သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ကမ္ဘာတလွှားက ဒုက္ခသည်အရေး ဖြေရှင်းဖို့ ကုလနဲ့ လှုပ်ရှားသူတွေတိုက်တွန်း


စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲက ဒေသခံပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရစဉ် (ဇွန်၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲက ဒေသခံပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရစဉ် (ဇွန်၊ ၂၀၂၃)

ယခုနှစ် ကမ္ဘာ့ဒုက္ခသည်များနေ့မှာ မြန်မာအပါအ၀င် တကမ္ဘာလုံးမှာရှိတဲ့ ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်တောင်းခံသူ ၃၅.၄ သန်းရဲ့ အတိဒုက္ခနဲ့ သူတို့ရဲ့ လိုအပ်ချက်တွေကို နိုင်ငံတကာက အကာအကွယ်ပေးကြဖို့နဲ့ တရားဥပဒေဆိုင်ရာ အခွင့်အရေးတွေပေးဖို့အတွက် ကုလသမဂ္ဂ တာဝန်ရှိသူတွေက ဒီနေ့ပဲ တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံက တက်ကြွလှုပ်ရှားသူတွေနဲ့ ရွေ့ပြောင်းနေထိုင်သူတွေကလည်း သူတို့ ကြုံတွေ့နေရတဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရခြင်းရဲ့ ပြဿနာအရင်းအမြစ်ကို ကူညီဖြေရှင်းပေးဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းချိန်ကစပြီး မြန်မာနိုင်ငံရဲ့ နေရာဒေသ တော်တော်များများမှာ နေရပ်စွန့်ခွာထွက်ပြေးလာရသူ အများအပြား ဖြစ်လာပြီး၊ အထူးသဖြင့် ချင်း၊ ကရင်၊ ကရင်နီပြည်နယ်တွေနဲ့ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီတိုင်းဒေသကြီးတွေမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ ၁.၅ သန်းကျော် ရှိလာပြီ ဖြစ်ပါတယ်။

ဒီနေ့ ကမ္ဘာ့ဒုက္ခသည်နေ့ အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂတာဝန်ရှိသူတွေက ဒုက္ခသည်တွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် အလားအလာရှိသော အနာဂတ်ကို တည်ဆောက်နိုင်တဲ့ အခွင့်အလမ်းတွေ ပေးကြဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။

"ဒုက္ခသည်တွေကို ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမျိုးမှာမဆို ဒီလိုမျှော်လင့်ချက်၊ အခွင့်အလမ်းတွေနဲ့ ဖြေရှင်းချက်တွေကို ပေးစွမ်းနိုင်သလို တခြားကမ္ဘာ့နိုင်ငံတွေကိုလည်း ဒီအကြောင်းတွေ တတ်နိုင်သမျှ ပြောပြဖို့ ဒီကိုရောက်နေတာပါ” လို့ ကမ္ဘာ့ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi က ကင်ညာ၊ Kalobeyei မှာ လုပ်တဲ့ ဒုက္ခသည်များနေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ဒီနှစ် ကမ္ဘာ့ဒုက္ခသည်များနေ့ ဆောင်ပုဒ် ဖြစ်တဲ့ "Hope away from Home" ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အိမ်ရှင်နိုင်ငံ ဒါမှမဟုတ် ပြန်လည်အခြေချနေထိုင်မယ့် နိုင်ငံတွေမှာ သူတို့ရဲ့ ဘဝတွေကို ပြန်လည်တည်ဆောက်ဖို့ အခွင့်အလမ်းမရှိဘဲ့ ဆယ်စုနှစ်များစွာနေထိုင်နေရတဲ့ ဒုက္ခသည်တွေအတွက် စုပေါင်း အဖြေရှာပေးရေးအတွက် အာရုံစိုက်ကြဖို့လိုတယ်လို့လည်း ပြောပါတယ်။

UNHCR ရဲ့ ထုတ်ပြန်ချက်တွေအရ ကမ္ဘာ့ဒုက္ခသည်တွေရဲ့ ၇၆ % ဟာ ချမ်းသာသောနိုင်ငံတွေမှာမဟုတ်ဘဲ ဝင်ငွေနည်းတဲ့ နိုင်ငံတွေနဲ့ အလယ်အလတ်တန်းစားနိုင်ငံတွေကသာ လက်ခံနေထိုင်ခွင့်ပေးထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG