သုံးရလွယ်ကူစေသည့် Link များ

ကလေး ၃ ဦးသေဆုံးမှု ပယောဂဆရာကို သေဒဏ်ကြိုးမိန့်  ရန်ကုန်တရားရုံးစီရင်


တွံတေးမြို့က ကလေးငယ် သုံးဦး သေဆုံးစေခဲ့တဲ့ ပယောဂ ကုသူ ထွန်းနိုင်ကို ဖမ်းဆီးခဲ့စဉ်။ မှတ်တမ်းရုပ်ပုံ။

တွံတွေးမြို့နယ်က ကလေးငယ် ၃ ဦးကို အသက်သေစေတဲ့အထိ လုပ်ခဲ့တဲ့ ပယောဂ ဆရာကို မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့ ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် တရားရုံးက ဇွန်လ ၂၀ ရက်နေ့မှာ အမိန့်ချလိုက်ပါတယ်။ ဒီလို ပြင်းထန်တဲ့အမိန့် ချမှတ်လိုက်တာဟာ လူ့အဖွဲ့အစည်းအတွင်း အလားတူ ဆိုးရွားတဲ့လုပ်ရပ်တွေ မပေါ်ပေါက်ရအောင် ပယောဂဆရာကို သေဒဏ်ပေးတာဖြစ်တယ်လို့ လူ့အခွင့်အရေးရှေ့နေတချို့က သုံးသပ်ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။

ရန်ကုန်တိုင်း တွံတေးမြို့နယ် တွံတေးဝကျေးရွာအုပ်စု ၊ မိုင်(၂၀)အရှေ့(တောတွင်း)မှာ နေထိုင်တဲ့ ကလေးငယ် ၃ ဦးဆီမှာ မကောင်းဆိုးဝါး ဝင်ပူးနေတာကြောင့် ကုသပေး မယ်ဆိုပြီး တရားခံဖြစ်တဲ့ ပရောဂဆရာ ထွန်းနိုင်က ၂၀၁၆ အောက်တိုဘာလထဲမှာ ခြေထောက်နဲ့ကန်တာ၊ တက်နင်းတာ၊ လက်သီးနဲ့ ထိုးတာတွေ လုပ်ခဲ့တာကြောင့် ကလေးငယ် ၃ ဦးသေဆုံးခဲ့ပြီး၊ အခြား ၁ ယောက် ဒဏ်ရာရခဲ့တာကြောင့် ထွန်းနိုင်ကို ရဲကဖမ်းဆီးကာ အင်းစိန်ထောင်မှာ ချုပ်နှောင်ထားခဲ့တာပါ။

တရားခံထွန်းနိုင်က သေဆုံး ကလေးတွေရှိတဲ့ နေအိမ်မှာ တစ္ဆေ၊ သရဲတွေရှိနေ တာကြောင့် ရှင်းလင်းပေးမယ်ဆိုပြီး တစ်ခြံတည်းနေ မိသားစု ၄ စုက မိသားစုဝင်ပေါင်း ၁၉ ဦးကို တစုတ၀းထဲ ထိုင်ခိုင်းထားပြီး အားလုံးရှေ့မှာ လူသတ်မှု ကျူးလွန်ခဲ့ကြောင်း တွံတေးမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး ကျော်နိုင်စိုးက အဲဒီ အောက်တိုဘာလထဲမှာပဲ သတင်းမီဒီယာတွေကို ရှင်းပြခဲ့ပါတယ်။

“ အိမ်ပေါ်မှာ တစ္ဆေ၊ သရဲတွေ ပူးကပ်နေတယ်။ မင်းတို့ ဒုက္ခရောက်တော့မယ်။ ငါ ရှင်းလင်းပေးမယ် ဆိုပြီးတော့ တရားလိုရဲ့ အကိုဖြစ်သူ အိမ်မှာ ခေါ်ပြီးတော့ နေလိုက်တယ်။ နေပြီးတော့ စည်းတားထားလိုက်ပြီ။ အဲဒီစည်းကို ကျော်ရင်တော့ မင်းတို့ လိပ်ပြာနုတ်ခံပြီး အကုန်သေလိမ့်မယ်။ ဒီစည်းဝိုင်းကို ကျော်မထွက်ကြနဲ့ ဆိုပြီးတော့ ခြိမ်းခြောက်တာပေါ့နော်။ အဓိက အဲဒီ ခြိမ်းခြောက် ပြောဆိုတာကို ဒီက မိသားစုဝင်တွေကလည်း ကြောက်လန့်ပြီးတော့ အဲဒီစည်းလည်း မကျော်ရဲဘူးပေါ့။

အဲလို ဖြစ်တယ်။ ဖြစ်တဲ့ အချိန်မှာ တရားလိုရဲ့ ကလေးပေါ့နော်။ ပထမဆုံး သေတဲ့ ကလေးလေး - ၃ နှစ်လောက်ရှိတဲ့ ကောင်လေးပေါ့နော်။ အဲဒီ ကောင်လေးရဲ့ ခန္ဓာကိုယ်မှာ သရဲတွေ ၀င်ပူးနေတယ်။ ငါ သတ်ပေးမယ်။ ငါကုပေးရင် မင်းတို့ ပျောက်မယ်လို့ ပြောရင်းနဲ့ ခြေထောက်နဲ့ ကန်တာတို့ လက်သီးနဲ့ ထိုးတာတို့ အဲလို လုပ်ရင်း လုပ်ရင်းနဲ့ ကလေးလေးကလည်း နုသေးတာပေါ့နော်။

ဆိုတော့ ကလေးလေးက ၁၈ ရက်နေ့ည ၁၂ နာရီလောက်မှာ ဆုံးသွားတယ်။ ဆုံးသွားတဲ့ အခါကျတော့ ၁၉ ရက်နေ့ မနက်ကျတော့ ဒီအလောင်းကို တရားခံကနေပြီးတော့ တယောက်တည်း တွံတေး တူးမြောင်းထိပ်ကို သွားပြီးတော့ အလောင်းကို စွန့်ပစ် လိုက်တယ်။ ”

ပရောဂဆရာဆိုသူ ထွန်းနိုင်ရဲ့လက်ချက်ကြောင့် အသက် ၃နှစ်အရွယ် နေလလင်း၊ အသက်၏ ၂နှစ်အရွယ် မလှနှင်းရွှေနဲ့ ၈ လသားအရွယ် မယမင်းတို့ ၃ဦး ၂၀၁၆ အောက်တိုဘာ ၁၉နဲ့ ၂၀ ရက်တွေမှာ အသီးသီး သေဆုံးခဲ့ရတာပါ။ တရားခံ ထွန်းနိုင်ရဲ့လက်ချက်နဲ့ပဲ အသက် ၄နှစ် အရွယ် မသင်းသင်းစိုး ဖူးရောင်ဒဏ်ရာတွေရခဲ့လို့ ဆေးရုံတက်ကုသခဲ့ရပြီး နောက်ပိုင်း ပြန်လည်ကောင်းမွန် ခဲ့ပါတယ်။

တရားခံထွန်းနိုင်ဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတာကြောင့် ထွန်းနိုင်ပေါ် စွဲဆိုထားတဲ့ ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ခ)အရ မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့နဲ့ ရာဇသတ်ပုဒ်မ ၃၂၅ အရ ထောင်ဒဏ်(၇)နှစ်ကျခံဖို့ ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် တရားရုံးက ဇွန်လ ၂၀ ရက်နေ့မှာ သီးခြားစီ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ အောက်တရားရုံးမှာ သေဒဏ်အမိန့် ချမှတ်လိုက်တာကို တရားခံအနေနဲ့ နောက်ထပ် အဆင့် ၃ဆင့်မှာ အယူခံခွင့်ရှိတယ်လို့ ဟောင်ကောင် အခြေစိုက် AHRC အာရှ လူ့အခွင့်အရေးကော်မရှင်ရဲ့ ရှေ့နေ ဦးမင်းလွင်ဦးက ရှင်းပြပါတယ်။

“ အဲတော့ ခရိုင်တရားရုံးက အမိန့်ချတယ်ဆိုရင် သူ့အနေနဲ့ တိုင်းတရားရုံး၊ နောက်ပြီးတော့ တရားရုံးချုပ် စတာတွေကို အယူခံ တက်နိုင်တယ်။ တရားရုံးချုပ်ထိ ပြီးသွားပြီ ဆိုရင် သမ္မတ ထံကို အသနားခံစာ တင်နိုင်သေးတယ်။ ဒါက နစ်နာသူရဲ့ အခွင့်အရေး ပေါ့ဗျာ။ အဲတော့ ၇ နှစ်ချတဲ့ အထဲမှာ အခု အဖမ်းခံရတဲ့ နှစ်တွေရယ်၊ အဲဒီ အယူခံဝင်နေတဲ့ ကာလ နှစ်တွေရယ် အဲဒါတွေ အားလုံး ပေါင်းလိုက်လို့ ရှိရင် ၇ နှစ်လောက် ပြည့်ရင်လည်း ပြည့်သွားနိုင်တာပေါ့လေ။ အဲဒီက ထောင်ဒဏ် ၇ နှစ်က နုတ်ပယ်ပြီးသား ဖြစ်သွားမယ်။ သေဒဏ်ကတော့ ကျန်နိုင်တာပေါ့ဗျာ။ အဲဒီမှာ သမ္မတက နေပြီးတော့ သေဒဏ်ကို အသနားခံစာကို ပယ်လိုက်တယ် ဆိုရင်တော့ သေဒဏ်ကို အကျဉ်းဦးစီးဌာနက ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

တရားခံထွန်းနိုင် အနေနဲ့ လာမယ့် ၇-ရက်အတွင်း အယူခံတင်ခွင့်ရှိပါတယ်။ ပယောဂကုတယ်ဆိုတဲ့ ထွန်းနိုင်ကို သေဒဏ်ချမှတ်ရတဲ့အပေါ် သူ့အမြင်ကို ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

“ ဒီ ပရောဂ ကုတယ်ဆိုတာက သေမယ်မှန်း သိရဲ့နဲ့ ဆက်လက်ပြီးတော့ လုပ်တဲ့ ကိစ္စရယ်၊ နောက်ပြီးတော့ တခါ ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်ဆောင်တဲ့ ကိစ္စရပ်တွေရယ် ဒါတွေ ပါတဲ့ အတွက်ကြောင့် သေဒဏ်ပေးတယ်လို့ ကျနော်ကတော့ ယူဆတယ်လေ။ ဒီ မတော်တဆ ဖြစ်သွားရုံ လောက်နဲ့တော့ သေဒဏ်ပေးဖို့ သိပ်မလွယ်ဘူး။

အခုဟာက ရည်ရွယ်ချက် ရှိရှိနဲ့ သေသည် အထိ နှိပ်စက်ညှဉ်းပန်းတယ်၊ နောက်ပြီး ကလေးငယ်တွေကလည်း အရွယ် မရောက်သေးတဲ့ ကလေးငယ်တွေ ဖြစ်တယ်။ အဲဒါတွေကြောင့် နောက်နောင် ဒီလိုမျိုး ကိစ္စရပ်တွေ မဖြစ်အောင် ဟန့်တားလောက်တဲ့ ပြစ်ဒဏ် ပေးလိုက်တယ်လို့ ကျနော်တို့ မြင်တယ်။ အဲဒီလိုမျိုး ဖြစ်မှလည်း ဒီကိစ္စတွေက ရပ်တန်းက ရပ်သွားမယ်။ ”

မြန်မာနိုင်ငံမှာ ရာဇသတ်ကြီးပုဒ်မ အရပဲဖြစ်ဖြစ်၊ အထူးဥပဒေအရဖြစ်ဖြစ် သေဒဏ်ပေးနိုင်တဲ့ ဆုံးဖြတ်စီရင်ပိုင်ခွင့် ဆက်လက် တည်ရှိနေဆဲ ဖြစ်ပြီး၊ အခုချိန်ထိ သေဒဏ်ကိုပယ်ဖျက်ထားခြင်း မရှိသေးဘူးလို့ AHRC အဖွဲ့ကပြောပါတယ်။ ၁၉၇၆ ခုနှစ် ဇွန်လတုန်းကတော့ ကျောင်းသား ခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို ကြိုးပေးသတ်ခဲ့ပြီး၊ ၁၉၇၆-၇၇ ကာလတုန်းက အာဏာရှင်ဟောင်း ဦးနေဝင်းကိုလုပ်ကြံဖို့ ကြိုးစားခဲ့ တယ်ဆိုတဲ့ အမှုအတွက် ဗိုလ်ကြီး အုန်းကျော်မြင့်ကို ၁၉၇၈ ခုနှစ်မှာ ကြိုးပေးကွက်မျက်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း သေဒဏ်ပေးတဲ့အမှု တွေဟာ အယူခံအဆင့်ဆင့်ကြောင့် နှစ်ရှည်ထောင်ဒဏ်တွေအဖြစ် ပြောင်းလဲသွားပေမယ့် ကြိုးပေးကွက်မျက်ခြင်း မရှိခဲ့တာ အတော်ကြာပြီဖြစ်ပါတယ်။

XS
SM
MD
LG