သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီမယ်စဲမြို့တိုက်ပွဲ ဒုက္ခသည်လေးထောင်ကျော် ထိုင်း တိမ်းရှောင်


တိုက်ပွဲတွေကြောင့် တောတောင်တွေထဲပုန်းရှောင်နေရတဲ့ ဒုက္ခသည်များ (photo : C J )
တိုက်ပွဲတွေကြောင့် တောတောင်တွေထဲပုန်းရှောင်နေရတဲ့ ဒုက္ခသည်များ (photo : C J )

ကရင်နီပြည်နယ်၊ မယ်စဲမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေအကြား အခုချိန်ထိ နေ့စဉ်လိုလို ကြိုကြားကြိုကြား တိုက်ပွဲဖြစ်ပွားနေတာပါ။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ စစ်လေယာဉ်တွေ အသုံးပြုပြီး အပြင်းအထန် တိုက်ခိုက်နေတယ်လို့ ကာကွယ်ရေးတပ်တွေနဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။ လက်ရှိ ထိုင်းနယ်စပ် ဖက်ခြမ်းကို စစ်ပြေးဒုက္ခသည် လေးထောင်ထက်မနည်း ခိုလှုံသွားကြပြီး သူတို့ယာယီနေဖို့ရာ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေက အကူအညီပေးတာရှိတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မဆုမွန်က ပြောပြပါမယ်။

ထိုင်းနယ်စပ်နဲ့ နီးတဲ့ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်နယ် မယ်စဲမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက စခန်းသိမ်းတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် အခုချိန်ထိ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဆက်လက် ဖြစ်ပွားနေတာပါ။

အခု ဇွန် ၁၇ ရက်နဲ့ မနေ့ ၁၈ ရက် ၂ ရက်အထိ မယ်စဲမြို့နယ်ထဲက ပန်တိန်းကျေးရွာတဝိုက်ကို ဆက်တိုက် လေယာဉ်နဲ့ ဗုံးကြဲနေတယ်လို့ ကရင်နီပူးပေါင်းတပ်ဖွဲ့ထဲမှာပါတဲ့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ဗဟိုပြန်ကြားရေး တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

အဲ့မှာ တပ်ရင်းက တစ်ရင်းလုံး CDM ဝင်လိုက်တယ်ပေါ့နော်။ အဲ့လိုစသွားတယ် တိုက်ပွဲ၊ ဝင်ပြီးတော့ နောက်တစ်ရက်မှာပဲ လေယာဉ်နဲ့ လာပြီးတော့ ဗုံးကြဲလိုက်တယ်ပေါ့နော်၊ မနက် ၁၀ နာရီ ၁၅ မိနစ်ကနေ ညနေ ၇နာရီ ၈နာရီအထိ အဲ့လောက်ပေါ့နော်၊ ဟတ်စကီးနဲ့ရော သူတို့တပ်စစ်ကူတွေ လာချတာရှိတယ်။ နောက်ပြီးတော့ တိုက်လေရင်နဲ့ အများအပြားသုံးပြီးတော့ ဗုံးလာကျဲပေါ့နော် ပတ်ဝန်းကျင်ရွာထဲကိုလည်း ဗုံးကျဲတယ်ပေါ့၊ တပ်အပေါ်မှာလည်း ဗုံးကျဲပြီးတော့ သူတို့ စစ်ကူတွေ လာပို့ထားတာရှိတယ်ပေါ့နော်၊ (ပစ်တာ)တစ်ရက်လုံးလုံးပေါ့၊ မနားဘူးပေါ့။ နောက် မနက်အစောကြီးလည်း ထပြီး ဗုံးကြဲတာတွေ ရှိတယ်ပေါ့၊ ပစ်ခတ်မှုတွေ ရှိတာပေါ့နော်။

ထိုင်းနိုင်နယ်စပ်မှာရှိတဲ့ မယ်စဲမြို့နယ်က စစ်ကောင်စီရဲ့ အမှတ်(၁၀၀၄) နယ်ခြားစောင့်တပ်ရင်းက ဝန်ထမ်းတွေ လက်နက်ချပြီး CDM ဝင်သွားခဲ့တာ ဖြစ်ပါတယ်။ လတ်တလော မယ်စဲနယ်တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။

ကရင်နီလူ့အခွင့်အရေးအဖွဲ့တည်ထောင်သူ ကိုဗညားကတော့ ပန်တိန်းကျေးရွာအနီးအနားမှာ မနေ့ကအထိ တိုက်ပွဲဖြစ်နေကြောင်း အခုလို အတည်ပြု ပြောဆိုပါတယ်။​

တိုက်ပွဲကတော့ လောလောဆယ်ဖြစ်တာကတော့ ပန်တိန်းဘက်မှာ ဖြစ်တယ်။​ လေယာဉ်နဲ့ ကျနော်တို့ သိသလောက် မနေ့က တနေ့ဆိုရင် ၁၃ကြိမ် တိတိပေါ့နော်၊​ နယ်စပ်တောက်လျှောက်ကို ဗုံးကြဲလာတယ်လို့ အသံကြားတယ်။ နောက်ပြီးတော့မှ အခု ပန်တိန်းဘက်မှာလည်း လက်နက်ကြီးရော ဒီ လေယာဉ်နဲ့ရော ပေါ့နော်၊ ပစ်ခတ်တာတွေရှိတယ်လို့ ကျနော်ရဲ့ စေတနာဝန်ထမ်းတစ်ယောက်ကတော့ အတည်ပြုပေးလာတယ်။


စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူအထိအခိုက်နဲ့ နေအိမ်ပျက်စီးမှုတွေရှိပေမယ့် မြေပြင်အခြေအနေအရ အချက်အလက်တွေ မကောက်နိုင်သေးဘူးလို့ ကိုဗညားက ပြောပါတယ်။

ဒီအခြေအနေတွေကြောင့် စစ်ပြေးဒုက္ခသည်တွေလည်း တဖြေးဖြေးနဲ့ တိုးလာနေပြီး လက်ရှိမှာ လူဦးရေ ၄,၀၀၀ ထက်မနည်း ထိုင်းနယ်စပ်ဘက်ခြမ်းကို ခိုလှုံသွားကြတယ်လို့ ပြောပါတယ်။

လက်ရှိမှာ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေက စစ်ပြေးဒုက္ခသည်တွေ နေရာထိုင်ဖို့ရာ ယာယီအဆောက် အဦးတွေ လုပ်ပေးနေတယ်လို့ ကိုဗညားက ဆက်ပြောပါတယ်။

လောလောဆယ်တော့ အကူအညီကတော့ ထိုင်းဖက်ရောက်တဲ့သူကတော့ ဒီထိုင်းက သက်ဆိုင်ရာ အာဏာပိုင်တွေက နေရာထိုင်ခင်းတွေ ယာယီလုပ်ပေးတယ်။ တနေ့ကအထိကတော့ ၇၅ ရာခိုင်နှုန်းတော့ လူတွေအတွက်ပေါ့နော်။ ယာယီအဆောက်အဦးတွေမှာ နေရာချထားပြီးပြီ။ နောက်လိုအပ်တဲ့ အဆောက်အဦး ရွက်ဖျဥ်တွေ၊ တဲတွေ ထိုးထားပေးပြီးပြီလို့ ပြောတယ်။ ဒီရက်တော့ ပြီးလောက်မှာပါ။ ကျနော်အထင်တော့လေ အားလုံးအတွက်ပေါ့နော်။ အဓိကတော့ လောလောဆယ်ကတော့ သူတို့ ဆေးဝါးအနည်းအကျဉ်းတော့ လိုအပ်ချက်ရှိတယ်ပြောတယ်။ နောက်ပြီးတော့မှ ထမင်းဟင်း ချက်ပြုတ်ဖို့အတွက် အိုးခွက်၊ ပန်းကန်ပေါ့နော်။ လိုအပ်ချက်ရှိတယ်။ နောက် တစ်ရက်ကို အနည်းဆုံး ဆန်အိတ် ၂၀ လောက် အသုံးပြုရတယ်ပေါ့နော်။ လူများအတဲ့အတွက်ကြောင့်လေးနော်၊ အဲ့ကြောင့်မို့ စားနပ်ရိက္ခာကတော့ လိုအပ်ချက်ကတော့ ဆက်ရှိနေအုံးမှာပဲ။

မယ်စဲဒေသခံတွေဟာ တိုက်ပွဲကြောင့် ဘေးလွတ်ရာကို ချက်ချင်းဆိုသလို ပြေးလွှားကြရတာမို့ တချို့ကတော့ ဘာပစ္စည်းမှ ပါမလာကြပါဘူး။ ဒေသခံတွေဟာ ထိုင်းနယ်စပ်ဘက်ခြမ်းကို ခိုလှုံသွားကြတာရှိသလို မြန်မာဘက်ခြမ်းက နီးစပ်ရာ တောတောင်တွေမှာလည်း တိမ်းရှောင်နေသူတွေ ရှိနေပါတယ်။

သူတို့ပြေးလွှားတဲ့ချိန်မှာ ဒေသခံအများစုက အစားအသောက်တွေ အနည်းကျဉ်းသာ ပါလာတာမို့ ရက်ရှည်အတွက် ရိက္ခာ ပြတ်လပ်နိုင်တဲ့ အခြေအနေမှာရှိနိုင်တဲ့အကြောင်း ကူညီပေးနေသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG