သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဏိပူရ်ထောင်တွင်း ဆန္ဒပြမြန်မာတွေ အကြမ်းဖက် ဖြိုခွဲခံရ


အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အတွင်း ခိုလှုံနေသော မြန်မာစစ်ဘေးရှောင် ဒုက္ခသည်များ (ဓါတ်ပုံ - AFP)
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အတွင်း ခိုလှုံနေသော မြန်မာစစ်ဘေးရှောင် ဒုက္ခသည်များ (ဓါတ်ပုံ - AFP)

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်အကျဥ်းထောင်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းစလို့ အစာငတ်ခံဆန္ဒပြနေကြတဲ့ မြန်မာနိုင်ငံသားတွေကို ထောင်အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲတာကြောင့် ဒဏ်ရာရသူတချို့ ရှိတယ်လို့ ထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။ မြန်မာနိုင်ငံတွင်းတိုက်ပွဲတွေကြောင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံထဲ စစ်ဘေးရှောင်ရင်း ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာတွေထဲကတချို့ကို မြန်မာနိုင်ငံဘက် ပြန်လည် လွှဲပြောင်းပေးဖို့ စီစဥ်နေတဲ့အပေါ် ကန့်ကွက် ဆန္ဒပြနေကြတာပါ။ အိန္ဒိယအစိုးရအနေနဲ့ ဒီလူတွေကို စစ်ကောင်စီထံ လွှဲပြောင်းမပေးဖို့ လူ့အခွင့်အရေးအဖွဲ့ တချို့ကလည်း တောင်းဆိုပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ သတင်းကိုတော့ မခင်ဖြူထွေး က ပြောပြပါမယ်။

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်ထဲမှာ နယ်စပ်ဖြတ်ကျော်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာတွေထဲက ထောင်ရက်စေ့ပြီးသူ ၂၈ ယောက်ကို ပြည်နယ်အစိုးရက စစ်ကောင်စီဘက်ကို လွှဲပြောင်းပေးဖို့ ရှိတဲ့အတွက် ဇွန်လ ၁၆ ရက်က စလို့ ထောင်တွင်း အစာငတ်ခံ ဆန္ဒပြနေကြတာပါ။ ဇွန်လ ၁၇ ရက်မှာတော့ ထောင်တွင်း ဆန္ဒပြသူတွေကို ထောင်အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွင်းခဲ့လို့ ဒဏ်ရာ ရရှိခဲ့တယ်လို့ ထောင်နဲ့နီးစပ်သူတဦးက VOA ကို ခုလိုပြောပါတယ်။

"အခြေအနေက လောလောဆယ် ဒဏ်ရာရတာ ၃ ယောက် ရှိတယ်။ ပထမဆုံး သူတို့က ကျနော်တို့ကို အထဲဝင်ဖို့ ပြောတယ်။ သူတို့ တကယ်လို့ မလွှတ်ပေးရင် ကျနော်တို့က အစာ မစားတော့ဘူး။ အကြမ်းမဖက်တဲ့နည်းနဲ့ အစာမစားတော့ဘူး ဒီတိုင်းပဲ နေသွားတော့မယ်။ အရင်ကဆို ကျနော်တို့ကို အခန်းထဲသွင်းပြီး သော့ပိတ်တာ။ သော့လည်း လာမခတ်နဲ့တော့ ခင်ဗျားတို့လည်း ဝင်မလာနဲ့တော့။ အစာလည်း မစားဘူး။ အဲ့လိုစပြောတာ။ အဲ့မှာ သူတို့က နည်းနည်းစီ အင်အားတိုးတိုး လာပြီးတော့ ဖိတယ်။ အခန်းထဲဝင်ဖို့ နောက်ဆုံး အထူးရဲကိုယ်တိုင် အခန်းထဲဝင်လာတာ။ ပထမဆုံး ဝင်ဖို့ပြောတော့ ကျနော်တို့ထဲက လူငယ်တယောက်က လုံးဝ မဝင်ဘဲနဲ့ အပြင်မှာပဲ ဒီအတိုင်း နေနေကြတာ။ ကျနော်တို့ထဲက လူတွေကို စပြီးတော့ရိုက်တာ။ အဲ့မှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကုန်တာ။ ခြောက်လိုက်တာပေါ့။ သူတို့ဘက်က ကြောက်ပြီးတော့ ပြေးပြီးတော့ အသံဗုံးတွေ စပစ်တယ်။ အဲ့လို အသံဗုံးတွေ၊ ရာဘာကျည်တွေ ပစ်တော့ ကျနော်တို့ဘက်က ၃ ယောက် ထိသွားတယ်။"

ထောင်အာဏာပိုင်တွေက လာရောက် ညှိနှိုင်းပေမဲ့ စစ်ကောင်စီဘက်ကို မလွှဲပြောင်းဘဲ လွှတ်ပေးဖို့အတွက်ကိုပဲ ဆက်ပြီး အစာအငတ်ခံဆန္ဒပြဖို့ ဆုံးဖြတ်ထားကြတဲ့အကြောင်း ထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။

ပြစ်ဒဏ်ကျခံပြီးသူတွေကို ဆက်လက် ထိန်းသိမ်းထားတာဟာ လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်ပြီး စစ်ကောင်စီဘက်ကို လွှဲပြောင်းမယ်ဆိုရင်လည်း နောက်ဆက်တွဲ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ကြုံတွေ့နိုင်တယ်လို့ နယူးဒေလီ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ India For Myanmar ကို ဦးဆောင်သူ ဆလိုင်းဒိုခါရ်က ဗွီအိုအေကို အခုလို ပြောပါတယ်။

"ထောင်မှာကျခံနေရတဲ့သူ တော်တော်များများကတော့ သူတို့ကျခံရမယ့် ငွေဒဏ်ကော ပြစ်ဒဏ်ကော အကုန်ကျခံပြီးပြီဆိုတော့ သူတို့က ဆက်လက် ထိန်းသိမ်းနေတယ်ဆိုကတည်းက သူတို့အခွင့်ရေးတွေ ဆုံးရှုံးနေပြီးသားကို ဖြစ်နေတယ်။ ထောင်စည်းကမ်းတွေနဲ့လည်း ထိန်းသိမ်းထားတဲ့အခါကျတော့ ထောင်စည်းကမ်း အောက်မှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှု များစွာရှိတာပေါ့နော်။ သူတို့ကို ဒီတိုင်း ဆက်လက်ထိန်းသိမ်းတာက ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံတခုအနေနဲ့ လုံးဝ လုပ်ကို မလုပ်သင့်တဲ့ လုပ်ဆောင်ချက်လို့ ပထမဆုံးပြောချင်တယ်။ ဒုတိယအချက်အနေနဲ့ ဖမ်းဆီးခံရတဲ့ သူတွေက သာမန်ပြည်သူတွေ ဖြစ်တယ်။ စစ်ဘေးရှောင်တွေ ဖြစ်တယ်။ ဒီလိုအခြေအနေမှာ ဒီလူတွေကို မြန်မာနိုင်ငံမှာတောင် သူတို့ ပြန်စရာနေရာ မရှိတော့တဲ့ဟာတွေကို ဒီတိုင်းဖမ်းပြီးမှ စကစ လက်ထဲကို အပ်တဲ့အခါကျတော့ ဒါဟာ သူတို့ရဲ့ လုံခြုံရေးအရကော ထောင်ကနေထွက်ပြီးနောက်ပိုင်း စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ဒုက္ခရောက်စေမယ့် အကြောင်းအရာတွေကလည်း အင်မတန် များမယ်လို့ ကျနော်တို့ မြင်မိပါတယ်။"

လက်ရှိ အင်ဖာထောင်ထဲမှာ မြန်မာနိုင်ငံသား ၁၆၀ ကျော်ရှိပြီး အများစုက ချင်းလူမျိုးတွေ ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်တို့ကြား တိုက်ပွဲတွေပြင်းထန်လာခဲ့ပြီး စစ်တပ်ဘက်က နယ်မြေရှင်းလင်းတာတွေအပြင် လေကြောင်းကတိုက်ခိုက်တာတွေကြောင့် ဒေသခံတွေဟာ အိန္ဒိယဘက်ကို ထွက်ပြေးတိမ်းရှောင်ရင်း ဖမ်းဆီးခံရတာ၊ ဒုက္ခသည်စခန်းတွေကို ရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးတာ၊ စာရွက်စာတမ်းအတု ကိုင်ဆောင်မှုနဲ့ ဖမ်းဆီးခံရတာတွေ ကြုံရပြီး နိုင်ငံခြားသား အက်ဥပဒေနဲ့ အရေးယူခံရတာတွေ ရှိနေတာဖြစ်ပါတယ်။

Forum

XS
SM
MD
LG