သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းဘူးမှာ ရေဘေးဒုက္ခသည်တွေ အခက်အခဲရင်ဆိုင်


မင်းဘူး ရေဘေးဒုက္ခသည်
မင်းဘူး ရေဘေးဒုက္ခသည်

အခုတလောမြန်မာပြည်နေရာအနှံ့အပြားမှာ မိုးကြီးနေလို့ ပြည်နယ်နဲ့တိုင်း၉ခုမှာ ရေဘေးအန္တရာယ်ကြုံနေရပါတယ်။ ရေဘေးဒဏ်ကြောင့် လောလောဆယ် သေဆုံးသူ ၂ဦးရှိနေပြီး နိုင်ငံတဝှမ်းရေဘေးသင့်သူပေါင်း ၁သိန်းကျော်ရှိနေပါပြီ။ အာဏာပိုင်တွေဘက်က ကူညီမှုတွေရှိနေတယ်ဆိုပေမဲ့လည်း ထိရောက်အောင်မကူညီနိုင်ပဲဖြစ်နေပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က တင်ပြပါလိမ့်မယ်။

အခုဇူလိုင်လဆန်းကတည်းကစပြီး မြန်မာနိုင်ငံတဝှမ်းမှာ မိုးကြီးနေတာပါ။ မိုးတွေအဆက်မပြတ်ရွာတယ်၊ မြစ်ရေချောင်း ရေတွေမြင့်တက်ပြီးလျှံတယ်။ မြန်မာပြည်အထက်ပိုင်းမှာဆို စစ်ကိုင်းတိုင်း၊ အလယ်ပိုင်းမှာဆို မကွေးတိုင်း၊ အောက်ပိုင်း မှာဆို ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းတွေမှာ ရေဘေးအန္တရာယ်တွေကြုံနေရတာပါ။ လောလောဆယ် နိုင်ငံတဝှမ်း ရေဘေးလွတ်ရာရွှေ့ ပြောင်းနေရတဲ့အိမ်ထောင်စုပေါင်း ၃ သောင်းကျော်ရှိနေပါပြီ။

မကွေး တိုင်းကတော့ ထိခိုက်ပျက်စီးမှုတော်တော်များပါတယ်။ မင်းဘူးဒေသတခုထဲမှာကိုပဲ လူ၅ထောင်လောက်ကို ဘေးလွတ် ရာ ရွှေ့ပြောင်းနေကြရပြီး အဲဒီမှာ ယာယီတဲတွေ ၁ဒါဇင်လောက်နဲ့ ရေဘေးရှောင်နေကြရတာပါ။ရေဘေးဒုက္ခသည်တဦး ကတော့ သူတို့ရဲ့အခက်အခဲကို ရှင်းပြပါတယ်။

“ဒီမှာနေရတာ အဆင်တော့မပြေဘူး။ အဆင်မပြေဘူးဆိုတာက ဒီလိုလေ ရေတက်လာတာနဲ့ မိသားစု စားဝတ်နေရေးလုပ်ရပြုရတာနဲ့ အဲလိုမျိုးတွေ လိုက်လုပ်ရတာပေါ့။”

ရေဘေးကယ်ဆယ်ရေး စခန်းရောက်ဒုက္ခသည်တွေကို အာဏာပိုင် တွေက တဦးကို ကျပ်၄ရာထောက်ပံ့ကြေးပေးပါတယ်။ အစိုးရကပေးတဲ့ ထောက်ပံ့ကြေးနဲ့ မလောက်တာကြောင့် ရပ်တည်ရေးအတွက် ရေဘေးဒုက္ခသည်တွေ နည်းလမ်းမျိုးစုံရှာဖွေနေကြရ ပါတယ်။ လက်တကမ်းမှာရှိနေတဲ့ရေတွေနဲ့ပဲ ဝင်ငွေရအောင်ဘယ်လိုလုပ်နေရသလဲဆိုတာကို ဒုက္ခသည်အမျိုးသမီးတဦးက ရှင်းပြပါတယ်။

“ကိုယ့်မိသားစု စားဖို့သောက်ဖို့အရေးကို ရေလေးကျတော့ ငါးထိုးတယ်၊ တနေ့စာ တနေ့တော့ ကိုယ့်လုပ်အားခလေးနဲ့ ငါးထိုး ပြီးတော့ စားရတယ်။”

ရေဘေးဒဏ်သင့် ပြည်သူတွေ ကျန်းမာရေးမထိခိုက်ရ အောင် ရေသောက်သုံးမှုနဲ့ အစားအသောက်တွေကို သန့်သန့်ရှင်းရှင်းစားသောက်နေ ထိုင်ကြဖို့ အစိုးရကသတိပေး ထားကြပေမဲ့လည်း ရေဘေးဒုက္ခသည်တွေအတွင်း တော်တော်များများ ဖျားနာနေကြပါတယ်။ ဒေသဆိုင်ရာကျန်းမာရေး ဌာနတွေကလည်း လုံလောက်တဲ့ကုသမှုတွေ မပေးနိုင်ကြပါဘူး။ အရန်မီးတပ်ဖွဲ့ကလည်း ရေဘေးမှာဝင်ကူနေရပါတယ်။ ရေဘေးဒုက္ခသည်ယာယီစခန်းတွေဖွင့်တဲ့ ပထမဆုံးရက်မှာကိုပဲ နေမကောင်းဖြစ်သူ၃၀ လောက်ရှိနေတယ်လို့ မီးသတ် အရာရှိတဦးကပြောပါတယ်။

“ဒီအနောက်ဘက် အမှတ်၃ ရပ်ကွက်မှာဆိုရင် ပထမနေ့ ကျနေ်ာတို့ စစ်တာမှာ ၃၀ လောက်လာပြတာပေါ့ ဆေးခန်းဖွင့်ပြီးပြီးခြင်း၊ ကိုယ်ပူတယ်ပေါ့ ရိုးရိုး အအေးပတ်လို့ ဖျားတာတွေ တုပ်ကွေး ဒီလောက်ပဲရှိတယ်။”

မြန်မာ့ မိုးလေဝဌာနကတော့ မိုးရွာသွန်းမှုတွေ နိုင်ငံတဝှမ်းမှာ ဆက်ရှိနေလိမ့်ဦး မယ်လို့ပြောထားပါတယ်။ ဒီအတိုင်းဆိုရင် ရေကြီးမှုတွေပိုပြီးဆိုးလာမယ် ရေကြီးမှု ကြောင့်ဖြစ်ပေါ်လာမယ့် ရောဂါပျံပွါး မှုတွေအတွက် ပိုပြီးစိုးရိမ်လာရမယ့်သဘောဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG