သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလစားနပ်ရိက္ခာ အစီအစဉ် ရခိုင်ပြည်နယ်ကို ဝင်ခွင့်ရ


ရခိုင်ပြည်နယ် မူဆလင်ဒုက္ခသည်စခန်းတွင်း ရိက္ခာထောက်ပံ့ရေး ဆန်ဝေနေစဉ်။ (သတင်းဓာတ်ပုံ D. Schearf/VOA)
ရခိုင်ပြည်နယ် မူဆလင်ဒုက္ခသည်စခန်းတွင်း ရိက္ခာထောက်ပံ့ရေး ဆန်ဝေနေစဉ်။ (သတင်းဓာတ်ပုံ D. Schearf/VOA)

နိုင်ငံတကာအကူအညီတွေဝင်ရောက်ခွင့် ပိတ်ပင်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကုလသမဂ္ဂက ပုံမှန် ထောက်ပံ့နေတဲ့ စားနပ်ရိက္ခာအကူအညီပေးရေးအစီစဉ်ကို ပြန်လည်စတင်ဖို့ မြန်မာအစိုးရ ဘက်က ခွင့်ပြုလိုက်ကြောင်း ကုလသမဂ္ဂလက်အောက်ခံ WFP က မနေ့က ပြောကြားလိုက်ပါတယ်။ ဒါပေမယ့်လည်း အကူအညီပေးရေး လုပ်ငန်းတွေ လက်တွေ့ စတင်နိုင်ဖို့ နှစ်ဖက် အသေးစိတ် ဆွေးနွေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ မအင်ကြင်းနိုင်က အသေးစိတ်ပြောပြမှပါ။

သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ တကြော့ပြန်ဖြစ် လာပြီးနောက် အဲဒီဒေသမှာ နိုင်ငံတကာရဲ့ ကူညီထောက်ပံမှုတွေကို မြန်မာအစိုးရက ပိတ်ပင်ခဲ့တဲ့အတွက် ပြန်ပြီးခွင့်ပြုဖို့ ကုလသမဂ္ဂက တစိုက် မတ်မတ်တောင်းဆိုခဲ့တာပါ။

အခု ၂ လကြာမြင့်ပြီးနောက် မြန်မာအစိုးရနဲ့ ကုလသမဂ္ဂကြား ညှိုနှိုင်း ဆွေးနွေးမှုရလာဒ်အဖြစ် စားနပ်ရိက္ခာတွေ ထောက်ပံဖို့ မြန်မာဘက်က ခွင့်ပြုလိုက်ကြောင်း မနေ့ သောကြာနေ့က ဂျီနီဗာ ကုလသမဂ္ဂမှာ ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ပြောခွင့်ရအမျိုးသမီး Bettina Luescher က အခုလိုပြောပါတယ်။

"ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ WFP ရဲ့ စားနပ်ရိက္ခာ ပုံမှန်ထောက်ပံမှုအစီအစဉ်ကို ပြန်ပြီးစတင်ဖို့ ခွင့်ပြုလိုက်ပါပြီ။ အသေးစိတ်ဆောင်ရွက်ဖို့ မြန်မာအစိုးရနဲ့ ကျမတို့ ပူးပေါင်းဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့် သတိထားဖို့ ကျမပြောချင်တာက အသေးစိတ်လုပ်ရမှာတွေ၊ ဆွေးနွေးရမှာတွေက အများကြီး ရှိနေပါသေးတယ်။"

ဘယ်အချိန်လောက် လက်တွေ့စတင် ထောက်ပံခွင့်ရမလဲဆိုတဲ့ သတင်းထောက်တဦးရဲ့ မေးခွန်းကိုတော့-

"အချိန်နဲ့ ပတ်သက်လို့တော့ ကျမတို့ မသိရသေးပါဘူး။ ဒါကြောင့် စားနပ်ရိက္ခာ ထောက်ပံဖို့ ဘယ်အချိန်မှာ စတင်လုပ်နိုင်သလဲ၊ ဘယ်လိုလုပ်ရမလဲဆိုတာကို ကျမတို့ မြန်မာအစိုးရနဲ့ ဆွေးနွေးနေပါတယ်။"

ဒီမတိုင်ခင်ကပဲ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတွေရော မွတ်စလင်တွေ ပါတဲ့ လူပေါင်း ၁၁၀,၀၀၀ အတွက် WFP က စားနပ်ရိက္ခာထောက်ပံ့ခဲ့ပါတယ်။

WFP အနေနဲ့ ပိတ်ပင်ထားတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းကလွဲပြီး ကျန်တဲ့ ရခိုင်ဒေသတွေမှာ ပုံမှန် စားနပ်ရိက္ခာထောက်ပံ့မှုအစီအစဉ်တွေ ရှိနေဆဲဖြစ်ပြီး မကြာသေးခင်ကပဲ ရခိုင်ပြည်နယ် အလယ်ပိုင်းက လူပေါင်း ၁၄၀,၀၀၀ အတွက် စားနပ်ရိက္ခာတွေ ထောက်ပံခဲ့ပါတယ်။

မနေ့က ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲအတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထပ်မံရောက်ရှိလာခဲတဲ့ ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်လို့ သူတို့ဆောင်ရွက်ပေးနေတာတွေကို UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး ပြောခွင့်ရ Babar Baloch က အခုလို ပြောသွားပါတယ်။

"အသစ်ရောက်ရှိလာတဲ့ ဒုက္ခသည် ၁,၇၀၀ လောက်ကိုဘင်္ဂလားဒေ့ရှ် အရှေ့တောင်ဘက် အစိုးရက အသစ် ချပေးထားတဲ့ နေရာဘက်ကို UNHCR ကနေ ရွှေ့ပြောင်းပေးခဲ့ပါတယ်။ လက်ရှိ Kutupalong ဒုက္ခသည်စခန်းမှာ လူတွေအလွန်အမင်းများပြားနေတာကို လျော့ချတဲ့အနေနဲ့ ဖြစ်ပြီး နောက်သတင်းပတ်တွေအတွင်း သူတို့အတွက် တဲအိမ်တွေကို အဲဒီနေရာမှာ တည်ဆောက်ပေးမှာဖြစ်ပါတယ်။"

ဒါအပြင် ဒီဒုက္ခသည်တွေဟာ အသစ်ရောက်လာတဲ့ သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေထဲက ဖြစ်ပြီး သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုရောက်ဖို့ သတင်း တပတ်ကြာအောင် လမ်းလျှောက်ခဲ့ကြတာဖြစ်တယ်လို့ Babar Baloch ကဆိုပါတယ်။ ပြီးခဲ့တဲ့ သတင်းပတ်က သူတို့ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ ဝင်ခွင့်မပေးခင် နယ်စပ်က ရွာ လယ်ကွင်းပြင်တွေမှာ ၄ ရက်ကြာ စောင့်ဆိုင်းခဲ့ကြသူတွေဖြစ်ပါတယ်။

ထပ်ပြီးရောက်လာတဲ့ ဒုက္ခသည်တွေကို လက်ခံဖို့ ဧကပေါင်း ၃၀၀၀ အကျယ်ရှိတဲ့ နေရာသစ်ကိုဘင်္ဂလားဒေ့ရှ်အစိုးရက သတ်မှတ်ခွင့်ပြုထားပြီး အဲဒီဘက်ကို ဒုက္ခသည်ပေါင်း ၅,၀၀၀ ပြောင်းရွှေ့နေချထားပေးဖို့ UNHCR ကစီစဉ်နေပါတယ်။သြဂုတ်လ ၂၅ ရက်နောက်ပိုင်းရောက်ရှိလာတဲ့ ဒုက္ခသည်အရေအတွက် လက်ရှိ ခန့်မှန်းခြေ စုစုပေါင်း ၆၀၅,၀၀၀ ရှိသွားပြီဖြစ်ကြောင်း Babar Baloch ကဆိုပါတယ်။

ဒီသတင်းပတ်တွေအတွင်း နောက်ထပ်ရောက်လာတဲ့ ဒုက္ခသည်တွေထဲမှာ ရိုဟင်ဂျာ ကလေးပေါင်း ၆၀,၀၀၀ နီးပါးလောက်ရှိနေပြီး အဲဒီထဲက ၂,၀၀၀ လောက်ဟာ အစာအဟာရ ချို့တဲ့မှုကြောင့်သေလုနီးပါး ဝေဒနာခံစားနေရပြီး နောက်ထပ် ၇,၀၀၀ လောက်ဟာလဲ အတော်လေး အစာအဟာရ ချို့တဲ့နေကြောင်းUNICEF ကမ္ဘာ့ကလေးများရံပုံငွေအဖွဲ့ ပြောခွင့်ရအမျိုးသမီး Marixie Mercado ကလည်း သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG