သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရေဘေးဒုက္ခကို ဝန်ကြီးဌာနကြိုးပမ်းဖြေရှင်း


ဧရာဝတီတိုင်းအတွင်း ရေကြီးစဉ် (သြဂုတ်လ ၁၂၊ ၂၀၁၆ )
ဧရာဝတီတိုင်းအတွင်း ရေကြီးစဉ် (သြဂုတ်လ ၁၂၊ ၂၀၁၆ )

မြန်မာနိုင်ငံတဝှမ်းမိုးများပြီး မြစ်ချောင်းတွေ စိုးရိမ်ရေမှတ်ကျော်တဲ့အထိ ဆိုးဆိုးရွားရွားရေကြီးရေလျှံဖြစ်နေတဲ့ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းအပါအဝင့် ပြည်နယ်တိုင်းတွေမှာ ဇူလိုင်လကနေ သြဂုတ်လအထိ ရေဘေးသင့်အိမ်ခြေပေါင်းက ငါးသောင်းကျော်ရှိနေပြီး ရေဘေးသင့်ပြည်သူတွေက နှစ်သိန်းကျော်အထိရှိနေပြီဖြစ်ပါတယ်။ ရေဘေးဒုက္ခသည်တွေအတွက် အဓိက အရေးတကြီးလိုအပ်နေတဲ့သောက်သုံးရေတွေနဲ့ဆေးဝါးပစ္စည်းတွေကို ထောက်ပံ့ပေးနေပြီး ရေဘေးသင့်ဒုက္ခသည်စခန်းတွေမှာH1N1 လို ကူးစက်ရောဂါပိုးတွေ ကြိုတင်ကာကွယ်နိုင်ရေး လူကယ်ပြန်ဘက်က ကျန်းမာရေးပညာပေးလုပ်ငန်းတွေကိုပါ တဆက်တည်းလုပ်ဆောင်နေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးကပြောပါတယ်။

ရေဘေးအန္တရာယ်ကြုံနေရတဲ့ဒေသတွေမှာ ကူညီကယ်ဆယ်ပေးနေတဲ့ အခြေအနေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလိုစဖြေပါတယ်။

ဒေါက်တာဝင်းမြတ်အေး။ ။ရေဘေးနဲ့ ပတ်သက်လို့ရှိရင် ပြီးခဲ့တဲ့ရက်ပိုင်းက အပေါ်ပိုင်းမှာဖြစ်တယ် ။ အခု ဒီရက်ပိုင်းအတွင်းမှာ စစ်ကိုင်းတိုင်းမှာဖြစ်တယ်။ အဲဒီကနေပြီးတော့ မန္တလေး မတ္တရာကိုရောက်လာပြီပေါ့နော်။ မတ္တရာကိုရောက်လာတဲ့အခါကျတော့ သူက ရေဝင်တာတွေရှိတော့ သောက်သုံးရေအခက်အခဲရှိတယ်။ ဆိုတော့ အဲဒီမှာ သောက်သုံးရေလှူတာအဓိကလုပ်ရတာပေါ့နော်။ နောက်တခုကတော့ ကျန်တဲ့ဟာကတော့ ဒီရက်ပိုင်းအတွင်းမှာဖြစ်ခဲ့တာကတော့ စစ်ကိုင်းတိုင်းအတွင်းထဲမှာပဲ ခန္တီးတို့ ဟုမ္မလင်းတို့မှာ ၁၄-၁၅ လောက်ကစပြီးတော့ ရေတွေဘာတွေကျန်တယ်ပေါ့။

ဒါပေမယ့် အခုပြန်ကျသွားပြီ ရေကလေ။ အဲဒီတော့ ရေကတဖြေးဖြေးနဲ့ အောက်ကိုဆင်းလာရင် ပခုက္ကူ၊ ရေစကြို မကွေး ပေါ့နော် ပခုက္ကူ ၊ ရေစကြိုကတော့ စပြီးတော့ တက်ပြီပေါ့နော်။ ဒါပေမယ့် ဆိုးဆိုးဝါးဝါးတော့ မဟုတ်သေးဘူး။ ကျနော်တို့က ဘာလုပ်သလဲဆိုတော့ ကျနော်တို့က သတိနဲ့ပေါ့နော် ကြိုတင်ပြင်ဆင်မှုအပိုင်းမှာ ကျနော်တို့က ကယ်ဆယ်ဖို့ပစ္စည်းကို အမြဲတမ်း ခရိုင်ရုံးတွေမှာ ၊ ပြည်နယ်တိုင်းရုံးတွေမှာ ကယ်ဆယ်ရေးပစ္စည်းအပြည့်အဝထည့်ထားတယ်။ ဒုက္ခသည်စခန်းတွေရောက်လာပြီဆိုမှ သွားကူညီရတယ် ဒါပေမယ့် ရေဝင်အိမ်အကုန်လုံးကို လွမ်းခြုံနိုင်အောင် မနှစ်က မလုပ်နိုင်ခဲ့ဘူး။ ဒီနှစ်ကတော့ ပိုပြီးတော့ တိုက်ရိုက်ကူညီနိုင်အောင်ဆိုပြီးတော့ ကျနော်တို့က ရေဝင်တယ်ဆိုရင် ၊ ရေဝင်အိမ်တွေကို ကူညီကယ်ဆယ်မှုတွေရအောင်ဆိုပြီးတော့ ကြိုးစားအားထုတ်တာရှိတယ်ပေါ့နော်။

ဒါကပြောင်းလဲလာတာပေါ့ ဒါပေမယ့် ကျနော်တို့ ရာနှှုန်းပြည့်လားဆိုတော့ မပြည့်ဘူး တချို့ကျန်ခဲ့တဲ့ အစိတ်အပိုင်းအနည်းငယ်ရှိရင်ရှိဦးမယ်။အတတ်နိုင်ဆုံးကတော့ မနှစ်ကထက်စာရင် ပိုပြီးတော့ ကယ်ဆယ်နိုင်တဲ့အလုပ်တွေလုပ်နိုင်တယ်။ ကြိုတင်ကာကွယ်တဲ့အပိုင်းမှာလည်း မနှစ်ကထက်စာရင် ပိုပြီးတော့ကောင်းမွန်လာတယ်ပေါ့နော်။

မဆုမွန်။ ။နောက်ဆုံးအထိပေါ့နော် ဇူလိုင်လ ၁ ရက်ကနေ သြဂုတ်လအထိဆိုရင် ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ ဆရာတို့ စာရင်းထုတ်ပြန်ထားတာရှိတော့ အဲဒီဘေးသင့်တဲ့သူတွေ နောက်ပြီးတော့ သေဆုံးသူတွေ ၊ အဆင့်ဆင့်ပြောင်းရွှေ့ရတဲ့သူတွေနဲ့ ပတ်သက်ပြီးတော့ ဆရာတို့ဘယ်လိုမျိုး ဆောင်ရွက်ပေးတာ ရှိပါသလဲရှင့်။

ဒေါက်တာဝင်းမြတ်အေး။ ။ကူညီထားပေးတာကတော့ ကျနော်တို့က သေဆုံးသူဆိုရင် ကျနော်တို့က သဘာဝဘေးနဲ့ ပတ်သက်ရင်ထောက်ပံ့မည့်နှုန်းထားတွေ ပြင်ဆင်ထားတာရှိတယ်။ အဲဒီနှုန်းထားတွေအတိုင်းသေဆုံးတဲ့သူတွေကို ချက်ချင်းထောက်ပံ့တာရှိတယ်။ ဘေးသင့်ပြောင်းရွှေ့တာနဲ့ ပတ်သက်ပြီးတော့ ဒီမှာဆက်နေလို့မရဘူးဆိုရင် ကျနော်တို့ ပြောင်းရွှေ့တာကို အလျှင်အမြန်လုပ်ပေးတယ်။

မဆုမွန်။ ။ရေဘေးတွေကို ဆရာတို့လည်းသွားကြတယ်ပေါ့နော်။ နောက်ပြီးတော့ လူမှုဝန်ထမ်းကယ်ဆယ်ရေးက တာဝန်ရှိတဲ့လူတွေလည်းသွားပါတယ်။ သွားနေတဲ့ တပြိုင်နက်ထဲမှာပဲ။

ဒီရေဘေးကယ်ဆယ်ရေးလိုနေရာတွေမှာ လူထူထပ်တဲ့နေရာတွေမှာ ကူးစက်ရောဂါတွေမဖြစ်အောင် အခုလက်တလောအနေအထားအရ သွေးလွန်တုပ်ကွေးရောဂါလို ၊ ဝမ်းရောဂါလို ကူးစက်ရောဂါတွေမဖြစ်အောင်ရော ဆရာတို့ တဆက်တည်းပညာပေးလုပ်ငန်းတွေ လုပ်ခဲ့တာတို့ ရှိပါသလားရှင့်။

ဒေါက်တာဝင်းမြတ်အေး။ ။ကျနော်တို့က အဓိက ကျနော်တို့ ရောက်ခဲ့တဲ့နေရာတိုင်းမှာ ဘာလုပ်သလဲဆိုရင် အဓိကဘာလဲဆိုတော့ ကျနော်တို့ သဘာဝဘေးတွေကျရောက်လို့ရှိရင် ကူးစက်ရောဂါတွေကဖြစ်တတ်တယ်။ အခုလက်တလောကတော့ အရမ်းသတိထားရမှာက H1N1 ပေါ့နော်။ H1N1ကရောက်တဲ့နေရာမှာ ကျနော်တို့ကနေပြီးတော့ ကူညီကယ်ဆယ်တဲ့ပစ္စည်းတွေပေး တာကနေပြီးတော့ တခါတည်းပညာပေးလိုက်တယ်။ ကျနော်တို့ တိုက်ရိုက်ပေးတာတွေရှိတယ်၊ ကျန်းမာရေးဦးစီးဌာနက ကျနော်တို့နဲ့ ပူးပေါင်းပြီးတော့ တခါတည်းအဲဒီပွဲမှာပဲ ပညာပေးတာတွေ ရှိတယ်။ အဓိကတော့ လက်ဆေးဖို့ပဲပေါ့နော် လက်ဆေးဖို့ တကယ်နှာစေးချောင်းဆိုးဖြစ်နေတဲ့လူက နှာခေါင်းစည်းတပ်ထားဖို့ ဒါပဲ အဓိက ၂ ချက်ပဲ။ ဒါကို သူတို့နားလည်အောင်ပြောပြလိုက်ရင် လက်ဆေးဖို့ပဲ၊ အဲဒါကြောင့် ကျနော်တို့ရောက်တဲ့နေရာမှာ အဓိက ဆပ်ပြာတွေဝယ်တယ်ပေါ့နော်။ နှာခေါင်းစည်းကတော့ ဖြစ်တဲ့လူတပ်ပါ သူများကိုမကူးအောင် ဒါတွေ လုပ်ပေးနေပါတယ်။

မဆုမွန်။ ။ ရေဘေးသင့်ပြည်သူတွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီး တယောက်အနေနဲ့ ပညာပေးစကားများပြောချင်ပါသလဲ။

ဒေါက်တာဝင်းမြတ်အေး။ ။ပညာပေးစကားကတော့ ဘာပဲဖြစ်ဖြစ် သဘာဝဘေးက ကြိုတင်ကာကွယ်တဲ့ဟာ အကောင်းဆုံးပဲ နောက်ပြီးတော့ သဘာဝဘေးနဲ့ ပတ်သက်ရင် အသိပညာရှိဖို့ အရေးကြီးတယ်။ အဓိကအရေးကြီးတာကတော့ မိုးလေဝသသတင်းကို မှန်မှန်နားထောင်မယ် ကျနေ်ာတို့ကလည်း အမြဲတမ်းပညာပေးတွေလွှင့်နေတယ် ဒါကိုလည်းကြည့်ပါ။

အဓိက တခုခုအကြောင်းရှိရင် ကျနော်တို့ကို တိုက်ရိုက်ဆက်သွယ်ဖို့ ကျနော်တို့ကတော့ အမြဲတမ်းနားစွင့်ပြီးတော့ ကြည့်နေတယ် ဒါပေမယ့်ပြည်သူ့ဘက်ကအသံပေါ့နော့် ၊ ပြည်သူကနေလိုအပ်ချက်ကို အချိန်မရွေးပြောလို့ရအောင်အားလုံးလည်းအလွတ်ရနေပါပြီ ၀၆၇-၄၀၄-၆၆၆၊ ၀၆၇-၄၀၄-၇၇၇ ဒါက ၂၄ နာရီ online အဲဒီဟာကို ကျနော်တို့ အမြဲသတိပေးနေတယ် အဲဒါကို ပြည်သူဘက်ကနေချက်ချင်းရအောင် အဲဒီအချိန်မှာလည်း ကျနော်တို့က အလျှင်အမြန်တုံ့ပြန် ဆောင်ရွက်နေပါတယ်။ ပြည်သူတွေပူးပေါင်းပါဝင်ပေးပါလို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။

မဆုမွန်။ ။ကျေးဇူးအများကြီးတင်ပါတယ် ဆရာဖြေပေးတာ။”

မြန်မာနိုင်ငံတဝှမ်း သိန်းချီနေတဲ့ရေဘေးသင့်ပြည်သူတွေ အဓိကလိုအပ်ချက်တွေနဲ့ပတ်သက်လို့ ဆောင်ရွက်ပေးနေတဲ့ နောက်ဆုံးအခြေအနေတွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG