သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူငယ်တွေ ဆေးလိပ်ဆေးရွက်ကြီး မသုံးစွဲရေး လုပ်ဆောင်မှု


ဒီနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ (World No Tobacco Day) မှာ လူငယ်တွေကို အလေးပေးလာချိန်၊ မြန်မာနိုင်ငံအတွင်းမှာလည်း ပညာပေးနဲ့ သုတေသန လုပ်တာတွေ ရှိထားတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ လက်ရှိအခြေအနေအရ လူငယ်တွေကို ကျန်းမာရေး သတင်းဗဟုသုတ ပေးနိုင်ရုံပဲ ရှိပါသေးတယ်။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးသုံးစွဲမှု ထိန်းချုပ်ရေး လုပ်နေတဲ့ ပြည်သူ့ကျန်းမာရေးဖေါင်ဒေးရှင်းအနေနဲ့ ပညာပေးဟောပြောပွဲတွေ ရန်ကုန်တက္ကသိုလ်မှာ လုပ်ခဲ့ပြီး E- စီးကရက် (Electronic Smoking Device - ESD) အကြောင်း အသေးစိတ် ပြောခဲ့ပါတယ်။ ဒါ့အပြင် လူငယ်တွေအတွက် E-စီးကရက်ကနေ ကာကွယ်ရေး မီဒီယာကနေ ပညာပေးတာနဲ့ ထပ်ဆင့်ဆွေးနွေးပေးတာတွေ လုပ်ဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာလည်း မြန်မာနိုင်ငံက သတင်းမီဒီယာတွေ တက်ရောက်တဲ့ ဆွေးနွေးပွဲ လုပ်ခဲ့ပါတယ်။

တချိန်တည်းမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲမှု အခြေအနေမှန်တွေ သိရဖို့ သုတေသန စစ်တမ်းတွေကိုလည်း ဆက်လုပ်လျက် ရှိပါတယ်။ သုတေသန တွေ့ရှိချက်အရ ရန်ကုန်တစ်မြို့ထဲမှာတင် အွန်လိုင်း (Online) က ရောင်းတဲ့ E-စီးကရက်ဆိုင် ၈၀ ကျော် ရှိလာနေတာ သိရပြီး၊ တခြားမြို့ကြီးတွေမှာလည်း သုတေသန ဆက်လုပ်ဖို့ ရှိပါတယ်။ ဒါ့အပြင် ဆေးလိပ်ဆေးရွက်ကြီး သုံးစွဲမှုကြောင့် မြန်မာမှာ နှစ်စဉ်သေဆုံးရသူ ၆၅၀၀၀ ကနေ ၇၀၀၀၀ ဝန်းကျင် ရှိနေပြီး၊ ၂.၄ ထရီလီယံကျပ် (အမေရိကန်ဒေါ်လာ ၁.၆ သန်း) ဖြစ်ပြီး၊ မြန်မာနိုင်ငံ GDP ရဲ့ ၃.၃ % နှစ်စဉ် ဆုံးရှုံးနေပါတယ်။

ဒါ့အပြင် ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲတာကြောင့် မိသားစုအလိုက်လည်း လူမှုစီးပွား ထိခိုက်မှုတွေ များလာနေပါတယ်။ ဒီလိုဆက်နွယ်ရောဂါတွေအတွက် ဆေးခန်းပြ၊ ဆေးရုံ တက်ရတာတွေမှာ စမ်းသပ်ကုသစရိတ်တွေက ကြီးမားပါတယ်။ ဥပမာ အဆုပ်ကင်ဆာမျိုးအတွက် ဆေးစစ်ရတာ၊ ဆေးသွင်းရတာတွေက ငွေကုန်ကျေးကျ များပါတယ်။ ဒါ့အပြင် ရောဂါဖြစ်လာသူက အလုပ်လုပ်နေသူဖြစ်လျှင် အလုပ်မလုပ်နိုင်တာကြောင့် မိသားစုဝင်ငွေလျော့ပြီး စားဝတ်နေရေးစရိတ် ချွေတာရတာနဲ့ ကလေးကျောင်းစရိတ် မတတ်နိုင်တော့တာတွေ ဖြစ်လာနေပါတယ်။

တချိန်တည်းမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲမှု ကာကွယ်ရေးအတွက် ကြိုတင်ငွေစိုက်သုံးနိုင်လျှင် အဆပေါင်း ရာချီ အကျိုးအမြတ် ထွက်နိုင်တာကိုလည်း တွေ့ရှိထားပါတယ်။ ဒါကို ကာကွယ်ရေး လုပ်ဆောင်ပေးနိုင်တဲ့ သတင်းမီဒီယာကနေ ပညာပေးတာ၊ လူငယ်တွေများတဲ့ ကျောင်းလို နေရာမျိုးတွေမှာ ဟောပြောပွဲတွေလုပ်တာ၊ ဆေးလိပ်သောက်မှု ကင်းမဲ့ဇုံတွေ ထူတောင်တာတွေအတွက် ၁ ကျပ်ဖိုးသုံးလျှင် ၂၀၃၃ ခုနှစ်အရောက်မှာ ၂၂၅ ကျပ်ဖိုး ပြန်မြတ်နိုင်တာကို သုတေသနမှာ တွေ့ရှိထားပါတယ်။ သို့မဟုတ်လျှင်တော့ လက်ရှိ လူ့အသက်နဲ့ ငွေကြေးဆုံးရှုံးမှုတွေ ဆက်ကြုံနေရမှာပါ။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက Health Digest ကျန်းမာရေးနှင့် ဆေးပညာဂျာနယ် အငြိမ်းစားအယ်ဒီတာချုပ်နဲ့ ပြည်သူ့ကျန်းမာရေး ဖေါင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်မောင်ထွေး (ခေါ်) ဒေါက်ထွေး (ဆေး/မန်း) ကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါတယ်။

Forum

XS
SM
MD
LG