သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ HIV/AIDS ဝေဒနာရှင်ဦးရေ လျော့ကျလာ


HIV ရောဂါရှိမရှိ စစ်ဆေးနေစဉ်
HIV ရောဂါရှိမရှိ စစ်ဆေးနေစဉ်

မြန်မာနိုင်ငံမှာ အရင်နှစ်တွေကထက်စာရင် HIV/AIDS ရောဂါဝေဒနာသည် အရေအတွက် လျော့ကျလာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ အစည်းကရော၊ HIV ဝေဒနာသည်တွေကို အကူအညီပေးနေတဲ့ အဖွဲ့တွေကပါ ဒီကနေ့ကျရောက်တဲ့ World AIDS Day နေ့မှာ ပြောဆိုလိုက်ပါတယ်။ HIV ဝေဒနာရှင်တွေကို လူ့အသိုင်းအဝိုင်းက ခွဲခြားဆက်ဆံတာတွေ ရှိနေတာကြောင့် ဒါကို အကာအကွယ်ပေးဖို့ ဥပဒေမူကြမ်းတရပ်ကို လွှွတ်တော်မှာ ရေးဆွဲနေပါတယ်။ World AIDS Day နဲ့ပတ်သက်လို့ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့ ဒီကနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ကိုယ်ခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ World AIDS Day အခမ်းအနားတရပ်ကို ကျန်းမာရေး အားကစားရေး ဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းအစိုးရတို့ ဦးစီးပြီး ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့တာပါ။ အဲဒီပွဲမှာ အစိုးရရဲ့ဆောင်ရွက်ချက်တွေနဲ့ ဝေဒနာရှင် အတိုးအလျော့ အခြေအနေတွေကို ရှင်းပြခဲ့ပါတယ်။

World AIDS Day အထိမ်းအမှတ်ပွဲကို တက်ရောက်ခဲ့တဲ့ ကုလသမဂ္ဂ UNAIDS Myanmar အဖွဲ့ကလည်း HIV ဝေဒနာသည်တွေနဲ့ ပတ်သက်လို့ ပညာပေးလှုံ့ဆော်တဲ့ Walkathon နဲ့ Performance Contest အစီအစဉ်တွေကို ဒီဇင်ဘာ(၂)ရက်နဲ့ (၃)ရက်နေ့တွေမှာ လုပ်ဆောင်သွားဖို့ ရှိတယ်လို့ UNAIDS Myanmar အဖွဲ့ပြောခွင့်ရသူ Ms. Marysol Astrea Balane က VOA ကိုရှင်းပြပါတယ်။

“ မြန်မာနိုင်ငံမှာ HIV ဝေဒနာသည် အရင်ကထက် လျော့နည်းလာပါတယ်။ ကျမတို့ UNAIDS အဖွဲ့ကတော့ ဒီဇင်ဘာ ၂ ရက်နေ့မှာ မနက် ၆ နာရီကနေ မနက် ၉ နာရီအထိ လမ်းလျှောက်ပွဲကြီးတခုကို ကျင်းပမှာပါ။ ကန်တော်ကြီး ပန်းခြံကနေ စထွက်ပြီး ဒီမှာပဲ အဆုံးသတ်မှာပါ။ ဒီဇင်ဘာ ၃ ရက်နေ့ ကျရင်တော့ HIV ပညာပေးရေးနဲ့ပတ်သက်တဲ့ သရုပ်ဖေါ်ပြိုင်ပွဲတခုကို ညနေ ၄ နာရီ ကနေ ည ၈နာရီအထိ မဟာဗန္ဓုလပန်းခြံအရှေ့မှာ ကျင်းပ သွားမှာပါ။”

အဲဒီပြိုင်ပွဲကို လူတိုင်းကျန်းမာရေး တူညီအခွင့်အရေး ဆောင်ကြည်းပေးဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပသွားမယ်လို့ UNAIDS အဖွဲ့ကပြောပါတယ်။ စစ်အစိုးရ လက်ထက်တုန်းက HIV ဝေဒနာသည်တွေကို အကူအညီပေးရေးကိစ္စမှာ အခက်အခဲတွေကြုံခဲ့ရပေမဲ့ အခုနောက်ပိုင်း ဝေဒနာရှင်တွေလိုအပ်နေတဲ့ ATR ဆေးဝါးတွေ အရင်ထက် အလွယ်တကူ ပိုပြီးဖြန့်ဖြူးလာနိုင်တာကြောင့် HIV ရောဂါဝေဒနာရှင်တွေ လျော့ကျလာတယ်လို့ NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးလဲဖြစ်၊ HIV/AIDS ဝေဒနာသည်တွေကို ကူညီစောင့်ရှောက်ရေးလုပ်နေတဲ့ ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

"အရင်တုန်းက ကျမတို့ကိုယ်တိုင် ပြည့်ပြည့်၀၀နဲ့ လုပ်ချင်စိတ်ရှိသလောက် လုပ်နိုင်သလောက် လုပ်ခွင့်မရခဲ့ဘူး။ အခုကတော့ ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် လုပ်လို့ရတာရှိတယ်။ နောက်တချက်ကတော့ အခုလက်ရှိကတော့ အစိုးရအနေနဲ့ကလည်း သက်ဆိုင်ရာ NGO တွေ INGO တွေကို အနှောင့်အယှက်မပေးပဲနဲ့ ပူးပေါင်းဆောင်ရွက်လာတာ ကလည်း တဖက်က ကောင်းတယ်လို့ပြောလို့ရသလို ATR ဆေးဝါးတွေ အလုံအလောက်ရလာတာလည်း ရောဂါကို ထိန်းချုပ်လို့ရနိုင်တယ်ပေါ့နော်။"

မြန်မာနိုင်ငံမှာ HIV ကူးစက်ရောဂါရှိတဲ့ ဝေဒနာရှင်တွေကို လူမှုအသိုင်းအဝိုင်းကြား ခွဲခြားဆက်ဆံမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ ဒါကြောင့် ဝေဒနာရှင်တွေကို အကာအကွယ်ပေးရေးအတွက် လွှတ်တော်မှာ ဥပဒေမူကြမ်းတရပ် ရေးဆွဲနေတာ ပြီးစီးသလောက် ဖြစ်နေပြီလို့ HIV/AIDS ဝေဒနာသည်တွေကို အကူအညီပေးနေတဲ့ Phoenix Association အဖွဲ့တာဝန်ခံ ကိုသီဟကြိုင်က ပြောပါတယ်။

“HIV အရေးနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ထဲမှာ ကျနော်တို့အသံတွေရောက်အောင်ဆိုပြီးတော့ ၂၀၁၄ ခုနှစ်မှာ ကျနော်တို့ စပြီးတော့ ဖွဲ့တယ်ခင်ဗျ။ အဲဒီကနေစပြီးတော့ပဲ ကျနော်တို့ HIV နဲ့ ပတ်သက်တဲ့ ISSUE တွေကိုလည်း တော်တော်များများပိုပြီးတော့ လွှတ်တော်ထဲမှာ ပြောဆိုလာနိုင်တယ် သူတို့နဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ကျနော်တို့ အရေးဆိုလာနိုင်ခဲ့ကြတယ်။ အခုဆိုရင် ဒီဘက် လွှတ်တော်ကို ရောက်လာတဲ့အချိန်မှာ HIV နဲ့ ပတ်သက်တဲ့ ခံစားနေကြရတဲ့သူတွေ HIV နဲ့ တိုက်ရိုက်ထိတွေ့နေတဲ့သူတွေ အတွက် ခွဲခြားဆက်ဆံတာနဲ့ ပတ်သက်တဲ့ ဥပဒေဆွဲတာနဲ့ ပတ်သက်လို့ ကျေျနာ်တို့ ဆွဲနေတုန်း Draft ကတော့ ရှိနေပြီ ။ အဓိကတော့ ဦးဆောင်ဆွဲတုန်းက ပြည်ထောင်စုဥပဒေနဲ့ ဥပဒေ ရေးရာကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ကနေပြီးတော့ ဦးဆောင်ပြီးတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအားလုံးပါဝင်တယ်။ ကျနော်တို့အဲဒါတွေနဲ့ ကျနော်တို့ အရပ်ဘက်က အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ အဲဒါကို ဆွဲနေတုန်း"

အစိုးရနဲ့ ကုလသမဂ္ဂအဖွဲ့တွေရဲ့ တရားဝင်ထုတ်ပြန်ချက်အရ အခုချိန်အထိ မြန်မာနိုင်ငံမှာ HIV ကူးစက်ရောဂါ ဝေဒနာသည် (၂)သိန်း(၃)သောင်း လောက် ရှိတယ်လို့ဆိုပါတယ်။ လက်တွေ့မှာ ဒီအရေအတွက်ထက် ပိုများနိုင်တယ်လို့ လွတ်လပ်တဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေက ပြောပါတယ်။ အဲဒီထဲမှာ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်နဲ့ အမျိုးသားအချင်းချင်း လိင်ဆက်ဆံမှုကြောင့် HIV ရောဂါကူးစက်မှုနှုန်း ပိုများလာတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဒါကို အစိုးရဘက်ကတော့ တရားဝင် အသိအမှတ် မပြုသေးပါဘူး။

World AIDS Day နဲ့ပတ်သက်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဒီကနေ့ထုတ်ပြန်ချက်ထဲမှာတော့ ၂၀၃၀ ရောက်ရင် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး လှုပ်ရှားမှုကြီး လုပ်နိုင်ဖို့ ရည်မှန်းထားပြီး၊ HIV အပါအဝင် TB ရောဂါ၊ အသည်းရောင်အသားဝါ စတဲ့ ကူးစက်ရောဂါတွေ လျော့ချတိုက်ဖျက်ရေး အတွက် လုပ်ဆောင်သွားဖို့နဲ့ HIV ဝေဒနာရှင်တိုင်း ဆေးကုသခံယူမှု အလွယ်တကူ ရရှိဖို့ကိုလည်း ရည်မှန်းထားကြောင်း ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG