်ဖေါ်ထားတဲ့ စုစုပေါင်း မြန်မာစစ်ဗိုလ်ချုပ် (၆)ဦးကို တရားစွဲဆိုဖို့ လိုအပ်တဲ့အရာတွေကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီတော့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ အဓိကတာဝန်ရှိတဲ့ စစ်ဗိုလ်ချုပ်တွေကို တရားစွဲဖို့ ဆောင်ရွက်မယ့် ကုလသမဂ္ဂယန္တရားအဖွဲ့ကို ထောက်ခံပံ့ပိုးဖို့ အပိုင်းကိုတော့ နိုင်ငံတကာအသိုင်းအဝိုင်းက ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ အခု နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာပေါ်မှာ မြန်မာတပ်မတော် ဒါမှမဟုတ် မြန်မာအစိုးရဘက်က ဘယ်လို တုံ့ပြန်လဲရှင့်။

Marzuki Darusman ။ ။ အစီရင်ခံစာကို ဂျီနီဗာ ကုလသမဂ္ဂမှာရှိတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့က တဆင့် မြန်မာအစိုးရဆီကို လွန်ခဲ့တဲ့ နှစ်ပတ်ကတည်းက ပေးပို့ခဲ့ပါတယ်။ အခုချိန်ထိတော့ ဘာတုံ့ပြန်ချက်မှ မရသေးပါဘူး။ အခုတော့ အစီရင်ခံစာကို ဒီကနေ့ ကျနော်တို့ ထုတ်ပြန်လိုက်ပါပြီ။ ဒီတော့ မြန်မာအစိုးရပဲဖြစ်ဖြစ်၊ မြန်မာတပ်မတော်ပဲဖြစ်ဖြစ် မှတ်ချက်ပေး တုံ့ပြန်မယ်ဆိုရင် ကျနော်တို့ ကြိုဆိုပါတယ်။ အစီရင်ခံစာ မထုတ်ပြန်ခင် လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက အစီရင်ခံစာ အပြည့်အစုံကို သူတို့ကို ပေးထားပြီ သူတို့ရဲ့ တုံ့ပြန်ချက်တွေကို အစီရင်ခံစာရဲ့ နောက်ဆက်တွဲမှာ ဖေါ်ပြဖို့ပါ။ ဒါပေမဲ့ သူတို့ ဘက်က ဘာမှတုန့်ပြန်မှု မရှိခဲ့တဲ့အတွက် ကျနော်တို့ အခုလို အစီရင်ခံစာကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ တကယ်လို့သာ ဂျီနီဗာမှာရှိတဲ့ မြန်မာကိုယ်စားလှယ်ရုံးက အချိန်မှီ တုံ့ပြန်မယ်ဆိုရင် ကျနော်တို့အစီရင်ခံစာမှာ ဒါတွေကို နောက်ဆက်တွဲအနေနဲ့ ထည့်သွင်းဖေါ်ပြမှာဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး FFM ဥက္ကဌ Marzuki Darusman ကို မအင်ကြင်းနိုင်က မေးမြန်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG