မဏီပူရီ ခွဲထွက်သူပုန် ၅ ဦးကို အိန္ဒိယဘက် မြန်မာလွှဲပေး
{{Zawgyi/Unicode}}
အိန္ဒိယအရှေ့မြောက်ပိုင်း မြန်မာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ဒေသမှာ လှုပ်ရှားနေတဲ့ အိန္ဒိယသူပုန်အဖွဲ့က အဖွဲ့ဝင် ၅ ဦးကို မြန်မာအာဏာပိုင်တွေက အိန္ဒိယအစိုးရကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ကြာသပတေးနေ့မှာ ပြောပါတယ်။
မဏီပူဒေသကို အိန္ဒိယကနေ ခွဲထွက်ဖို့ ၁၉ ၇၈ ခုနှစ်ကစပြီး အိန္ဒိယအစိုးရနဲ့ တိုက်နေတဲ့ PLA ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့က အဖွဲ့ဝင် ၅ ဦးကို အိန္ဒိယလေတပ်ကလေယာဉ်နဲ့ ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံကနေ မဏီပူပြည်နယ်ကို ခေါ်ဆောင်ခဲ့တာဖြစ်ကြောင်း အမည်မဖေါ်လိုတဲ့ ရဲအရာရှိက ပြောပါတယ်။
အခုလို လုပ်ဆောင်တာနဲ့ ပတ်သက်ပြီး အိန္ဒိယစစ်တပ်အာဏာပိုင်တွေကတော့ မှတ်ချက်တစုံတရာ ပေးဖို့ ငြင်းဆိုပါတယ်။ PLA အဖွဲ့ဟာ ပြီးခဲ့တဲ့လတုန်းက အိန္ဒိယဗိုလ်မှုးကြီးနဲ့ သူ့ရဲ့ ဇနီးနဲ့သားတို့ အပြင် စစ်သည် ၄ ဦးပါ သေဆုံးခဲ့ရတဲ့ ခြုံခိုတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ကြေညာခဲ့တာပါ။
အမည်မဖေါ်လိုတဲ့ ရဲအရာရှိကတော့ အခုပြန်အပို့ခံရသူ ၅ ဦးဟာ မနှစ်က သြဂုတ်လထဲ မြန်မာအာဏာပိုင်တွေက ဖမ်းဆီးပြီး စစ်ကိုင်းဘက်က အကျဉ်းထောင်မှာ ချထားသူတွေ ဖြစ်ကြောင်းပြောပါတယ်။ ဒါဟာ အိန္ဒိယသူပုန်တွေကို မြန်မာအာဏာပိုင်တွေ ပြန်လွှဲပြောင်းပေးတာ ၂ နှစ်အတွင်း ဒုတိယအကြိမ်ဖြစ်ပါတယ်။
၂၀၂၀ တုန်းကလည်း အိန္ဒိယအရှေ့မြောက်ပိုင်း အာသံနဲ့ မဏီပူ ပြည်နယ်တွေမှာ အိန္ဒိယအစိုးရကို တော်လှန်နေတဲ့ သူပုန်အဖွဲ့ ၆ ဖွဲ့က အဖွဲ့ဝင် ၂၂ ဦးကို မြန်မာဘက်က ပြန်လွှဲပြောင်း ပေးခဲ့တာလို့လည်း ရဲကပြောပါတယ်။
အိန္ဒိယ- မြန်မာ ၂ နိုင်ငံကြား မကြာခင် နှစ်တွေအတွင်း နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ၂ နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။
........................................
{{Unicode}}