သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့သစ်တော ပြုန်းတီးမှုနဲ့ ပြန်လည်ထိန်းသိမ်းရေး


စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ဝန်းသိုမြို့တွင် သစ်လုံးများကို သယ်ယူပို့ဆောင်ခြင်းမပြုခင် အမှတ်အသားလုပ်နေကြသည့် ဝန်ထမ်းများ။ ၂၇ ဇွန် ၂၀၁၈။
စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ဝန်းသိုမြို့တွင် သစ်လုံးများကို သယ်ယူပို့ဆောင်ခြင်းမပြုခင် အမှတ်အသားလုပ်နေကြသည့် ဝန်ထမ်းများ။ ၂၇ ဇွန် ၂၀၁၈။

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ သစ်တောဖုံးလွှမ်းထားတဲ့ ဧရိယာ အကျယ်အဝန်း ၄၇ ရာခိုင်နှုန်း ရှိပြီး စိုးရိမ်စရာကောင်းတဲ့နှုန်းနဲ့ သစ်တောတွေ ပြုန်းတီးလာနေတယ်လို့ သိပ္ပံစာစောင်တခုမှာ ဖော်ပြထားပါတယ်။ စိုက်ပျိုးရေးနိုင်ငံတခုဖြစ်တဲ့ မြန်မာအတွက်တော့ သစ်တောတွေဟာ နိုင်ငံရဲ့ စီးပွားရေးနဲ့ ဥတုရာသီအတွက် သိပ်ကိုအရေးပါပါတယ်။ ဒါကြောင့်လည်း သစ်တောတွေ ထိန်းသိမ်းဖို့နဲ့ သစ်တောပြုန်းတီးမှုကို ကာကွယ်တားဆီးဖို့အတွက် နိုင်ငံအကာ အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းက ဒေသခံပြည်သူလူထုတွေနဲ့ ပူပေါင်းလုပ်ကိုင်တာမျိုးလည်း ရှိနေသလို ဥတုရာသီပြောင်းလဲမှုကို တနိုင်တပိုင်အားနဲ့ ကိုယ်ထူကိုယ်ထ လုပ်နေကြတဲ့ ပြည်သူတွေလည်း ရှိပါတယ်။ အပြည့်အစုံကို နန်းလောင်ဝ်က တင်ပြထားပါတယ်။

ဥတုရာသီ ပြောင်းလဲဖောက်ပြန်မှုကို ဖြေရှင်းဖို့ အဖြေရှာတဲ့နေရာမှာ အကုန်အကျသက်သာပြီး ထိရောက်မှုရှိတဲ့နည်းကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို စုပ်ယူပေးထားတဲ့ သစ်ပင်တွေစိုက်ဖို့၊ သစ်တောပြုန်းတီးမှု ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဖို့လည်း တခုအပါအဝင် ဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် MDPI အဖွဲ့က ၁၉၈၈ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်ကြား မြန်မာ့သစ်တောပြုန်းတီးမှုနဲ့ သစ်တောပြုန်းတီးမှု ဖြစ်လာစေတဲ့ အကြောင်းရင်းတွေကို ဂြိုဟ်တုဓာတ်ပုံတွေနဲ့ စနစ်တကျ စစ်တမ်းကောက်ယူထားတာပါ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ရော ဒေသအလိုက်ပါ ခွဲပြီးကောက်ယူထားတဲ့ MDPI ရဲ့ ၂၀၁၉ မေလထုတ် စာတမ်းမှာတော့ စိုက်ပျိုးမြေ ချဲ့ထွင်နေကြတဲ့ အချက်က မြန်မာ့သစ်တောတွေ ပြုန်းတီးနေရတဲ့ အဓိကအကြောင်းရင်းတခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ မြန်မာ့သစ်တောတွေဟာ ဝ.၈၇ ရာခိုင်နှုန်းနဲ့ နှစ်စဉ် ပြုန်းတီးလာနေတယ်လို့လည်း စာတမ်းမှာ ထောက်ပြထားပါတယ်။ သစ်တောတွေ ပြုန်းတီးမှုကြောင့် တောတောင်တွေကို မှီခိုနေရတဲ့ လူမှုအသိုင်းအဝိုင်းရဲ့ စားဝတ်နေရေးအပေါ် ထိခိုက်နေရတယ်လို့လည်း ဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား အလုံအလောက် မဖြန့်ဖြူးပေးနိုင်သေးသလို မီတာခတွေလည်း ဈေးများတဲ့အတွက် ကျေးလက်နေ ပြည်သူလူထုတွေကတော့ ချက်ပြုတ်ရေးအတွက် ထင်းနဲ့ မီးသွေးတွေကိုပဲ ဆက်ပြီး အသုံးပြုနေကြတာပါ။ မြန်မာနိုင်ငံရဲ့ သဘာ၀ သယံဇာတနဲ့ ဇီဝဂေဟစနစ် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ကုလသမဂ္ဂ အပါအဝင် NGO တွေနဲ့ လူမှုရေးအဖွဲ့အစည်း အတော်များများ လုပ်ကိုင်နေကြတဲ့ထဲမှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်း (FAO) လည်း ပါဝင်ပါတယ်။ ဒေသခံ တောင်သူလယ်သမားတွေကို ကူညီပံ့ပိုးပေးနေတဲ့ FAO ရဲ့ Forest and Farm Facility အဖွဲ့နဲ့ ပူးတွဲလုပ်ကိုင်နေတဲ့ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ထဲက အိုးဖုတ်လုပ်ငန်း လုပ်ကိုင်နေတဲ့ ညောင်ဘိုရွာခံ ဦးထွန်းလေးက ရွာပိုင် ထင်းစိုက်ခင်းအကြောင်း ခုလိုရှင်းပြပါတယ်။

“ကျနော်တို့ ဒီ FFF အဖွဲ့နဲ့ သစ်တောဌာန အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာပိုင်ဥက္ကဋ္ဌနဲ့ပေါ့ လက်တွဲပြီးတော့ လုပ်နေပါတယ်။ ထင်းရရှိရေးပေါ့၊ တရွာလုံးလည်း ပါဝင်နေပါတယ်။ ဒီစီမံကိန်းကတော့ ကျေးရွာပိုင်သစ်တောပေါ့။ ထင်းရရှိရေး၊ ကျနော်တို့အတွက်ပေါ့။ နောက်ပြီးတော့ အရင်တုန်းကတော့ ကိုယ်ပိုင် သူပိုင် မရှိဘူးလေ။ သစ်ပင်တွေကို ခုတ်ချင်သလို ခုတ်နေကြတာပေါ့။ အခု ကျနော်တို့ရွာအနေနဲ့ သစ်ပင်စိုက်ခင်းတွေကို ကိုယ့်ပိုင်ရွာဆိုပြီးတော့ သတ်မှတ်ထားတာပေါ့။ အဲဒါကြောင့် ရွာကလည်း မခုတ်တော့ဘူးပေါ့။”

မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင်တော့ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ ရန်ကုန်တိုင်းတွေမှာ သစ်တောပြုန်းတီးမှု အခြေအနေ အတော်ဆိုးနေတယ်လို့လည်း MDPI ရဲ့ သိပ္ပံစာစောင်မှာ ဖော်ပြထားပါတယ်။ ကချင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာတော့ သစ်တောဧရိယာတွေ အများအပြား ကျန်နေသေးသလို စီးပွားရေး ဖွံ့ဖြိုးတိုးတက်ပြီး လူနေထူထပ်တဲ့ မြေနိမ့်ပိုင်းဒေသတွေမှာတော့ သစ်တောပြုန်းတီးမှု အခြေအနေ သိပ်ဆိုးနေတယ်လို့လည်း ဆိုထားတာပါ။ FAO ရဲ့ ပံ့ပိုးမှုနဲ့ သစ်တောထိန်းသိမ်းရေးအတွက် လုပ်ကိုင်နေတဲ့ အင်းလေးဒေသ၊ ဆန်ကာရွာခံ ကျွန်းစိုက်တောင်သူ ဦးမြင့်အောင်ကတော့ ကော်မတီဖွဲ့ပြီး မြေယာနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်နေတာပါ။

“ကျနော်တို့ကလည်း သစ်တော၊ ကျွန်းတော၊ သဘာဝတောကို ထိန်းသိမ်းခြင်းအားဖြင့် သဘာ၀၀န်းကျင်နဲ့ သယံဇာတ ပြုန်းတီးမှုကို ကာကွယ်တဲ့အနေနဲ့လည်း တကြောင်း၊ နောက်ပြီးတော့မှ ရာသီဥတု မဖောက်ပြန်အောင် ကာကွယ်ထားတာလည်း တကြောင်းပေါ့ဗျာ။ နောက်ပြီး ပြောင်းခင်း၊ စိုက်ခင်းတွေ မတိုးချဲ့အောင်လည်း ကျနော်တို့ ကော်မတီဖွဲ့ပြီးတော့မှ အစဉ်တစိုက် စည်းကမ်းတရှိ ထိန်းသိ်မ်းထားတာလည်း ဖြစ်တယ်။”

ဥတုရာသီ ပြောင်းလဲဖောက်ပြန်မှုကြောင့် အပူချိန်မြင့်တက်လာတဲ့ဒဏ်ကို ရင်ဆိုင်နေရတဲ့ မကွေးတိုင်း ချောက်မြို့မှာတော့ စေတနာ့ဝန်ထမ်းတွေ၊ အရန်မီးသတ်တပ်ဖွဲ့တွေနဲ့ ချောက်မြို့သူမြို့သားတွေက သူတို့နိုင်တဲ့ဝန်နဲ့ သစ်ပင်တွေ စိုက်ပျိုးနေကြတာပါ။ ချောက်မြို့က အပူချိန်လျှော့ချရေးနှင့် သစ်ပင်စိုက်ပျိုး ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကို ဦးဆောင်လုပ်ကိုင်နေတဲ့ ကိုမိုးကျော်က သူတို့ရဲ့ရည်ရွယ်ချက်ကို ခုလိုရှင်းပြပါတယ်။

“ကျနော်တို့ ချောက်မြို့သည် မြန်မာပြည်မှာ နွေရာသီရောက်လို့ရှိရင် အပူဆုံးမြို့ ဖြစ်တဲ့အတွက် ကျနော်တို့က ရာသီဥတုကို ပြောင်းလဲဖို့ပေါ့၊ ကျနော်တို့အနေနဲ့ တာဝန်ရှိတယ်ပေါ့၊ ကျနော်တို့မျိုးဆက်မှာ တာဝန်ရှိတယ်ဆိုပြီး ကျနော်တို့က အဲဒါကြောင့် စပြီး စိုက်ဖြစ်တာပေါ့။ အဝေးရောက် ချောက်သူ ချောက်သားများ အသင်းရယ်၊ ရန်ကုန်က ရုပ်ရှင်အစည်းအရုံးရယ် အားလုံးပါဝင်တာပေါ့။ အဲဒါကြောင့်မို့လို့လည်း ကျနော်တို့ စိုက်ဖြစ်သွားတယ်ပေါ့။ ကျနော်တို့ မှန်းထားတာကတော့ ပထမတော့ တနိုင်တပိုင် အပင် ၅၀၀ လောက်ပဲ စိုက်ဖို့ မှန်းထားပေမယ့် နောက်တော့ အစုအဖွဲ့က အားကောင်းလာတော့ ကျနော်တို့ အပင် ၅၀၀၀ ကျော်ကျော် စိုက်ဖြစ်သွားတယ်။ သင်္ဂဟ ဖောင်ဒေးရှင်းကနေပြီးတော့လည်း သူတို့လည်း စိုက်ပေးမယ်ဆိုပြီးတော့ သူတို့ဘာသာ သူတို့ငွေကြေးနဲ့ နောက်ထပ် အပင် ၂၀၀၀ စိုက်ပေးပါတယ်။”

အနာဂတ်မျိုးဆက်တွေအတွက် ရှေ့ဆောင်လမ်းပြအဖြစ်နဲ့ သူတို့စိုက်ထားတဲ့ သစ်ပင်တွေ ရှင်သန်ကြီးထွားလာတဲ့အထိ ဆက်လုပ်သွားဖို့ အခိုင်အမာ ဆုံးဖြတ်ထားပါတယ်လို့လည်း ကိုမိုးကျော်က ပြောပါတယ်။

ဥတုရာသီ ပြောင်းလဲမှုကြောင့် ကမ္ဘာကြီးပူနွေးပြီး ဆိုးရွားပြင်းထန်တဲ့ သဘာဝဘေးအန္တရယ်ရဲ့ ဒဏ်ကို ကမ္ဘာတဝှမ်း ရင်ဆိုင်နေရတဲ့ အချိန်မှာပဲ ကုလသမဂ္ဂကလည်း ၇၅ နှစ်ပြည့် #UN75 လှုပ်ရှားမှုကို စတင်လိုက်တာမှာ လူတိုင်းလိုက်နာသင့်တဲ့ အချက် ၃ ချက်ကို ကနဦး မိတ်ဆက်လိုက်ပါတယ်။ ကမ္ဘာကြီးကို ကယ်တင်နိုင်ရေးအတွက်ဆိုပြီး ကုလသမဂ္ဂက အကြံပြုသွားတဲ့ နံပါတ်တစ်အချက်က INVEST in nature သဘာ၀၀န်းကျင်ကို ထိခိုက်မှုမရှိအောင် ရင်းနှီးမြှုပ်နှံဖို့၊ နံပါတ်၂ ကတော့ CHANGE our habits သဘာဝရင်းမြစ်တွေ အလဟဿ ဖြစ်စေတဲ့ အပြုအမူတွေ ပြောင်းလဲပစ်ဖို့နဲ့ နောက်ဆုံး နံပါတ်၃ အချက်ကတော့ LISTEN to young people လူငယ်တွေ တောင်းဆိုနေတဲ့ အသံကို နားထောင်ပြီး နိုင်ငံခေါင်းဆောင်တွေအနေနဲ့ အပြောလျှော့ပြီး အလုပ်ပိုလုပ်ဖို့ တိုက်တွန်းသွားကြဖို့ဆိုပြီး အကြံပြု တိုက်တွန်းသွားတာ ဖြစ်ပါတယ်။

------------------------------------

(Unicode)












တိုက်ရိုက် လင့်ခ်


XS
SM
MD
LG