ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းထဲက ဒေသတချို့မှာ နောက် ၃ရက် အတွင်း မြစ်ရေဟာ စိုးရိမ်ရေမှတ် အထက်မှာပဲ ရှိမှာဖြစ်တာကြောင့် မြစ်ကမ်းနံဘေးနဲ့ မြေနိမ့်ပိုင်းတွေမှာ နေထိုင်သူတွေ အနေနဲ့ သတိ ထားကြဖို့ မိုးဇလဌာနက နှိုးဆော်လိုက်ပါတယ်။ အခုနှစ် ဇူလိုင်လဆန်းပိုင်း ကနေစပြီး မြစ်ရေကြီးမှု ကြောင့် မြန်မာနိုင်ငံမှာ ရေဘေးသင့် ပြည်သူ ၁သိန်း၂သောင်းလောက် ရှိနေပါပြီ။ သတင်း အပြည့်အစုံ ကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။
ဧရာဝတီမြစ်၊ စစ်တောင်းမြစ်၊ ငဝန်မြစ်နဲ့ တိုးမြစ်တို့မှာ မြစ်ရေတိုးနေတာကြောင့် ဧရာဝတီတိုင်း ဒေသ ကြီးနဲ့ ပဲခူးတိုင်းဒေသကြီးထဲက ဒေသတချို့မှာ နောက်၃ရက်အတွင်း မြစ်ရေဟာ စိုးရိမ်ရေမှတ်ကို ကျော် လွန်နေမှာဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒုညွှန်ကြားရေးမှူးချုပ် ဒေါက် တာ ကျော်မိုးဦး ပြောပါတယ်။
“ဒီကနေ့ နေ့ခင်းတိုင်းတာချက်အရဆိုရင် ဧရာဝတီမြစ်ရေဟာ ဟင်္သာတမြို့မှာ ၂ ပေခန့်ပေါ့နော် ဇလွန်မြို့မှာတော့ ၁ ပေခွဲလောက်စိုးရိမ်ရေမှတ်အထက်မှာ ရောက်နေတယ်ပေါ့နော်။ သူကတော့ ဒီကနေ့တော့ အနည်းငယ်စပြီးတော့ ကျနေပြီ ၊ ဒါပေမယ့် သူက အကျနှေးတယ်ပေါ့နော် ။ အဲလိုပဲ စစ်တောင်းမြစ် မဒေါက် မှာတော့ သူက စိုးရိမ်ရေမှတ်ထက်ကို ၂ ပေခွဲလောက်ကျော်နေတယ်ပေါ့နော်။ မဒေါက် မှာတော့ ၂ ပေခွဲအပြင် နောက်၂ ရက်မှာတော့ ပေဝက်လောက်ဆက်ပြီးတော့ တက်နိုင်တယ် သူကလည်း စိုးရိမ်ရေမှတ်ထက်မှာဆက်ရှိမယ့်အနေအထားပေါ့နော် ။ အဲလိုမျိုးပဲ ငဝန်မြစ်ရေပေါ့နော် ငါးသိုင်းချောင်းမှာ ၁ ပေခွဲလောက်ကျော်လွန်ပြီးတော့ ရောက်ရှိနေတယ်။ ဒီ ၃ ရက်အတွင်းမှာတော့ ငါးသိုင်းချောင်းနဲ့ တာဝမှာပေါ့နော် ပေဝက်လောက်ဆက်ပြီးတော့ တက်နိုင်တဲ့အနေအထားတွေရှိတယ်။ အဲလိုမျိုးပဲ တိုးမြစ်ရေကတော့ မအူပင်မှာ ပေဝက်ခန့် စိုးရိမ်ရေမှတ်ထက်ကိုကျော်နေတယ်ပေါ့နော်။”
အဲ့ဒီဒေသတွေမှာ နှစ်စဉ်နှစ်တိုင်း မြစ်ရေကြီးမှုရဲ့ နောက်ဆက်တွဲ အန္တရာယ်တွေ ကြုံတွေ့နေတာမို့ မြစ် ကမ်းနံဘေးနဲ့ မြေနိမ့်ပိုင်းတွေမှာ နေထိုင်သူတွေအနေနဲ့ အထူးဂရုပြုကြဖို့လည်း ဒေါက်တာ ကျော်မိုးဦး က တိုက်တွန်းပါတယ်။
“အဓိကတော့ ဒီစိုးရိမ်ချက်ကို ကျနော်တို့ လက်ရှိဒေသမှာရှိတဲ့ ပြည်သူတွေအနေနဲ့ပေါ့နော် အခုကတော့ မြစ်ရေကြီးတာက နှစ်စဉ်နှစ်တိုင်းလိုလို ကြုံတွေ့နေတဲ့အနေအထားမျိုးတော့ရှိတယ်ပေါ့နော်။ အဓိကတော့ သဘာဝဘေးဆိုတာကို ကျနော်တို့ တားဆီးလို့ မရဘူးပေါ့နော်။ ဒီသဘာဝဘေးကို ဘယ်လို ကြံကြံခံ ရင်ဆိုင်နိုင်မလဲ ၊ ဒါမှမဟုတ် ဒီဟာကို ဘယ်လိုလျော့ပါးအောင်လုပ်မလဲဆိုတဲ့အသိပညာတွေပေါ့နော် များများရှိဖို့လိုပါတယ်။ အဓိကတော့ ဒီရေဝင်ရောက်မှုရှိလာရင် စိုးရိမ်အမှတ်ကျော်လာရင် ဒေသမှာရှိတဲ့ ပြည်သူတွေအနေနဲ့ မြစ်နား ကမ်းနားတွေမှာ ပြိုတာတွေ ဖြစ်လာနိုင်တဲ့အတွက်ကြောင့် ဒေသမှာအုပ်ချုပ်တဲ့ ကျေးရွာသဘာဝဘေးကော်မတီတွေရဲ့ လမ်းကြောင်းအတိုင်းဆောင်ရွက်ဖို့လိုတယ်လို့ ကျနော့်အနေနဲ့ ပြောလိုပါတယ်။”
ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်၊ သံလွင်မြစ် ရေကြီးမှုကြောင့် ဇူလိုင်လ ၁ရက်နေ့ကနေစပြီး မြန်မာနိုင်ငံမှာ ရေဘေးသင့်ပြည်သူ စုစုပေါင်း ၁သိန်း ၂သောင်းအထိရှိပြီး ၂ဦး သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန် လည်နေရာချထားရေးဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာကိုကိုနိုင်က အခုလိုပြောပါတယ်။
“အခုက ကျနော်တို့ ဘာကျန်နေသေးသလဲဆိုတော့ ဧရာဝတီမှာ နည်းနည်းကျန်တယ်။ နောက်ပြီးတော့မှ ပခုက္ကူမှာကျန်တယ်။ မနေ့ကတော့ ကျိုက်ထိုကတော့ စကျနေပြီ။ စစ်ကိုင်းမှာဆိုမရှိတော့ဘူးပေါ့နော်။ မကွေးဘက်မှာနည်းနည်းရှိသေးတယ်။ ပဲခူးဘက်မှာ လည်းစတော့ ကျနေပြီပေါ့နော်။ ဒီနေ့အထိ ဇူလိုင်၁ ရက်နေ့ကစပြီးတော့ တွက်လာတာမှာ အခုလူဦးရေက ၁ သိန်း ၂ သောင်းရှိတယ်။ ၂ယောက်သေတယ် စခန်းပေါင်း ၁၄၆ခု ဖွင့်ခဲ့ရတယ်။”
အခုနှစ်အတွင်း မကွေးတိုင်းမှာ ရေကြီးမှုဒဏ် အဆိုးဝါးဆုံး ခံစားခဲ့ရတာဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ ရေကြီး ရေလျှံမှု ကြုံတွေ့ခဲ့ရတာလဲ ဖြစ်ပါ တယ်။ မြန်မာပြည်ဟာ သဘာဝဘေးအန္တရာယ် အများဆုံး ရင်ဆိုင်နေရတဲ့ ကမ္ဘာ့နိုင်ငံတွေ စာရင်းမှာ ထိပ်ဆုံးကပါဝင်နေတာမို့ လက်ရှိ NLD အစိုးရလက်ထက်မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုကို အဓိက ဦးစားပေး မူဝါဒအဖြစ် ချမှတ်ဆောင်ရွက်သွားမယ် လို့ ပြီးခဲ့တဲ့ရက်ပိုင်းက နယူးယောက်မြို့ မှာ လုပ်တဲ့ သယံဇာတနဲ့ ဘေးအန္တရာယ်များဆိုင်ရာ ကုလသမဂ္ဂ အထူးအစည်းအဝေးမှာ မြန်မာအစိုးရ ခေါင်းဆောင်တွေက ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။