သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့သစ်တောအားလုံးကို ကုလ မှတ်တမ်းပြုစုမည်


ပဲခူးရိုးမ တနေရာ
ပဲခူးရိုးမ တနေရာ

(Zawgyi/unicode)

မြန်မာ့သစ်တော အားလုံးကို ပထမဆုံး အကြိမ်အဖြစ် လေ့လာ မှတ်တမ်းတင်ထားရှိမယ့် ၅ နှစ် စီမံကိန်းတစ်ရပ်ကို စတင်တော့မှာ ဖြစ်တယ်လို့ ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။

ယူရိုငွေ ၈ သန်း အသုံးပြုသွားမယ့် မြန်မာနဲ့ ဖင်လန်နှစ်နိုင်ငံ ပူးတွဲ စီမံကိန်းကို ဒီ သီတင်းပတ်ထဲ စတင်ခဲ့တာ ဖြစ်ပြီး သစ်တော မျိုးစုံကို လေ့လာ စောင့်ကြည့်သွားမှာ ဖြစ်သလို ဥတုရာသီ ပြောင်းလဲမှုနဲ့ ကမ္ဘာကြီး ပူနွေးလာမှုကို တုံ့ပြန်ရာမှာ မြန်မာနိုင်ငံ အကူအညီ ရစေဖို့ လည်း ရည်ရွယ်ထားပါတယ်။ ဒီစီမံကိန်းကနေ ပဋိပက္ခဖြစ်ပွားရာ နယ်မြေတွေထဲက သစ်တောတွေကို စောင့်ကြည့်ကာကွယ်ဆိုင်ရာ အခြေခံ လမ်းညွှန်ချက်တွေ ရေးဆွဲသွားဖို့လည်း ရည်ရွယ်ထားတယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) က ပြောပါတယ်။

လူအတော်များများ အတွက်တော့ မြန်မာနိုင်ငံဟာ မသိတာတွေ အများကြီး ရှိသေးတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံအတွင်း မတိုင်းတာရသေးတဲ့ သစ်တောကြီးတွေ ရှိနေသေးတယ်လို့လည်း ဒီ စီမံကိန်းကို စီမံ ခန့်ခွဲမယ့် FAO အဖွဲ့က Julian Fox က ရိုက်တာသတင်းကို ကြာသပတေးနေ့က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကျေးလက်နေ ပြည်သူတွေရဲ့ ၇၀ ရာခိုင်နှုန်းက ခန့်မှန်းခြေ ဧက ၇၂ သန်း ရှိတဲ့ မြန်မာ့သစ်တောတွေအပေါ် မှီခို နေထိုင်နေ ကြရတာပါ။

ဒါပေမဲ့ စိုက်ပျိုးမြေ ချဲ့ထွင်မှုတွေနဲ့ သစ်ထုတ်လုပ်တာကြောင့် မြန်မာနိုင်ငံဟာ ဘရာဇီလ်းနဲ့ အင်ဒိုနီးရှားနိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ သစ်တော ပြုန်းတီးမှု တတိယ အများဆုံးနိုင်ငံ ဖြစ်တယ်လို့လည်း ရိုက်တာ သတင်းက ပြောပါတယ်။

အခု စတင်ခဲ့တဲ့ စီမံကိန်းအရ သစ်တောတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အသေးစိတ်ဖြစ်တဲ့ သစ်ပင်နဲ့ မြေဆီလွှာ အမျိုး အစားတွေကို လေ့လာသွားမှာဖြစ်တယ်လို့လည်း FAO အရာရှိ Julian Fox က ပြောပါတယ်။

စီမံကိန်းကို ပဋိပက္ခကင်းတဲ့နေရာတွေမှာ စတင်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနယ်စပ်က သစ်တောတွေ ကိုပါ လေ့လာသွားမှာ ဖြစ်ပါတယ်။ ခေတ်မီ လေဆာနည်းနဲ့ တိုင်းတာတဲ့ ကရိယာတွေကို အသုံးပြုသွားမှာ ဖြစ်ပြီး သစ်တော နမူနာ ပစ္စည်းတွေ ကောက်ယူ စုဆောင်း မှာ လည်း ဖြစ်ပါတယ်။ ရရှိတဲ့ သတင်းအချက်အလက်တွေကို အများသိအောင် ထုတ်ပြန်သွားမှာ ဖြစ်လို့ အစိုးရရသာမက ဒေသတွင်း တိုင်းရင်းသား အုပ်စုတွေကလည်း သစ်တောတွေကို ပိုကောင်းမွန်တဲ့နည်းနဲ့ စီမံခန့်ခွဲနိုင်လိမ့်မယ် လို့လည်း Julian Fox က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


.............

(unicode)








XS
SM
MD
LG